သုံးရလွယ်ကူစေသည့် Link များ

အနာဂတ်ကို သတ္တိရှိရှိရင်ဆိုင်ဖို့ ဒေါ်စုတိုက်တွန်း


(၂၁)ရာစု ပင်လုံညီလာခံ နောက်ဆုံးနေ့ ပိတ်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ- Myanmar State Councellor Facebook)

ငြိမ်းချမ်းတဲ့ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အနာဂတ်ကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒါအပြင် (၂၁) ရာစု ပင်လုံညီလာခံဟာ အစနိဒါန်းပဲဖြစ်ပေမဲ့ လုပ်ရကျိုးနပ်ကြောင်းနဲ့ မကြာခင်မှာ အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲတွေကို အဆင့်ဆင့် ဆက်လက်လုပ်ဆောင်သွားဖို့ရှိနေကြောင်း စနေနေ့က ကျင်းပတဲ့ ညီလာခံပိတ်ပွဲအခမ်းအနားမှာဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်ကျင်းပ တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၈)ဖွဲ့အပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းအသီးသီးတွေရဲ့ ကိုယ်စားလှယ်ပေါင်း (၇၂)ဦး ကနေ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုနဲ့ပတ်သက်တဲ့ သူတို့ရဲ့မူဝါဒစာတမ်းတွေကို ဖတ်ကြားတင်သွင်းခဲ့တာပါ။

ဒီတင်ပြ၊ ဆွေးနွေးချက်တွေကိုကြည့်ပြီး ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုသဘောထားရှိသ လဲဆိုတာပေါ်လွင်ခဲ့ကြောင်းနဲ့ အနာဂတ်ပြည်ထောင်စုကြီးအတွက် မတူကွဲလွဲချက်တွေကို သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းကြဖို့လိုကြောင်း ညီလာခံ ပိတ်ပွဲ အခမ်းအနား မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားသွားပါတယ်။

“အခု ဆိုရင် အစုအဖွဲ့အသီးသီး၊ ပုဂ္ဂိုလ်များအရ၊ အစုအဖွဲ့များအရ ပြသတဲ့နေရာမှာ ဘယ် သူတွေဟာ အတိတ်ကိုပိုပြီးတော့ လှည့်ကြည့်တဲ့နေရာမှာ အားသန်သလဲ၊ ဘယ်သူတွေဟာ အနာဂတ်ကို မျက်နှာမူတဲ့နေရာမှာ အားသန်လဲဆိုတာလည်း ပေါ်လာပါလိမ့် မယ်။ ဒါပေမယ့် ဒါတွေဟာလည်း ထာဝရမဟုတ်ပါဘူး။ အခုအချိန်မှာ အတိတ်ကို လှည့်ကြည့်နေတဲ့ ပုဂ္ဂိုလ်များဟာ နောင်တချိန်မှာ အနာဂတ်ကိုဘက်ကို လှည့်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့လည်း ကျမတို့မျှော်လင့်ပါတယ်။ အတိတ်ရဲ့ချည်နှောင်မှုကို ကျမတို့က ခံနေမှာလား။ အနာဂတ်ကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပြီးတော့ တည်ဆောက်သွားမှာလားဆိုတာ ကျမတို့တဦးချင်း တဦးချင်း ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အစုအဖွဲ့တခုအတွက်လည်း မဟုတ်ပါဘူး။ ပုဂ္ဂိုလ်တယောက်အတွက်လည်း မဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးစုတစုအတွက်လည်း မဟုတ်ပါဘူး။ ကျမတို့ ပြည်ထောင်စုကြီး အတွက် ဖြစ်တယ်ဆိုတာကို ကျမတို့ သဘောပေါက်ဖို့လိုပါတယ်။"

ဒါအပြင် အခုလို အဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေကို အစိုးရရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့တာဟာ ငြိမ်းချမ်းရေးညီလာခံမှာ လူထုကိုယ်တိုင် မဖြစ်မနေ ပါဝင်ရမယ်ဆိုတာ နားလည်စေချင်တဲ့ အတွက် ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

ဒီညီလာခံဟာ အစပထမဖြစ်ပေမဲ့ အနာဂတ် ပြည်ထောင်စုတည်ဆောက်ဖို့အ တွက် လုပ်ရကျိုးနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

“အခုဆိုရင် ကျမတို့ ဒီညီလာခံဟာ ညီလာခံရဲ့ နိဒါန်းပဲဖြစ်ပါတယ်။ ပထမအစည်းအဝေးပါ။ ပထမ အစည်းအဝေးပြီးရင် နောင်လည်း အစည်းအဝေးတွေ လာဦးမှာပါ။ အစည်းအဝေးတွေ ကြားထဲမှာပဲ လုပ်စရာတွေက အများကြီးရှိပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲများ လုပ်ဖို့ဆိုတာဟာ လက်ရှိ ဒီညီလာခံပြီးတာနဲ့ အစည်းအဝေးပြီးတာနဲ့ စတင်ပြီးတော့ ကျမတို့ ပြင်ဆင်ရတော့ မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျမတို့ရဲ့ CSO ဖိုရမ်တွေ ဖြစ်မြောက်ဖို့ အတွက်လည်း ကျမတို့ စတင်ပြီးတော့ ပြင်ဆင်ရ မှာဖြစ်ပါတယ်။ လုပ်စရာ အလုပ်တွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် လုပ်ရကျိုးနပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်တော့ ကျမတို့လုပ်နေတာဟာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ဆိုတာဟာ အင်မတန်မှ ကြာရှည်တဲ့ကာလကြီးပါ။ နိုင်ငံရဲ့အနာဂတ်မှာ ဒီနိုင်ငံရဲ့ အရိပ်ကို ခိုလှုံသွားရမယ့် ပြည်သူပြည်သားများဆိုတာ မရေမတွက်နိုင်အောင်လို့ ရှိလာပါလိမ့်မယ်။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိကအရေးပါတဲ့ တိုင်းရင်းသား လက်နက် ကိုင် မဟာမိတ် အဖွဲ့ကြီးဖြစ်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ် ဒရယ်ကောင်စီ UNFC ကတော့ ပြည်နယ်အလိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ထားရှိဖို့ ကိုယ်စားလှယ် ခူဦးရယ်က အခုလို ညီလာခံမှာ တင်ပြခဲ့ပါတယ်။

“ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များသည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြေခံမူများနှင့် မဆန့်ကျင်စေပဲ လွတ်လပ်စွာ ပြဌာန်းကျင့် သုံးခွင့်ရှိ သည်။ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များနှင့် ယင်းပြည်နယ် ရှိ ပြည်သူလူထုများသည် အချုပ်အချာ အာဏာ၏ မူရင်းပိုင်ရှင်များဖြစ်ကြသည်။”

ဒါအပြင် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုမှာရှိမယ့် ပြည်ထောင်စုတပ်မတော်ကို ကာကွယ်ရေးဝန်ကြီးအရပ်သားလက်အောက်မှာထားရှိဖို့ UNFC ရဲ့နောက်ထပ် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီးဆင်ဝါး က အခုလိုတင်ပြသွားပါတယ်။

“လက်နက်ကိုင်အဖွဲ့အားလုံးသည် အရပ်သားအုပ်ချုပ်မှုအောက်တွေ ထားရှိရ မည်။ ပြည်ထောင်စုတပ်မတော်ကို ကာကွယ်ရေးဝန်ကြီးအောက်တွင် ထားရှိ၍ ကာကွယ်ရေးဝန်ကြီးသည် အရပ်သားဖြစ်ရမည်။ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် တို့နှင့် ကြည်း၊ ရေ၊ လေ ဦးစီးချုပ်တို့သည်လည်း လူမျိုး တမျိုးစီဖြစ်ရမည်။”

ပထမအကြိမ် (၂၁)ရာစုပင်လုံညီလာခံကို သြဂုတ်လ (၃၁)ရက်နေ့ကနေ စက်တင်ဘာလ (၃)ရက်နေ့ထိ နေပြည်တော်မှာ လေးရက်တာ ကျင်းပခဲ့ တာပါ။ နောက်ခြောက်လအကြာမှာ ဒုတိယအကြိမ် (၂၁)ရာစု ပင်လုံညီလာခံကို ကျင်းပဖို့ရှိပြီး တိုင်းရင်းသားခေါင်းဆောင် အများစု ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ နှစ်နဲ့ချီကြာမြင့်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

XS
SM
MD
LG