သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ခေါင်းဆောင်တချို့ မလေးမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခံရ


မလေးရှားတွင် အတိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ခေါင်းဆောင်များ မြန်မာနိုင်ငံကို ပြန်ရောက်လာကြစဉ်။ (သတင်းမှတ်တမ်း- Rakhine Citizen Journalists FB)
မလေးရှားတွင် အတိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ခေါင်းဆောင်များ မြန်မာနိုင်ငံကို ပြန်ရောက်လာကြစဉ်။ (သတင်းမှတ်တမ်း- Rakhine Citizen Journalists FB)
မလေးရှားနိုင်ငံမှာရောက်နေတဲ့ လူမူအဖွဲ့အစည်းတွေရဲ့ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ကြတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်နဲ့ ရခိုင်လူမူကွန်ယက်က တာဝန်ရှိသူတွေဟာ ဖေဖေါ်ဝါရီလ ၅ ရက်နေ့က အမည်မသိ လူတချို့ရဲ့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတာခံခဲ့ရပါတယ်။ ဒီခရီးစဉ်ဟာ ပုဂ္ဂလိက ခရီးစဉ်ဖြစ်တဲ့ အတွက် မလေးရှားမှာရှိတဲ့ မြန်မာသံရုံးက အစောပိုင်းမှာ မသိခဲ့ပေမယ့် နောက်ပိုင်းမှာ မလေးရှားအစိုးရနဲ့ ပူးပေါင်းပြီး သူတို့လုံခြုံရေးကို တာဝန်ယူပေးခဲ့တယ်လို့ မြန်မာအစိုးရ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။

မလေးရှားနိုင်ငံမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ဖိတ်ကြားချက်အရ ရခိုင်ခေါင်းဆောင်တွေနဲ့ ရခိုင်လူမူကွန်ယက်က တာဝန်ရှိသူတွေဟာ မလေးရှားနိုင်ငံကို ဇန်နဝါရီလ၃၀ရက် ရက်နေ့ကရောက်ရှိခဲ့တာပါ။
မလေးရှားမှာ ရှိနေစဉ် အတွင်းမှာ ရခိုင်လူထုတွေက လုံခြုံရေး ယူပေးကြတာပါ။ ဖေဖေါ်ဝါရီလ ၅ရက်နေ့မှာတော့ မလေးရှားနိုင်ငံက ဂျလန်ပူတန် ဆိုတဲ့အရပ်က လောရပ်ပလာဇာအပြန် လမ်းပေါ်မှာ ပစ်ခတ်တာခံခဲ့ရတာလို့ ဒေါက်တာအေးမောင်ကဆိုပါတယ်။

"အဲ့ဒီ့က ဂျာလန်အလာဆိုတဲ့ နေရာမှာရှိတာပေါ့နော်။ အဲ့နေရာက နည်းနည်းမှောင်တဲ့နေရာရောက်တဲ့အခါကျတော့ Road ကို ဖြေးဖြေးလေး ကွေ့လိုက်တဲ့ အချိန်မှာ ပစ်တာခင်ဗျ။ နောက်က ဆိုင်ကယ်တစ်စီး ကျော်လာတယ်ပြောတယ်။ ကျနော့်မှန်ရှေ့ အထိ ကျော်တယ်ပြောတယ်။ ကျနော်တို့က စတစ်ကာကပ်တော့ မမြင်ရဘူးခင်ဗျ။ ဟိုဘက်က လူက သတိထားမိလို့ပြောတာ။ ဘယ်ကျောက ကျော်လာတဲ့ မော်တော် ဆိုင်ကယ်ဆိုတော့ သူ သတိပိုထားမိတာ။ ကျနော်က ဘယ်ဘက်ခြမ်းမှာ ရှိတယ်။ ကျနော့်နေရာက စတစ်ကာ ကပ်ထားတယ်။ ကျနော့်နေရာရောက် တဲ့အခါမှာ တဲ့ မောင်းတဲ့သူကတော့ ရှေ့ကျော်နေပြီ။ ကျနော်နဲ့ကပ်ရပ် တံခါးကို ကျနော့် အနားတင် ကပ်ပြီး ပစ်တယ်။ ပစ်တဲ့ အခါမှာ မှန်ကို ထိရင်တော့ သေတာပေါ့နော်။ မှန်ကို မထိပဲနဲ့ မှန်အောက်က တံခါးရဲ့ သံဘောင်ကို ထိတာပေါ့။ အဲ့ဒီ့မှာ အပေါက်ကြီးကြီး ဖြစ်နေတယ်ပေါ့နော်။

အဲ့သလိုပစ်ပြီးတဲ့အခါမှာ ကျနော်တို့ နောက်ကြားမှာ ပါလာတဲ့ ကိုမောင်ဘုက သေနတ်ပစ်တယ်ဆိုတာ တပ်လှန့်ပေးတာပေါ့။ သေနတ် ပစ်တယ်၊ သေနတ်ပစ်တယ်ဆိုတော့ ကားမောင်းတဲ့သူကိုဇော်အောင်က ရှေ့ကို တအားလေးနဲ့ မောင်းပြေးတာပေါ့ဗျာ။ မောင်းတဲ့အခါမှာ ကိုမောင်ပုတို့ ကိုလှမြင့်ကပြောတယ်။ အသံလေး ကြားတယ်တဲ့။ ထပ်ပစ်၊ ထပ်ပစ် ဆိုတဲ့ မြန်မာသံ မပီကလာလေးပေါ့။ မြန်မာ မဟုတ်ဘူး။ မြန်မာ စကားပြောတယ်ပေါ့ဗျာ။ ဘယ်လို အသံကွဲမှန်းတော့ ကျနော်မသိဘူး။

ကျနော်လည်း နားအူသွားတာပေါ့ဗျာ။ ဒီဖက်နားလေ။ အဲ့တော့ ထပ်ပစ်တယ်ခင်ဗျ။ ထပ်ပစ်တော့လည်း ကျနော့်နောက်က တံခါးနောက်ကလည်း ကျနော့်နောက်ကျောပဲ ကားရဲ့နောက်ဖုံး ရှိတယ်မဟုတ်လား။ နောက်ဖုံးက မှန်ကို မရောက်ခင်လေးမှာ ထိတယ်။ တော်တော်လေး အပေါက်ကြီး ကြီး ဖြစ်နေတယ်။ နောက်မှ ကျနော်တို့သိတာ။ မှန်ကို ထိရင်တော့ ကျနော်တို့ ခေါင်းပွင့်သွားနိုင်တာပေါ့။

မလေးရှားနိုင်ငံမှာ နိုင်ငံရေးနဲ့ လူမူရေးကိစ္စတွေကို တက်တက်ကြွကြွဆောင်ရွက်နေတဲ့ ၈၈ကျောင်းသားတဦးဖြစ်တဲ့ ကိုအောင်ကြီးဟာလည်း ရခိုင်လူမူအဖွဲအစည်းတွေ လုပ်တဲ့ဟောပြောပွဲကအပြန် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒေါက်တာအေးမောင်ပြောပြတာက-

" အထူးသဖြင့် ၄ရက်နေ့ ကျနော်တို့ရဲ့ အခမ်းအနားပြီးတဲ့နောက်မှာ ကျနော်တို့
အခမ်းအနားကို တက်ပြီး ပြန်သွားတဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်လို့ပြောပါတယ်။ ဦးအောင်ကြီး အလုပ်ကြံခံရပါတယ်။ သူတို့ ရဲက ပြောတာကတော့ စကူဒရိုင်ဗာလို ဟာမျိုးနဲ့ အချက်ပေါင်းများစွာ ရင်ဘတ်ကို ထိုးတယ်။ လည်ပင်းကို ထိုးတယ်။ သူဟာ ဒီစနေနေ့မှာ င်္သဂြိုလ်ပါလိမ့်မယ်။"

အခုလိုပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံမှာတော့ အမူဖွင့် တိုင်ကြားထားပြီး အထူးရဲသတင်းတပ်ဖွဲ့ကတော့ အမူမှန်ပေါ်ပေါက်စေဖို့ အတွက် လုပ်ဆောင်ပေးမယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

" မြန်မာနိုင်ငံက လွှတ်တော်အမတ်ကို ပထမဆုံးအကြိမ် လုပ်ကြံတာလို့ သူတို့က သုံးသပ်ပါတယ်။ သူတို့က သုံးသပ်တာ ကျည်ရာတွေကို ကြည့်တယ်။ ပြီးရင် ၉မမ ပစ္စတိုနဲ့ အနီးကပ်ပစ်တယ်ဆိုတဲ့ သဘော ကောက်ချက်ချတယ် လို့ ရဲကပြောပါတယ်။ အမှုမှန်ပေါ်အောင် နှစ်နိုင်ငံအစိုးရရဲ့ ကြီးကြပ်မှုနဲ့ အမြန်ဆုံး ဖော်ထုတ်နိုင်မယ်လို့ သုံးသပ်ပါတယ်။"

မလေးရှားနိုင်ငံမှာ လုပ်ကြံပစ်ခတ်မူခံရတဲ့ ရခိုင်ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အစိုးရဘက်က ဘာတွေများ လုပ်ဆောင်ပေးနေသလဲ ဆိုတာကိုလည်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်ကို လည်းမေးမြန်းကြည့်ခဲ့ပါတယ်။

" ပထမဆုံးကတော့ဗျာ သူတို့က ပုဂ္ဂလိက ခရီးစဉ်အနေနဲ့ လာတော့ သူတို့ရောက်နေတာကို သံရုံးက မသိဘူး။ မသိတော့ ၆ရက်နေ့ မနက် ၁နာရီခွဲကျမှ သူတို့အပစ်ခံရတဲ့အကြောင်း ပြောတော့ သံရုံးက ချက်ခြင်းပဲ မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ပြီးတော့ သူတို့အတွက် လုံခြုံရေး ဆောင်ရွက်ပေးတယ်။ ပြီးရင် သူတို့ မြန်မာနိုင်ငံကိုပြန်လာတဲ့ အခါမှာ လေယာဉ် ကွင်းအထိ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်တယ်။ သံရုံးနဲ့ စစ်သံမှူးရုံးက တာဝန်ရှိသူတွေက လိုက်ပါပြီးတော့ ပို့ဆောင်ပေးခဲ့တယ်။ အခုအခြေအနေမှာတော့ မလေးရှားရဲတပ်ဖွဲ့က အမှုနဲ့ ပတ်သက်လို့ ဖော်ထုတ်ဖို့ ဆောင်ရွက်နေတယ်။ ကျနော်တို့ဘက်က သူတို့ဘက်က သတင်းအချက်အလက်တောင်းရင် ပေးဖို့ အသင်ြ့ပင်ဆင်ထားတယ်။ လောလောဆယ်မှာတော့ ဒီလောက်ပဲ ရှိပါတယ်။"

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ တာကြောင့် နိုင်ငံတကာမှာ ရှိတဲ့ မူဆလင်တိုင်းပြည်တွေက ရခိုင်ပြည်နယ် အတွင်းက ပဋိပက္ခကို စိတ်ဝင်စား အာရုံစိုက်လာကြတာပါ။ မနှစ်ကလည်း မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမားတချို့ သတ်ဖြတ်ခံခဲ့ရဘူးပါတယ်။

အင်ဒိုနီးရှားနိုင်ငံက စစ်သွေးကြွတချို့လည်း မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ်ခံနေရတာနဲ့ ဆက်နွယ်ပြီး မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်တို့ ဦးဆောင်တဲ့ ရခိုင်ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံမှာ အခုလို လုပ်ကြံခံရတဲ့ကိစ္စက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်မှု ရှိမရှိဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
XS
SM
MD
LG