သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားရေးရာဝန်ကြီးများ လုပ်ပိုင်ခွင့် အခြေခံဥပဒေခုံရုံး ကြားနာမည်


နေပြည်တော် လွှတ်တော်အစည်းအဝေးခမ်းမမှာ ဒုတိယအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် (စက်တင်ဘာ ၂၁၊ ၂၀၁၁)
နေပြည်တော် လွှတ်တော်အစည်းအဝေးခမ်းမမှာ ဒုတိယအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် (စက်တင်ဘာ ၂၁၊ ၂၀၁၁)

တိုင်းရင်းသားဒေသတွေမှာရှိတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်ဟာနိုင်ငံရဲ့ အခြေခံဥပဒေ ပြဌာန်းချက်တွေနဲ့ လွဲနေတာမို့ ပြင်ဆင်ပြဌာန်းပေးဖို့အတွက် တင်ပြထားတဲ့ကိစ္စကို တနင်္လာနေ့ကျရင် နေပြည်တော်က အခြေခံဥပဒေခုံရုံးမှာ ကြားနာမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးရဲ့လက်မှတ်နဲ့ တင်ပြထားတဲ့ ဒီအမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် လူသိရှင်ကြား ခုံရုံးတင် ပြင်ဆင်ဖို့ ကြိုးပမ်းချက် လည်း ဖြစ်ပါတယ်။ ဒီအခြေအနေအသေးစိတ်ကိုတော့ မသင်းသီရိက အစီရင်ခံထားပါတယ်။

တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့တွေထဲက တိုင်းရင်းသားရေးရာဝန်ကြီးတွေအဖြစ် ခန့်အပ် ထားတဲ့ ဝန်ကြီးတွေဟာ ဘာ့ကြောင့်မို့လို့ ပြည်နယ်နဲ့တိုင်းဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကွာခြားနေသလဲ ဆိုတဲ့အပေါ် အမျိူးသားလွတ်တော်ကိုယ်စားလှယ် ၂၃ ဦးက အခြေခံဥပဒေ ခုံရုံးကိုတင်ပြထားတာပါ။ ဒါဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တိုင်းရင်းသားရေးရာနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ပြင်ဆင်ပြောင်းလဲဖို့ ကြိုးပမ်းချက် ဖြစ်တယ်လို့ ရခိုင်အမျိုးသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ် အမျိုးသားလွှတ်တော် အမတ်တဦးလည်းဖြစ်တဲ့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ကျနော်တို့ ဒါ ပထမဆုံးအကြိမ် လူသိရှင်ကြားပေါ့ နော်၊ လွှတ်တော်သိ လွှတ်တော်ကြား၊ ကျနော်တို့ ပထမဆုံး ခုံရုံးကိုတင်တဲ့ မေးခွန်းလေးပါ။ ကျနော် တို့ကို ပြန်ဖြေပေးပါ၊ သူတို့ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဥပဒေမှာလည်း ပါပါတယ်၊ နည်းဥပဒေမှာလည်း ပါပါတယ်။ အဲဒီ Procedure အတိုင်း ကျနော်တို့ တိုင်းရင်းသားတွေ အကုန်လုံးက တင်တာပါ။ ကျနော်တို့ တိုင်းရင်းသားအကုန်လုံးပါတဲ့ လွှတ်တော်အမတ် တွေ အမျိုးသားလွှတ်တော်က စတင်တဲ့ အမှုတွေလို့ ပြောရမှာပေါ့ဗျာ။”

အခုလိုမျိုး ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြဌာန်းချက်နဲ့ပတ်သက်ပြီး ရှင်းလင်းပေးဖို့ တင်ပြထားတာကို နိုဝင်ဘာ ၂၈ ရက် တနင်္လာနေ့ကျရင် နေပြည်တော်က အခြေခံဥပဒေခုံရုံးမှာ ကြားနာမှာ ဖြစ်ပါတယ်။ အခုလို တိုင်းဒေသပြည်နယ် ဝန်ကြီးများအတွင်း ကွဲလွဲချက်ရှိနေတဲ့ ပြဌာန်းချက်ကိုပဲ ဒေါက်တာအေးမောင်က တိုင်းဒေသပြည်နယ်ဝန်ကြီးတွေရဲ့ အဆောင်အယောင်ပိုင်းများ ဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်ထဲမှာ ပြင်ဆင်တင်ပြထားပါတယ်။ အဲဒီနောက် လွှတ်တော်အတွင်းမှာ အဓိပ္ပါယ်ဖွင့်ပြီးတော့ ပြင်ဆင်လို့မရနိုင်တဲ့ ကျန်နေသေးတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ အတွက် အခုလိုမျိုး အခြေခံဥပဒေခုံရုံးကို တင်ပြထားကြတာလည်း ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၂၆၂ (ဆ) (၂) ပေါ့ဗျာ၊ အဲဒါကို မိမိဖာသာမိမိ ဘာသာ ပြန်ပေးလို့မရဘူး၊ ဒီဥစ္စာနဲ့ပတ်သက်လို့ ဘာသာပြန်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက လွဲပြီးရင် ဘယ်သူမှ ပြန်လို့မရဘူးပေါ့။ ဆိုတော့ ကျနော်တို့နားလည်တာက အဲဒီ ပုဒ်မတွေအရ တိုင်းရင်းသားရေးရာ ဝန်ကြီးအဆင့်နဲ့ တိုင်းဒေသ၊ ပြည်နယ် ဝန်ကြီးအဆင့်ဟာ တူတယ်၊ ကက်ဘိနက် (Cabinet) မှာ ပါသင့်တယ်ဆိုတဲ့ အစ်ရှုး (Issue) နဲ့ တင်ပါတယ်။

“အဲဒါကြောင့်မို့လို့ အဆောင်အယောင်၊ တိုင်းဒေသပြည်နယ် ဝန်ကြီးတပါးရဲ့ အဆောင်အယောင်အတိုင်းပဲ တိုင်းဒေသမှာရှိတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ပေးသင့် တယ်ဆိုတဲ့ အစ်ရှုးနဲ့ တော်တော်များများ ကျေကျေလည်လည်ဖြစ်အောင် ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ ဥပဒေပြန်ပြီး ရေးပါတယ်၊ အဆောင်အယောင်များဆိုင်ရာ ဥပဒေပေါ့ နော်၊ အခုဆိုရင် အဲဒီလို ပြင်ဆင်တဲ့ ဥပဒေပေါ့ နော်၊ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့နဲ့ ပတ်သက် လို့ အဆောင်အယောင်များဆိုင်ရာဥပဒေကို ပြန်ပြင်တဲ့ဟာကို တင်ပြီးပါပြီ။

“အဲလို တင်ပြီးတဲ့အခါမှာ လုပ်ပိုင်ခွင့်နဲ့တာဝန်ဟာ ကျန်ခဲ့လို့မရဘူးဆိုတဲ့အသိနဲ့ ကျနော်ဟာ သူ့ရဲ့ အခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့ ဥစ္စာရယ်၊ ခုံရုံးရဲ့ ဥပဒေ နည်းဥပဒေတွေကို ပြန်သုံးသပ်ပြီး ခါမှ ကျနော်တို့ဟာ အမျိုးသားလွှတ်တော်ရဲ့ ၁၀% ပေါ့ နော်၊ ကျနော် အပါအဝင်က ဒီသဘော တွေနဲ့ ပတ်သက်လို့ပေါ့ နော်၊ (ပုဒ်မ) ၂၆၂ နဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ဟာ ဒီလိုရှိပါတယ်၊ ကျနော်တို့ ၂၃ ဦး လက်မှတ်ထိုးပြီးခါမှ ကျနော်တို့ရဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကတဆင့် သူ့ရဲ့ ဥပဒေ နည်းဥပဒေနဲ့အညီ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ထားပါတယ်။”

ဒါဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ဖို့လိုတဲ့ အချက်တွေကို ပြင်ဆင်နိုင်ဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးစားနေတဲ့အချက်ကို လူထုကို အသိပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံခုံရုံးက ပြည့်ပြည့်စုံစုံ ဘာသာပြန်ပေးနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီရဲ့အဖြေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ မနက်ဖြန် (နိုဝင်ဘာ ၂၈၊ တနင်္လာ) ပြီးတဲ့ နောက်တနေ့မှာပေါ့ ဗျာ၊ ကျနော်တို့ကတော့ အပြည့်အစုံလေးကို ရှင်းပြသွားဖို့ တင်ပြသွားဖို့ ရှိပါတယ်။ ဗမာပြည် အနှံ့မှာရှိတဲ့ ပြည်တွင်းပြည်ပက ဥပဒေပညာရှင်တွေက ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒါ ရှိပါတယ်၊ ဒီလို ခုံရုံးက ဆုံးဖြတ်ပါတယ်၊ ရှေ့နေချုပ်ရုံးက ဒီလိုပဲ ဆွေးနွေးပါတယ်၊ ကျနော်တို့ က ဒီလို ပြန်ပြီး တင်ပြပါတယ် ဆိုတာလေးကို အားလုံးသိအောင်၊ Transparency ဖြစ်အောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ဘယ်လိုဘယ်လိုတွေ ကျနော်တို့က ဆွေးနွေးနေကြပါ တယ်၊ စပြီးခါမှ ကျနော်တို့က တင်ပြနေပါပြီ ဆိုတာလေးကို လူထုသိအောင်၊ လူထုကလည်း ဆုံးဖြတ်နိုင်အောင် ကျနော်တို့က ချပြသွားဖို့ရှိပါတယ်။”

တိုင်း သို့မဟုတ် ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားရေးရာကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသား ရေးရာဝန်ကြီးတွေအဖြစ် ခန့်အပ်ထားတာဖြစ်ပြီး နိုင်ငံတဝန်း တိုင်းရင်းသား ရေးရာဝန်ကြီး ၂၉ ဦးရှိပါတယ်။

XS
SM
MD
LG