သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အစီရင်ခံစာ မြန်မာ့အပြောင်းအလဲကို ချီးကျူး


ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေအကြား မြန်မာနိုင်ငံ၊ လစ်ဗျားနိုင်ငံနဲ့ တူနီးရှားနိုင်ငံ သုံးနိုင်ငံမှာ သတင်း မီဒီယာဖွံ့ဖြိုးတိုးတက်မှုနဲ့ လွတ်လပ်မှုတွေ အဓိက အောင်မြင် တိုးတက်မှုတွေ မြင်ခဲ့ရတယ်လို့ Freedom House လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ ဒီကနေ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာအဝှမ်း သတင်း လွတ်လပ်ခွင့် ကျဆင်းလာမှုအခြေအနေဟာ အခု ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ တန့်သွားခဲ့တယ်လို့ ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

နိုင်ငံအချို့မှာ တိုးတက်မှုတွေ မြင်ရပေမယ့် ကမ္ဘာ့နိုင်ငံအခြေအနေတွေ ခြုံငုံ သုံးသပ်ရင်တော့ သတင်း လွတ်လပ်ခွင့်တွေမှာ မှေးမှိန်နေတုန်းပဲလို့ အဲဒီ အစီရင်ခံစာ ဖော်ပြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Suzanne Presto က သတင်းပေးပို့ပါတယ်။ World Press Freedom နိုင်ငံတကာ သတင်းလွတ်လပ် ခွင့်နေ့မှာ ထုတ်ပြန်တဲ့ ဒီ အစီရင်ခံစာနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်အတွင်း သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်လာတာနဲ့ အတူ မြန်မာနိုင်ငံ အတွင်း သတင်းလွတ်လပ်ခွင့်ဟာ အရင်ကထက် တိုးတက်လာတာကို အခုနှစ် Freedom House အဖွဲ့ရဲ့ သတင်းလွတ်လပ်ခွင့်အစီရင်ခံစာမှာ တွေ့ရပါတယ်။ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး အခြေအနေ အမှတ် ၁၀၀ မှာ အရင် ၉၄ မှတ်ရနေရာကနေ အခု နှစ်အစီရင်ခံစာမှာ ၈၅ မှတ်အထိ လျှော့ကျပြီး အခြေအနေ တိုးတက်လာတာ အသိအမှတ်ပြုခံရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အကျဉ်းချနေရတဲ့ ဘလောဂါတွေ ပြန်လွတ်လာတာ၊ အစိုးရရဲ့ဆင်ဆာ တင်းကြပ်မှု လျှော့ပါးလာတာ၊ သတင်းထောက်တွေကို ခြိမ်းခြောက် တိုက်ခိုက်မှုတွေ နည်းလာတာ၊ နိုင်ငံ တွင်း ပုဂ္ဂလိက သတင်းမီဒီယာတွေ များလာတာနဲ့ ပြည်ပရောက် မြန်မာ သတင်းမီဒီယာတွေ ပြည်တွင်းကို သွားရောက်သတင်းယူခွင့်ရတဲ့ အခြေအနေတွေကို ဖော်ပြပြီး မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ ပိုတိုးလာတယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာနိုင်ငံပေါင်း ၁၉၇ ခုနှစ်ကို စောင့်ကြည့် အမှတ်ပေးထားရာမှာ မြန်မာနိုင်ငံဟာ ၁၈၇ နေရာမှာရှိနေပြီး သတင်း လွတ်လပ် ခွင့် မရှိဘူးဆိုတဲ့ နိုင်ငံစာရင်းထဲမှာ ပါနေဆဲပါ။ အာရှ ပစိဖိတ်ဒေသမှာဆိုရင်တော့ မြန်မာအောက်မှာ တရုတ်နဲ့ မြောက်ကိုရီးယားပဲ ရှိပါတယ်။

နိုင်ငံတကာမှာတော့ အာရပ်နွေဦးလှုပ်ရှားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့် တိုးလာတဲ့ နိုင်ငံတွေ ရှိသလို ဒီ တော်လှန်ရေးမျိုး ဖြစ်မှာစိုးပြီး ကန့်သတ်ချုပ်ခြယ်မှုတွေကြောင့် သတင်းလွတ်လပ်ခွင့်တွေ ပိုနည်း လာတဲ့ နိုင်ငံတွေလည်း ရှိတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ ဥပမာ- သတင်းလွတ် လပ်ခွင့် တိုးတက်လာမှု သိသိသာသာမြင်ရတဲ့ သုံးနိုင်ငံထဲ မြန်မာနဲ့အတူ ဖော်ပြခဲ့ရတ့ လစ်ဗျားနဲ့ တူနီးရှားတို့ ကတော့ အာရပ်နွေဦးအရှိန်ကြောင့် သတင်းလွတ်လပ်ခွင့် အားကောင်းလာတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

တရုတ်၊ ဇင်ဘာဘွေ၊ အီသီယိုပီယားစတဲ့ နိုင်ငံတွေမှာတော့ အာရပ်နွေဦးအရှိန်ကြောင့် အာဏာပိုင် တွေက စိုးရိမ်မှုနဲ့အတူ သတင်းလွတ်လပ်ခွင့်တွေ ပိုပြီး အမှောင်ချခံရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာပဲ ပြောပြော ဒီနှစ်ကို ခြုံ သုံးသပ်ကြည့်တော့ နိုင်ငံတကာမှာ သတင်းလွတ်လပ်ခွင့်တွေ ကျဆင်း လာတဲ့အရှိန်ဟာ အခု ၂၀၁၁ ခုနှစ်အတွင်း တစုံတရာတန့်သွားတယ်လို့ အစီရင်ခံစာ ထုတ်ပြန်တဲ့ Freedom House အဖွဲ့ကြီးရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ဆိုင်ရာလှုပ်ရှားမှု မန်နေဂျာ Courtney Radsch က ပြောပါတယ်။

“တကမ္ဘာလုံးမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ကျဆင်းလာနေတဲ့ အခြေအနေတခုလုံးမှာ အခုနှစ်တော့ ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ အခြေအနေ ပြောင်းလဲသွားပါတယ်။ အရှေ့ အလယ်ပိုင်းတွင်း အဖြစ်အပျက်တွေကြောင့် တိုးတက်မှု အတန်ငယ်တွေ့ရပါတယ်။ သတင်း လွတ်လပ်ခွင့် မရှိ သတ်မှတ်ခံထားရတဲ့ လစ်ဗျား၊ တူနီးရှား၊ အီဂျစ်နိုင်ငံတွေဟာ အခုတော့ သတင်း လွတ်လပ်ခွင့် တစိတ်တပိုင်းရှိတဲ့ နိုင်ငံတွေအဆင့်ကို ရောက်သွားပါတယ်။ ဒါဟာ အတော်လေး သိသာတဲ့ပြောင်းလဲမှုပါ။ ဖိနှိပ်တဲ့ နိုင်ငံရေးအုပ်ချုပ်မှုစနစ်ကနေ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံလို အခြေအနေမှာလည်း တိုးတက် ပြောင်းလဲမှုတွေ တွေ့ရပါတယ်။”

နှစ်စဉ်ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အစီရင်ခံစာနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ Radsch က ပြောသွားတာပါ။ နိုင်ငံပေါင်း ၁၉၇ နိုင်ငံကို လေ့လာသုံးသပ်ပြီး သတင်းလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံ၊ တစိတ်တပိုင်းပဲ လွတ်လပ်ခွင့်မရှိတဲ့နိုင်ငံ၊ လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံဆိုပြီး အုပ်စုသုံးစု ခွဲထားတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာထဲမှာတော့ မြန်မာ၊ လစ်ဗျား၊ တူနီးရှားနိုင်ငံတွေက နှစ်ပေါင်းများစွာ ဖိနှိပ်ခံ ထားရတဲ့ သတင်းမီဒီယာအေခြေအနေတွေဟာ သိသိသာသာ တိုးတက်လာတာကို မြင်ရတယ်လို့ ဆိုပါတယ်။

လစ်ဗျားနဲ့တူနီးရှားမှာတော့ အစီရင်ခံစာထုတ်တဲ့ ၃၂ နှစ်ကာလအတွင်း မကြုံစဖူးအောင် စံပြ တိုးတက်မှု ကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာလူဦးရည်နဲ့ယှဉ်ရင်တော့ တကမ္ဘာလုံးက သတင်းလွတ်လပ်ခွင့်အခြေအနေဟာ အားရစရာတော့ မရှိဘူးလို့ Radsch က ပြောပါတ်။

“ ကမ္ဘာလူဦးရည်ကို ကြည့်မယ်ဆိုရင်တော့ တွေ့ရှိချက်တွေက အတော်လေး ကြောက်စရာကောင်းနေပါ တယ်။ သတင်းလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံ၊ မိမိဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့် ရှိတဲ့နိုင်ငံ၊ သတင်း မီဒီယာဒတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးလောင်းရပ်အောက်က လွတ်ကင်းစွာ ရပ်တည်နိုင်တဲ့ နိုင်ငံတွေ မှာ နေတဲ့သူတွေကိုကြည့်ရင် ကမ္ဘာလူဦးရေရဲ့ ၁၄.၅ ရာခိုင်နှုန်းပဲ ရှှိပါတယ်။ ဒါဟာ အတော်လေးကို စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းပါတယ်။”

အစီရင်ခံစာမှာတော့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာရိကဒေသက နိုင်ငံတွေမှာ သတင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အထင်ရှားဆုံးအောင်မြင်မှုတွေ ရခဲ့ပေမယ့် ကျန်ကမ္ဘာ့နိုင်ငံတွေကတော့ ဆိုးဝါးနေဆဲလို့ သုံးသပ်ထားပါတယ်။ အာရှ ပစိဖိတ်ဒေသမှာတော့ မြန်မာအပြင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့်တိုးတက်လာပေမယ့် တရုတ်နိုင်ငံနဲ့ မြောက် ကိုရီယားနိုင်ငံ အခြေအနေကတော့ ဆိုးဝါးနေဆဲလို့ သုံးသပ်ပါတယ်။

တရုတ်မှာတော့ အင်တာနက်သုံးစွဲမှုတွေအပေါ် ဖိနှိပ်မှုတွေ တိုးလာတယ်လို့ ဆိုပါတယ်။ အခု အစီရင်ခံစာ ကိုတော့ တနိုင်ငံချင်းရဲ့ ဥပဒေစိုးမိုးမှု၊ မီဒီယာတွေအပေါ် နိုင်ငံရေးစွတ်ဖက်မှု၊ သတင်းထောက်တွေကို ခြိမ်းခြောက်မှုသတင်းတွေအပေါ် အခြေခံပြီး ပြုစုထားတာဖြစ်ပါတယ်။

XS
SM
MD
LG