သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဥပဒေတချို့ ပြင်ဆင်ဖို့ ကော်မရှင် သဘောတူ


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး (ဝဲ) (၂၀၁၀၊ အောက်တိုဘာ ၁ ရက်)
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး (ဝဲ) (၂၀၁၀၊ အောက်တိုဘာ ၁ ရက်)

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ ရွေးကောက်ပွဲကျင်းပရေး နည်းဥပဒေအချို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားတဲ့အတိုင်း ပြင်ဆင်ပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သဘောတူလိုက်ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကတော့ ပြီးခဲ့တဲ့လက အတည်ပြုထုတ်ဝေလိုက်ပြီးဖြစ်လို့ နောက်ပိုင်း ညွှန်ကြားချက်တွေမှာ ကြည့်ပြီး ပြင်ဆင်ပေးမယ် ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြောဆိုခဲ့တာပါ။ အခြေအနေအရပ်ရပ်ကို မသိင်္ဂီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲဆွယ်စည်းရုံးရေး စည်းကမ်းတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပြဌာန်းချက်တွေထဲက ၁၀ ချက်ကို အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ နိုင်ငံရေး ပါတီတို့ ကန့်ကွက်နေတဲ့ ကြားကဘဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လမ်းညွှန်ချက်တွေနဲ့ ရွေးကောက်ပွဲ ကျင်းပရေး ဆိုင်ရာ နည်းဥပဒေတွေကို အတည်ပြုခဲ့ပြီးပါပြီ။ အတည်ပြုခဲ့ပြီး နောက်မှာမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ တွေ့ဆုံဆွေးနွေးပြီး ပါတီက တောင်းဆိုထားတဲ့ အချက် ၁၀ ထဲက ၈ ချက်ကို ပြင်ဆင်ပေးမယ်လို့ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

“မဲဆွယ်စည်းရုံးရေးကာလကို ရက် ၃၀ ပဲ သတ်မှတ်တာ ကျနော်တို့က ရက် ၆၀ ဖြစ်စေချင်တယ်။ ဟိုတုန်းကလိုပဲ။ နောက်တခုက ကြိုတင်မဲတွေ သတ်မှတ်တဲ့ ကိစ္စ၊ ကော်မရှင်က သတ်မှတ်တဲ့ “ပယ်မဲ” ဆိုတာ မဖြစ်သင့်ဘူးပေါ့နော်။ ပယ်မဲဆိုတာက အမျိုးအစားက ခွဲပြီးပြီ။ ဘာတွေ၊ ဘာတွေ ပယ်မဲ ဖြစ်ရမယ်၊ အဲဒီကြားထဲကမှ ကော်မရှင်က သတ်မှတ်တဲ့ ပယ်မဲဆိုတော့ တမျိုးကြီး ဖြစ်နေတယ်ပေါ့။

“နောက်တခုက မဲရုံထဲ ဝင်ခွင့်ရှိသူပေါ့။ မဲရုံထဲကို ဘယ်သူတွေ ဝင်ခွင့်ရှိတယ် ဆိုတာကို ပြဌာန်းပြီးသား။ ဒါပေမယ့် ကော်မရှင်က ခွင့်ပြုသူဆိုတာ မဖြစ်သင့်ဘူး။ ခွင့်ပြုတဲ့သူတွေကလည်း…သတ်မှတ်ထားတဲ့ သူတွေကလည်း ကော်မရှင်က သတ်မှတ်ထားတာပဲ။ အခုလည်း တခါ ကော်မရှင်က ခွင့်ပြုသူဆိုတော့ တမျိုးကြီး ဖြစ်နေတာပေါ့။ ကျနော်တို့က အကြံပြုတာပေါ့။ အဲဒါကြောင့် သူတို့ကလည်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ပြောတာလို့ ပြောတယ်။ အဲဒီတော့ ကျနော်တို့က ကော်မရှင်က သတ်မှတ်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့၊ ဝင်ခွင့်ရတဲ့အဖွဲ့ အဲလို တိတိကျကျ ပြောပါပေါ့။ အဲဒါမျိုးတွေပေါ့ဗျာ။ ကျနော်တို့နဲ့ ညှိနှိုင်းတာတော့ အဲဒါပေါ့။

“နောက်တခုက ကျနော်တို့ မဲရုံကိုယ်စားလှယ်နဲ့ အကူ ကိုယ်စားလှယ် တယောက်ပဲ ဝင်ရမယ်ဆိုတဲ့ မှတ်ချက်ပေါ့။ ဟိုတုန်းက နှစ်ယောက်ဝင်ရတယ်၊ နှစ်ယောက် ဝင်တာတောင်မှ ဒေါင့်မစေ့ဘူးပေါ့နော်။ အခု တစ်ယောက်ပဲဝင်ရတယ်ဆိုလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို အထောက်အကူ မဖြစ်နိုင်ဘူးဆိုပြီး ပေါ့။ သူတို့လည်း လက်ခံပါတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ပေးပါမယ်လို့ ကတိပေးလိုက်တဲ့ အချက်တွေကိုတော့ ရွေးကောက်ပွဲ ကျင်းပခါနီးချိန်မှာ သင့်လျော်သလို ပြင်ဆင်ပေးမယ် လို့ ပြောခဲ့တာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ဝင်တွေ ပါတီတွေကနေ ကင်းရှင်းရေးဆိုတဲ့ အပေါ်မှာတော့ အခြေခံ ဥပဒေပါ ပြဌာန်းချက်နဲ့ မညီဘူးဆိုပြီး ပယ်ချခဲ့တယ်လို့ လွှတ်တော်အမတ် ဦးဝင်းမြင့်က ဆိုပါတယ်။

“တချို့အချက်တွေကျတော့ နည်းဥပဒေမှာ ပြင်မယ်ပေါ့နော်၊ တချို့ အချက်တွေကျတော့ ညွှန်ကြားချက်မှာပေါ့၊ တချို့ အချက်တွေကျတော့ လုပ်ငန်းလမ်းညွှန်မှာပေါ့။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဒီအကြံပြုချက်တွေကို ထည့်လို့ရတဲ့နေရာမှာ ထည့်ပေးမယ် ဆိုတဲ့အကြောင်း ပြောပါတယ်။

မရတာကတော့ နှစ်ချက်လောက်ရှိတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ ငါးနှစ်လောက် ကင်းရှင်းရမယ်ဆိုတဲ့ဟာမျိုးပေါ့။ ဒါကတော့ သူတို့က ဘာပြောလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပါတီဝင်မဖြစ်ရ-ပဲ ပြောထားတဲ့အခါကျတော့ ဒီဟာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး နည်းဥပဒေပြဌာန်းခွင့် မရှိလို့ပါ ဆိုတဲ့ ဟာမျိုးပေါ့။

“နောက်တချက်ကတော့ ကြိုတင်မဲတွေပေါ့။ ကျနော်တို့က မြို့နယ်မှာ ညနေ ၄ နာရီလက်ခံမယ်ဆိုတဲ့ဟာ -၂၀၁၀ တုန်းက ဒါတွေက တော်တော် ပြဿနာတက်ခဲ့တော့ ရွေးကောက်ပွဲနေ့မှာ ညနေ ၄ နာရီလက်မခံဘဲနဲ့ မနက် ၆ နာရီအထိ လက်ခံဖို့ရော အဆင်မပြေနိုင်ဘူးလားပေါ့နော်- အကြံပြုတာပေါ့။ သူတို့ပြောတာကတော့ ရွေးကောက်ပွဲဥပဒေမှာကိုက ညနေ ၄ နာရီအထိ လက်ခံရမယ်ဆိုတာ ပြဌာန်းထားလို့ ဥပဒေကို ကျော်လွန်ပြီး နည်းဥပဒေ ပြဌာန်းလို့ မရဘူးဆိုပြီးတော့ ဒီနှစ်ချက်ကိုတော့ လုပ်တဲ့ရွေးကောက်ပွဲတွေရဲ့ အခြေအနေကြည့်ပြီး နောက်မှပဲ လိုအပ်သလို ဖြစ်မယ်ပေါ့နော်။”

အတည်ပြု ပြဌာန်းပြီးဖြစ်တဲ့ ရွေးကောက်ပွဲ စုဝေးခြင်း၊ မဲဆွယ်ခြင်းဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ ပြန်လည် ပြင်ဆင်ရေးအတွက် လာမယ့် သြဂုတ်လ ၆ ရက်နေ့မှာလည်း တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၂ ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ ထပ်ပြီး ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG