သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့မှု ရုပ်သိမ်းဖို့ အမေရိကန် ကိုယ်စားလှယ်ကို တင်ပြမည်


ပိတ်ဆို့မှု ရုပ်သိမ်းဖို့ အမေရိကန် ကိုယ်စားလှယ်ကို တင်ပြမည်
ပိတ်ဆို့မှု ရုပ်သိမ်းဖို့ အမေရိကန် ကိုယ်စားလှယ်ကို တင်ပြမည်

အနောက်နိုင်ငံတွေက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေကို ပြန်လည်သုံးသပ်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) နဲ့ တွေ့တဲ့အခါ ဆွေးနွေးသွားမယ်လို့ သမ္မတရဲ့ အကြံပေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ညှိနှိုင်းရေးမှူး တဦးလည်းဖြစ်တဲ့ ဒဲရက်ခ် မစ်ချဲလ်ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့သာမက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံသွားမှာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို ပထမဆုံး ခရီးစဉ်အဖြစ် ဒီကနေ့ ထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အစိုးရ အပါအဝင် မြန်မာ့အရေးမှာ ပါဝင်သူ တော်တော်များများနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူးအပြင် အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ရောက်ရောက်ချင်း နေပြည်တော်ကို ပထမဆုံး သွားမှာဖြစ်ပြီး အစိုးရအဖွဲ့နဲ့ အရင်ဆုံး တွေ့ဆုံမှာ ဖြစ်ပါတယ်။

မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ဟာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူးတဦး ဖြစ်တဲ့အတွက် လက်ရှိ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့အတွက် ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သမ္မတ အကြံပေးအဖွဲ့က ဦးနေဇင်လတ်က ပြောပါတယ်။ အထူးသဖြင့် ဒီပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်ဆိုတဲ့အတွက် အခု မြန်မာနိုင်ငံမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး တိုးတက်မှုတွေရအောင် လုပ်ဆောင်ဖို့ စီစဉ်ထားပြီဆိုတဲ့ အချက်အလက်တွေကို တင်ပြသွားမယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။

“Sanction ဆိုတဲ့ ကိစ္စရပ်က အလုပ်ဖြစ်လား၊ မဖြစ်ဘူးလားဆိုတာ ဒါလည်း Proof ပေါ့။ ထိတွေ့ဆက်ဆံမှုကနေ အပေါင်းလက္ခဏာတွေ ဘယ်လောက် ဖြစ်လာမလဲ။ ဒီအပိုင်းလေးကိုတော့ ကျနော်တို့ ပိုပြီး ပြောသွားမှာပါ။ လူ့အခွင့်အရေးဆိုင်ရာ အဓိကတော့ သူတို့ ပြောကြ ဆိုကြမှာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဒီဘက်က နေပြီးတော့ Prepare လုပ်ထားတာလေးတွေ၊ ဖြစ်ပေါ်တိုးတက်မှုလေးတွေ၊ ဒါလေးတွေ ကျနော် ပြန်ရှင်းပြပေးမှာပါ။

“ဒီကော်မရှင်အဖွဲ့က သီးခြား လွတ်လွတ်လပ်လပ် တည်ရှိတဲ့အဖွဲ့ ဖြစ်တယ်ဆိုတဲ့၊ သူ့မှာ Authority အပြည့်ရှိတယ်ဆိုတဲ့ ကိစ္စရပ်တွေပေါ့။ သူတို့ဘက်က သေသေချာချာ လေ့လာပြီးတော့မှ တကယ်ဖြစ်ပေါ် တိုးတက်မှု တွေ့ခဲ့တယ် ဆိုရင်တော့ တွေ့တဲ့အကြောင်းလေးတော့ သူတို့ ထုတ်ဖော်စေချင်တယ်ပေါ့။ အပေါင်းလက္ခဏာဆောင်တယ် ဆိုခဲ့လို့ရှိရင်လည်း သူတို့ဘက်ကနေပြီးတော့ အပေါင်းလက္ခဏာကို တကယ် ဆောင်စေချင်တယ်ပေါ့။”

သမ္မတ အကြံပေးအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးနေဇင်လတ် ပြောပြခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်မှာ အစိုးရအဖွဲ့နဲ့ တွေ့ပြီးရင် ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့ မနက်ပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဆိုတာတွေ တွေ့နေရပေမဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းသွားနိုင်လောက်တဲ့ အဆင့်မျိုး အထိတော့ မဟုတ်သေးဘူးလို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က အစကတည်းက ပြောထားတယ်၊ သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒကို ကျနော်တို့ မဝေဖန်ဘူး။ ဒီနိုင်ငံခြားရေး မူဝါဒကိုလည်း ကျနော်တို့ ကြိုဆိုတယ်လို့ ပြောထားဖူးတယ်။ ဒုတိယတချက်က ဒီ Sanction ရုပ်သိမ်းဖို့ ကိစ္စက Sanction ချတဲ့ နိုင်ငံတွေက သူတို့ချခဲ့တဲ့ Sanction ရဲ့ အခြေခံ အကြောင်းအရာတွေ အပြောင်းအလဲဖြစ်ရင် သူတို့ လက်နှေးမှာ မဟုတ်ပါဘူး။ အပြောင်းအလဲဖြစ်ဖို့ မျှော်လင့်ချက်တွေ ရှိနေတယ်၊ လမ်းစတွေ မြင်နေတယ်။ အပြောင်းအလဲ ဖြစ်လို့ရှိရင် Sanction ကိစ္စဟာ သူ့အလိုအလျောက် ပပျောက်သွားမယ်လို့ပဲ ကျနော် ယူဆပါတယ်။”

NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၂ ရက်နေ့မှာပဲ ရန်ကုန်က အမေရိကန်စင်တာမှာ စက်တင်ဘာ ၁၁ ရက် အမေရိကန် ပြည်ထောင်စု အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာ ၁၀ နှစ်မြောက် အခမ်းအနားတခု ကျင်းပမှာဖြစ်ပြီး ဒီပွဲကိုလည်း မြန်မာ့ နိုင်ငံရေးပါတီ တော်တော်များများကိုလည်း ဖိတ်ထားပါတယ်။ ဒီအခမ်းအနားအပြီး နိုင်ငံရေးပါတီ တချို့နဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်တို့ တွေ့ဆုံဖို့ ရှိပါတယ်။

အခု အစိုးရသစ်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ အထဲမှာ သိသာတဲ့ အကောင်အထည် ဖော်တာမျိုး မတွေ့ရသေးပေမဲ့ ကောင်းတဲ့ဘက်ကို ဦးတည်နေတာမို့ အမေရိကန်ရဲ့ မူဝါဒတွေ လျှော့ချဖို့ ဆွေးနွေးသွားမယ်လို့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို သွားတွေ့မယ့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်ကတော့ ချို့ယွင်းချက်တွေ၊ ပြင်စရာတွေ အများကြီး ရှိတဲ့အခါကျတော့ အစိုးရလည်း မူအားဖြင့်တော့ အခြေအနေလေးတွေ ပြောင်းလာတာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့တိုင်းပြည် အတွက်ကို အမေရိကန်လို တိုင်းပြည်ကြီးက အမြင်မှန် မြင်ပြီးတော့ နားလည်မှုရအောင် ကူပေးပါဆိုတဲ့ သဘောမျိုးတော့ ကျနော်တို့ ပြောရမှာပေါ့။ ကျနော်တို့နိုင်ငံနဲ့ နားလည်မှု ယူပေးပါပေါ့နော်။ နားလည်မှု ယူပေးပြီးနောက် ကျနော်တို့ကို အပြစ်ဒဏ် ခတ်ထားတာကို လျှော့ပေးပါ၊ ရုပ်သိမ်းပေးပါလို့လည်း ကျနော်တို့က အမြဲတော့ တိုက်တွန်းနေတာပဲ။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပါအဝင် တခြား နိုင်ငံရေးပါတီ ၁၀ ပါတီ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေများ အဖွဲ့က နိုင်ငံရေးပါတီ တချို့ကလည်း အဲဒီနေ့မှာပဲ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဦးသုဝေက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ဟာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ အမေရိကန်နိုင်ငံက ထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၄ ရက်နေ့ထိ နေပြီး မြန်မာ့အရေးတွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို သိသာထင်ရှားအောင် အကောင်အထည် မဖော်တာတွေကြောင့်ရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ပါ ဆယ်စုနှစ် ၂ စုကြာ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားပေမဲ့ အခုနောက်ပိုင်းတော့ ထိတွေ့ဆက်ဆံရေး မူနဲ့ရော အပြစ်ပေး အရေးယူတယ်ဆိုတဲ့ မူဝါဒ ၂ ရပ် ပြောင်းလဲ ဆက်ဆံခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) မြန်မာပြည်ကို ပြီးခဲ့တဲ့ ဇွန်လထဲ သွားခဲ့သလို သူ့အရင် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း (Joseph Yun) လည်း မြန်မာပြည်ကို သွားခဲ့ပြီး မြန်မာပြည်ထဲက အခြေအနေတွေကို လေ့လာခဲ့ကြပါတယ်။

XS
SM
MD
LG