သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ မြန်မာစစ်တပ် တရုတ်စေ့စပ်ပေး


KIA နဲ့ မြန်မာစစ်တပ် တရုတ်စေ့စပ်ပေး
KIA နဲ့ မြန်မာစစ်တပ် တရုတ်စေ့စပ်ပေး

မြန်မာအစိုးရက မကြာသေးခင်ကစလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ဆက်တိုက်ဆိုသလို လက်မှတ်ရေးထိုးနေပေမဲ့ အဓိကအဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ပြေလည်မှု မရနိုင်သေးဘဲ ဖြစ်နေရတဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအပေါ် ခြိမ်းခြောက်မှုတရပ် ဖြစ်နေရပါတယ်။ တရုတ်နိုင်ငံကတော့ သူ့ရဲ့နယ်စပ်ဒေသ တည်ငြိမ်မှုရစေရေး မြန်မာအာဏာပိုင်တွေနဲ့ လက်နက်ကိုင် အဖွဲ့တွေကြား တိုးတိုးတိတ်တိတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဖြစ်စေဖို့ ကြားဝင်စေ့စပ်ပေးနေတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။

အရင်းအမြစ် ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လကစလို့ ပဋိပက္ခတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးကြရတဲ့ ဒေသခံပေါင်း ၆၀,၀၀၀ ကျော်လောက်အထိ ရှိမယ်လို့လည်း အကူအညီပေးရေး အဖွဲ့အစည်းတွေက ခန့်မှန်းထားကြတာပါ။

ဒါပေမဲ့လည်း မြန်မာနဲ့ တရုတ် အာဏာပိုင်တွေဘက်က ဒုက္ခသည် ပြဿနာနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုတာမျိုး မရှိသလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေ သွားရောက်ဖို့ အကန့်အသတ် ရှိနေတာမို့ အခြေအနေ အတိအကျကိုတော့ မသိနိုင်ပါဘူး။ ထိုင်ဝမ်မှာရှိတဲ့ အမျိုးသား Chengchi တက္ကသိုလ် က သုတေသီ Raviprasad Narayanan ကတော့ အခြေအနေတွေဟာ တရုတ်နိုင်ငံအတွက် ဝင်မပါလို့ မဖြစ်တဲ့ အခြေအနေမျိုး ဖြစ်လာနေတာလို့ သုံးသပ်ပါတယ်။

“အခုကတော့ တရုတ်နယ်စပ်မှာ ဒုက္ခသည်ပြဿနာ ကြုံနေရတာပါ။ ဒီအကျပ်အတည်းကြောင့် ပြည်နယ်အဆင့်က ခေါင်းဆောင်တွေလောက် သာမကပါဘူး၊ ဘေဂျင်းက လူတွေအတွက်ပါ ကသိကအောက် ဖြစ်စရာ အများအပြား ဖန်တီးပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အငိုက်မိတဲ့ ဒီလိုအခြေအနေမျိုးမှာ ဘေးထွက်နေလို့ မဖြစ်ဘူးလို့ သူတို့ အနေနဲ့ ခံစားလာကြတာပါ။”

တကယ်တော့ လက်နက်ကိုင် တိုက်ပွဲတွေဟာ ငြိမ်းချမ်းရေးကိုသာ ခြိမ်းခြောက်နေတာ မဟုတ်ဘဲ ဒါ်လာသန်းပေါင်း ထောင်ချီ တန်ဘိုးရှိတဲ့ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုပါ ထိခိုက်နေရတာပါ။ တရုတ်နိုင်ငံကို အများစု တင်ပို့မယ့် ရေအား ကချင်ပြည်နယ်တွင်းက လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေမှာ တရုတ်နိုင်ငံက ပါဝင်ပတ်သက်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ တရုတ်နိုင်ငံက ကမကထလုပ်နေတာဟာ စီးပွားရေး အမြင်နဲ့ ဖြစ်တယ်လို့ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေး အကဲခတ်တဦးဖြစ်တဲ့ ဦးအောင်ကျော်ဇောကတော့ မြင်ပါတယ်။

“မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ အထူးသဖြင့် KIA ထိန်းချုပ်ထားတဲ့ ဒေသထဲမှာ တရုတ်အစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ ငွေကုန်ကြေးကျ ရင်းနှီးထားတဲ့ စီမံချက်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ လိုပါတယ်။”

စီးပွားရေးအရ အချက်အခြာကျတဲ့ ကိစ္စအဖြစ်နဲ့ တရုတ်-မြန်မာ ၂ နိုင်ငံကြား ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ဟာလည်း ဒီဒေသတွင်းမှာပဲ ရှိနေတာလို့ ဆန်းစစ်သူတွေက ထောက်ပြကြပါတယ်။ ဒီပိုက်လိုင်း ၂ ခုကနေ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းကနေ ပဋိပက္ခဖြစ်ပွားရာနေရာနဲ့ မနီးမဝေး ကချင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့အထိ ရေနံနဲ့ဓာတ်ငွေ့တွေကို တင်ပို့သွားမှာပါ။

ဒီလိုပဲ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ တွင်းထွက်တွေ၊ အဖိုးတန်ကျောက်မျက်တွေ၊ သစ်တွေကို နယ်စပ်ကတဆင့် တရားဝင်ရော၊ တရားမဝင်ရော ဝယ်ယူတာတွေ ရှိပါတယ်။ အပြန်အလှန်အနေနဲ့ကတော့ ဈေးပေါတဲ့ တရုတ်ကုန်တွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။ စစ်လက်နက်တွေကိုလည်း အစိုးရသာမက လက်နက်ကိုင် အဖွဲ့တွေကိုပါ ရောင်းချနေတာပါ။ ဒါပေမဲ့လည်း အခုအခါ မြန်မာနိုင်ငံ စီးပွားရေး လွတ်လပ်ပွင့်လင်းလာတာနဲ့အမျှ တရုတ်နိုင်ငံဟာ အစိုးရနဲ့ ဆက်ဆံရေးကို ပိုပြီး အာရုံစိုက်လာတယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်စီးပွားရေး တက္ကသိုလ်က သုတေသီ ဒေါက်တာဇာနည်က ပြောပါတယ်။

“သူ့အကျိုးစီးပွားနဲ့ ကိုက်တဲ့အခါ တရုတ်နိုင်ငံက ဒေသခံတိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေအပေါ် ဖိအားပေးလာပါလိမ့်မယ်၊ အထူးသဖြင့်ကတော့ ဝ တပ်ဖွဲ့နဲ့ ကခငျ်လည်း ပါပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘယ်လောက်အထိ အပြုသဘောဆောင်သလဲ၊ မြန်မာလူမျိုးတွေ အကျိုးစီးပွားအတွက် ဘယ်လောက်ပါမလဲ ဆိုတာတော့ ကျနော် မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုအခြေအနေမှာ တရုတ်နိုင်ငံဟာ နယ်စပ်မှာရှိတဲ့ ဒေသခံ တိုင်းရင်းသား အုပ်စုတွေထက်စာရင် နေပြည်တော်မှာ အကောင်ကြီးကြီးမိအောင် ဖမ်းနေလို့ပါ။”

လက်နက်ကိုင် တိုက်ပွဲတွေ အဆုံးသတ်ဖို့ ကိစ္စဟာ မြန်မာအစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ရာက မကြာသေးခင်ကစလို့ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ကြိုးပမ်းလာတဲ့ အနောက်အင်အားကြီး နိုင်ငံတွေရဲ့ အဓိက တောင်းဆိုချက် တခုလည်း ဖြစ်ပါတယ်။ အခုအထိ အစိုးရက အပစ်အခတ် ရပ်စဲရေး ရယူနိုင်ခဲ့တဲ့ အထဲမှာတော့ ဝ၊ ကရင်နီ၊ ရှမ်း၊ ချင်း စတဲ့ အဖွဲ့အစည်းတွေ ပါဝင်ကြသလို၊ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးအသား အစည်းအရုံး KNU နဲ့လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသွားဖို့ မကြာသေးခင်ကပဲ သဘောတူညီချက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG