သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ မြန်မာ့စီးပွားရေး ခန့်မှန်းချက်


အစိုးရသစ်နဲ့ လွှတ်တော်တရပ်ပေါ်လာပြီး စီးပွားရေး မူဝါဒတွေလည်း အပြောင်းအလဲ လုပ်လာပါတယ်။
အစိုးရသစ်နဲ့ လွှတ်တော်တရပ်ပေါ်လာပြီး စီးပွားရေး မူဝါဒတွေလည်း အပြောင်းအလဲ လုပ်လာပါတယ်။

ကုန်လွန်ခဲ့တဲ့ နှစ်အတွင်း စီးပွားရေး မူဝါဒ အပြောင်းအလဲတွေ ရှိခဲ့တာကြောင့် မျှော်လင့်ချက်တွေလည်း ကြီးထွားခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့ တနှစ်အတွင်း စီးပွားရေး အစီအမံတွေမှာလည်း အပြောင်းအလဲတွေ တွေ့မြင်ခဲ့ကြရပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး ဗဟိုကထိန်းချုပ်လာတာတွေ လျှော့ပေါ့လာတဲ့အတွက် နိမ့်ကျနေတဲ့ စီးပွားရေး တိုးတက်လာတော့မှာလား မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့တာပါ။ ကုန်လွန်ခဲ့တဲ့ နှစ်အတွင်း စီးပွားရေးအတွက် ဆောင်ရွက်ချက်တွေကို ပြန်ပြောင်း သုံးသပ်ရင်း ဒီနှစ်သစ်အတွက် မျှော်လင့်နိုင်မယ့် အလားအလာတွေနဲ့ စိမ်ခေါ်မှုတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ်အဖြစ် ပြီးခဲ့တဲ့နှစ်ဆန်းပိုင်း တက်လာချိန်ကစလို့ စီးပွားရေး လွတ်လပ်ခွင့် ရှိစေဖို့ ရည်ရွယ်တဲ့ မူဝါဒတွေ၊ ဥပဒေတွေကို ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ အစိုးရသစ် တက်လာပြီး မရှေးမနှောင်းမှာပဲ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ တခုကိုလည်း ဖွဲ့စည်းခဲ့တာပါ။ ဒီလိုပဲ တချိန်က စစ်ဗိုလ်ချုပ်တွေ ဦးဆောင် ထိန်းချုပ်ထားပြီး သြဇာကြီးမားလှတဲ့ ကုန်သွယ်ရေး မူဝါဒကောင်စီကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

အစိုးရသစ်ရဲ့ အကြီးအကဲအဖြစ် မတ်လကုန်က ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အစီအမံတွေကို စနစ်တကျ ဆောင်ရွက်သွားမယ့်အကြောင်း သမ္မတ ဦးသိန်းစိန် က ကတိပေးသွားတာပါ။
“ကျနော်တို့ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်တွေကို ဟန်ချက်ညီညီနဲ့ ထိန်းညှိ ဆောင်ရွက်ပေးမယ့် မူဝါဒတရပ်ကို ချမှတ်သွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများမှာ ပြည်သူများနဲ့ ပရဟိတ လူမှုအဖွဲ့အစည်းများ ပါဝင်လာအောင် စည်းရုံးဆောင်ရွက် သွားမှာဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဲ့သို့သော နည်းပညာတွေကို ကုန်ကျစားရိတ် သက်သက်သာသာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေများကိုလည်း ပြန်လည်သုံးသပ်ပြီး၊ လိုအပ်သလို၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ခြင်း တို့ကိုလည်း အလေးထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ဟာ ရရှိပြီးဖြစ်တဲ့ အခြေခံကောင်းများကို ထပ်မံထိန်းသိမ်းပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုများကို တည်ဆောက်နိုင်ဖို့၊ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို သဟဇာတ မျှတပြီး၊ စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့အစည်းအဖြစ် တည်ဆောက်နိုင်ဖို့၊ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို အာမခံနိုင်ဖို့ဆိုတဲ့ ပြည်တွင်းရေးရာ မူဝါဒများကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြု ပြောကြားအပ်ပါတယ် ခင်ဗျား။”

စက်တင်ဘာလထဲမှာတော့ သဘာ၀ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေ ထိခိုက်မှုတွေ ကြုံရတယ်ဆိုပြီး အများက ဝိုင်းဝန်း ဆန့်ကျင် ကန့်ကွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲက မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို သူ့အစိုးရ လက်ထက်မှာ ဆိုင်းငံ့ထားဖို့ သမ္မတက ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ ဒေါ်လာသန်းပေါင်း ထောင်ချီ တန်ဘိုးရှိတဲ့ စီမံကိန်းကို ရပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံဘက်က မကျေမနပ်ဖြစ်ခဲ့ပေမဲ့လည်း အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ပြည်တွင်းပြည်ပက ကြိုဆိုသံတွေလည်း ထွက်ပေါ်ခဲ့တာပါ။

ဒီလို သိသိသာသာ အပြောင်းအလဲတွေ တွေ့လာရတာကြောင့် မြန်မာနိုင်ငံသားတွေကြား မျှော်လင့်ချက်တွေလည်း ကြီးထွားလာကြပါတယ်။
“မြန်မာပြည်ရဲ့ အနာဂတ်မှာတော့ ဒီထက်မက တိုးတက်လာမှာကို မြင်ယောင်ပါတယ်။ အရင် မတိုးတက်ခဲ့တာက တပိုင်း၊ ကျန်တာတွေ အများကြီး တိုးတက်လာမှာပါ။ ဆက်ဆံရေးဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အားလုံး ပြေပြေလည်လည် ဖြစ်လာမှာပဲ။”

စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ကုန်သွယ်မှုတွေမှာ အတားအဆီး ဖြစ်နေရတဲ့ မူဝါဒတွေကို ပြင်ဆင်ရာမှာတော့ ပြည်ပပို့ကုန်တွေအပေါ် သတ်မှတ်ထားတဲ့ အခွန်တွေကို ဖယ်ရှားပေးလိုက်သလို၊ လက်ရှိ အခွန်စည်းကျပ် ကောက်ခံနေတဲ့ ကုန်စည်တွေထဲက ၈၀% လောက်အထိကိုလည်း ဒီနှစ်ထဲ နောက်ဆုံးထား ကင်းလွတ်ခွင့် ပေးသွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ စီးပွာရေး လုပ်ငန်းတွေနဲ့ ကုန်သွယ်မှုတွေမှာ အဓိက အဟန့်အတား ဖြစ်နေရတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းလို ငွေကြေးစနစ်ကို ပြင်ဆင်သွားဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံကနေ အကူအညီ တောင်းခံတာတွေလည်း ရှိခဲ့တာပါ။ မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ် တချို့ကို နိုင်ငံခြားငွေလဲကောင်တာတွေ စတင်ဖွင့်လှစ်ခွင့် ပြုခဲ့ပြီး အမေရိကန် ၁ ဒေါ်လာကို အရင်က တရားဝင် ၆ ကျပ်နှုန်း တဝိုက်နဲ့ သတ်မှတ်ထားတာကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်လည်း ပေးလိုက်ပါတယ်။

ဒီလို စီးပွားရေး ဖွံ့ဖြိုးလာစေဖို့ အစိုးရက ရည်မှန်းချက်တွေ ကြီးကြီးမားမား ရှိနေတယ် ဆိုပေမဲ့လည်း ဒါတွေဟာ သာမာန် လက်လုပ်လက်စား လူတန်းစားတွေကြားမှာတော့ လတ်တလော သိသိသာသာ အကျိုးဆက်တွေ ခံစားရပုံတော့ မတွေ့ရသေးပါဘူး။
“စီးပွားရေး အရှိန်ကတော့ လက်လုပ်လက်စားတွေကတော့ ဒီတိုင်းပဲပေါ့၊ ပါးတာပေါ့။ ကျနော်တို့ ဆိုက်ကားဆိုလည်း ပါးတာပဲ၊ တနေ့ ၃-၄ ထောင် ၄-၅ ထောင် ရဖို့ မနည်းရှာနေရတာ။
အရင်လည်း အခုလိုပဲ၊ အခုလည်း အရင်လိုပဲ ဘာမှ မထူးခြားဘူး”

အစိုးရကတော့ ဆင်းရဲမွဲတေမှု လျှောချဖို့၊ ဝင်ငွေနည်းပါးသူတွေပါ အလုပ်အကိုင်ရနိုင်မယ့် ခရီးသွားလုပ်ငန်း အပါအဝင် ဝန်ဆောင်မှု လုပ်ငန်းတွေ ချဲ့ထွင်နိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ဒီလိုပဲ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ့် လုပ်ငန်းတွေအတွက် ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့လည်း ကြိုးပမ်းနေတာပါ။ မြန်မာနိုင်ငံမှာ နည်းပညာ အဆင့်မြင့် စက်မှုဇုန်တွေ၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာဇုန်တွေ၊ ပြည်ပပို့ကုန် ထုတ်လုပ်မှုဇုန်တွေ၊ ဆိပ်ကမ်းတွေသာမက၊ သိပ္ပံနဲ့နည်းပညာ သုတေသနနဲ့ ဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှု လုပ်ငန်းအတွက် အထူးစီးပွားရေး ဇုန်နယ်မြေတွေ တည်ဆောက်ရေး ဥပဒေတရပ်နဲ့အတူ တနင်္သာရီတိုင်း ထားဝယ်၊ ရန်ကုန်တိုင်း သီလဝါ စတဲ့ အထူးစီးပွားရေး ဇုန်တွေအဖြစ် ထူထောင် လာတာတွေလည်း တွေ့လာရပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို အထူးအခွင့်အရေးအဖြစ် လုပ်ငန်းတွေ စတင်ချိန်ကစလို့ အခွန်ကင်းလွတ်ခွင့် ၃ နှစ် ပေးထားရာကနေ ပြီးခဲ့တဲ့နှစ်ထဲမှာ ၅ နှစ်အထိ တိုးမြှင့်သတ်မှတ် လိုက်ပါတယ်။ ဒီလိုပဲ ပြည်ပက လုပ်ငန်းရှင်တွေအတွက် အိမ်၊ မြေငှားရမ်းခွင့်ကို အရင်တုန်းက အစိုးရကသာ လုပ်ကိုင်ခွင့် ပေးထားတဲ့ ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်ပြီး ပုဂ္ဂလိက ကဏ္ဍကိုပါ ခွင့်ပြုလိုက်တာပါ။

အစိုးရကတော့ ရင်းနှီးမြုပ်နှံသူတွေ အထူးသဖြင့်၊ ပြည်ပလုပ်ငန်းရှင်တွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းတဲ့ နေရာမှာ ၁၉၈၈ ခုနှစ်ကစလို့ ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကို ပြန်လည်ပြင်ဆင်ပြီး လွှတ်တော်မှာ တင်သွင်းထားရာမှာ ဒီနှစ်ထဲ အတည်ပြု နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ထင်ရှားတဲ့ the Economist စီးပွားရေး မဂ္ဂဇင်းရဲ့ အကြီးတန်း အယ်ဒီတာ တဦးဖြစ်တဲ့ ဒန်နီ ရစ်ချက်စ် (Danny Richards) ကတော့ အပြောင်းအလဲတွေကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားနိုင်မယ်ဆိုရင်တော့ တိုးတက်မယ့် အလားအလာတွေ ရှိနေတယ်လို့ မြင်ပါတယ်။
“တိုင်းပြည် စီးပွားရေးနဲ့ အခြေခံအဆောက်အအုံတွေမှာ တိုးတက်တဲ့ အခင်းအကျင်းတွေ ရှိလာမယ် ဆိုရင်တော့၊ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေ ဝင်ရောက် လုပ်ကိုင်လာနိုင်တဲ့ အခွင့်အလန်းတွေလည်း ပေါ်လာမှာပါ။ အရည်အချင်း အပြည့်အ၀ မရှိပေမဲ့လည်း လုပ်ခသက်သာတဲ့ လုပ်သားအင်အားတွေ ရှိနေတာကို အားသာချက် တခုအဖြစ်နဲ့လည်း အသုံးချလာနိုင်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံလို လုပ်အားခ သက်သာတဲ့ ဒေသတွင်း တိုင်းပြည်တွေကို ထိုင်းနိုင်ငံလို လုပ်အားခ ဈေးကြီးတဲ့ နေရာတွေက ရွှေ့ပြောင်းလာတာမျိုးတွေ ရှေ့လာမယ့်နှစ်တွေမှာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။”

The Economist မဂ္ဂဇင်းရဲ့ EIU အဖွဲ့က မြန်မာနိုင်ငံ စီးပွားရေးအတွက် အကဲဖြတ် ထားရာမှာတော့ နိုင်ငံရေး အခြေအနေတွေဟာ စိုးရိမ်စရာ အကောင်းဆုံးအဖြစ် သတ်မှတ်ထားတာ ဖြစ်သလို၊ စီးပွားရေး တည်ဆောက်မှုပုံစံ၊ ငွေကြေး စတဲ့ ကဏ္ဍတွေမှာလည်း စိတ်မချရတဲ့ အဆင့်မှာပဲ ရှိနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ယေဘုယျ စီးပွားရေး တိုးတက်မှုတွေမှာတော့ တဖြည်းဖြည်း ကြီးထွားလာနိုင်တယ်လို့လည်း တွက်ဆထားတာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာဆိုရင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး ကာလမှာ ၃.၂% ရှိပြီး လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ရောက်တဲ့ အခါမှာတော့ ၄.၄% လောက်အထိ တိုးလာနိုင်တယ်လို့ EIU အဖွဲ့က ခန့်မှန်းထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG