သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်း ဆွေးနွေးညှိုနှိုင်းကြဆဲ


စက်တင်ဘာလမှာ ထုတ်ပြန်နိုင်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေဟာ မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထု အများစုကို အကျိုးပြုနိုင်မယ့် ဥပဒေတရပ် ဖြစ်လာမှာလားဆိုတာ သုံးသပ်နေကြပါတယ်။
စက်တင်ဘာလမှာ ထုတ်ပြန်နိုင်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေဟာ မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထု အများစုကို အကျိုးပြုနိုင်မယ့် ဥပဒေတရပ် ဖြစ်လာမှာလားဆိုတာ သုံးသပ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ မကြာခင် ပြဌာန်းဖို့ရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာ ဥပဒေ တရပ် ပြင်ဆင် ရေးဆွဲနေတာမှာ အရင်ကနဲ့မတူတဲ့ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေး အကြံပြုမှုတွေနဲ့ သတင်းမီဒီယာတွေမှာ ထုတ်ပြန် ပြောဆိုတာတွေ ရှိခဲ့တဲ့အတွက် သင့်လျော်တဲ့ ဥပဒေ တရပ် ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပါတယ်။ လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ဥပဒေ တရပ်ဖြစ်ဖို့မှာ ဘယ်လို အချက်တွေကို အဓိက ထည့်သွင်းသင့်ပါသလဲ။ ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဒီ စက်တင်ဘာလ ထဲမှာ ထွက်ပေါ်လာဖို့ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေဟာ မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထု အများစုကို အကျိုးပြုနိုင်မယ့် ဥပဒေတရပ် ဖြစ်လာမှာပါလား။

ဒီဥပဒေမူကြမ်း ရေးဆွဲနေတဲ့နေရာမှာ တတ်ကျွမ်း နားလည်သူတွေ ဘယ်လောက်ထိ ထဲထဲဝင်ဝင် ပါဝင်နိုင်ခဲ့ပြီး ပွင့်လင်းမြင်သာမှု ဘယ်လောက်ထိ ရှိနိုင်မလဲ ဆိုတဲ့ အပေါ်မှာတော့ စီးပွားရေး ပညာရှင် ဦးဇော်ဦးက အခုလို သုံးသပ်ပါတယ်။

“အခုဒီကိစ္စမှာ ကျနော်တို့လည်း တော်တော်ကြီးကို ထဲထဲဝင်ဝင် ဆွေးနွေးခွင့် ရတာပေါ့နော်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာနိုင်တဲ့ အနေအထား ဖြစ်တာပေါ့။ အချို့သော ဥပဒေဆိုင်ရာ အချက်အလက်တွေ နောက်ဆုံး အခုပြောင်းလဲနေတဲ့ အခြေအနေတွေပေါ်မှာ တော်တော်လေးကို ကျနော်တို့က ဒေါင့်ပေါင်းစုံကနေပြီးတော့ ကြည့်ပြီးတော့ ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်တော့မှပဲ အရေးကြီးတဲ့ ဥပဒေမျိုးဟာ ပိုပြီးတော့ ကောင်းတဲ့ ဥပဒေတွေ ဖြစ်လာနိုင်တာပေါ့လေ။

ဒီလိုဥပဒေမျိုးကျတော့ ဒါ မြန်ဖို့ထက် ပိုပြီး ကောင်းဖို့လိုတယ်ဆိုတဲ့ အခြေအနေ ရောက်လာတဲ့ အခါကျတော့လည်း အခုဆိုရင် လွှတ်တော်ထဲမှာလည်း ဒါနဲ့ပတ်သက်ပြီး အတော်ကြီးကို ဆွေးနွေးနေကြတယ်။ မီဒီယာပေါ်ကလည်း ဒါကို တော်တော် ဆွေးနွေးနေကြတယ်။ အဲ့ ကျနော်တို့ကလည်း တက်နိုင်တဲ့ဘက်က ဝိုင်းဝန်းအကြံပြု ဆွေးနွေးနေတယ်ဆိုတော့ ဒါ တော်တော်ကို ကောင်းမွန်တဲ့ ရလာဒ်တခုပေါ့နော်။ ဒီဥပဒေတခုကို အကြောင်းပြုပြီးတော့ လူအများပါဝင်ဆွေးနွေးခွင့်ရတဲ့ ဥပဒေပြုတဲ့ Process တခုဖြစ်လာတာတော့ ကျနော် အင်မတန်မှ အားရကျေနပ်မိပါတယ်။”

အခုလို အားရစရာကောင်းတဲ့ ဥပဒေကောင်းတခု ဖြစ်လာနိုင်တယ်လို့ ဆိုပေမဲ့လည်း တချို့အပိုင်းတွေမှာ အခုထက်ပိုပြီး ကောင်းအောင် လုပ်နိုင်ပေမဲ့ အားနည်းချက်တချို့ ရှိနေတယ်လို့လည်း ဦးဇော်ဦးက ထောက်ပြပါတယ်။ ဘယ်လို အားနည်းချက်မျိုးပါလဲ။

“ Technology Transfer ပိုင်း။ ကျနော်တို့ ဒီနည်းပညာ ကို ကျနော်တို့အပေါ် ပိုပြီးတော့ ကျနော်တို့ရဲ့ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မူကို မြှင့်လာအောင် ကူညီပေးတဲ့ အစီအစဉ်မျိုး၊ ကူညီပေးတဲ့အပိုင်းတွေကို ဘယ်လိုမက်လုံးပေးပြီး ကူမှာလဲဆိုတဲ့ အနေအထားမှာ ကျနော်တို့မှာ တိတိကျကျပြဌာန်းထားခြင်း မရှိပါဘူး။

အဲ့တော့ ကျနော်တို့က ဘယ်လိုပြောထားလဲဆိုတော့ ကန့်သတ်ချက်တွေနဲ့ပဲ ဥပဒေနဲ့ကိုင်ထားတယ်ဆိုတဲ့ သဘောပေါ့နော်။ အခုခေတ်က ဈေးကွက်စီးပွားရေးမှာ ဥပဒေနဲ့ ကိုင်တယ်ဆိုတဲ့ အချက်က ဥပဒေရဲ့ အကောင်အထည်ဖော်မူအပိုင်းက အားကောင်းရင်တော့ အရေးမကြီးပေမယ့်လည်း ဥပဒေရဲ့ လိုက်နာနိုင်တဲ့ အချက်တွေက အားနည်းနေပြန်တယ် ဆိုလည်း ဥပဒေကို ချိုးဖောက်တဲ့ပုံစံတွေ ဖြစ်သွားနိုင်တဲ့ အနေအထားတွေလည်း ရှိပါတယ်။

အဲ့ဒီ့တော့ ဥပဒေက ကန့်သက်ထားတယ်၊ ကာကွယ်ထားတယ်၊ ချုပ်ကိုင်ထားတယ် ဆိုတာထက် ဥပဒေက ဘယ်ဟာကို အကူအညီပေးနိုင်တယ်။ ဘယ်ကိစ္စတော့ဖြင့် ပိုပြီးတော့ တွန်းအားပေးနိုင်တယ်။ ကူညီပေးနိုင်တယ်။ ပံ့ပိုးပေးနိုင်တယ်။ Facilitation အနေအထားမျိုး ဖြစ်အောင် စဉ်းစားပြီးတော့ ဆွဲမယ်ဆိုရင် အခုခေတ် အခု အခါနဲ့ယှဉ်ရင် ပိုပြီးတော့ အံကိုက်ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

စီးပွားရေး ပညာရှင် ဦးဇော်ဦး ဖြစ်ပါတယ်။ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတရပ် ရေးဆွဲနေတဲ့နေရာမှာ ကမ္ဘာ့ဘဏ် နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့လို နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ဒီဥပဒေမူကြမ်း ရေးဆွဲရာမှာ အကြံဉာဏ် ပေးခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ဦးဇော်ဦးက ပြောပါတယ်။


အခုလို နိုင်ငံတကာက အကြံပေးမှုတွေနဲ့၊ စီးပွားရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ တတ်သိပညာရှင်တွေပါ ပါဝင် ဆွေးနွေးပြီးတော့ ရေးဆွဲနေတဲ့ ဥပဒေတရပ်ဖြစ်လို့ နိုင်ငံသားအများစုအတွက် အကျိုးရှိနိုင်တယ်လို့ သုံးသပ် ပြောဆိုနေကြတဲ့ ဒီ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတရပ်ကိုတော့ မကြာခင် ရက်ပိုင်းတွေအတွင်းမှာ တရားဝင် ပြဌာန်းနိုင်ဖွယ် ရှိပါတယ်။

ပထမအဆင့် ပါလီမန် လွှတ်တော်မှာ ဆွေးနွေး အတည်ပြုရမှာဖြစ်ပြီး အဲဒီနောက် သမ္မတက လက်မှတ်ထိုး အတည်ပြုရင်တော့ ဒီဥပဒေ တရားဝင် ဖြစ်လာမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG