သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ပွဲများ ဒေသခံတွေအပေါ် ရိုက်ခတ်မှု


ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်းမြင်ကွင်း။ (ဗွီအိုအေ)
ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်းမြင်ကွင်း။ (ဗွီအိုအေ)

မြန်မာနိုင်ငံ၊ ရခိုင်မြောက်ပိုင်းမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ဒီလအစောပိုင်းကတည်း က ပြန်ပြီးစလာတဲ့ စစ်ပွဲတွေကြောင့် အထိခိုက်ဆုံးက ဒေသခံတွေဖြစ်ပါတယ်။ တိုက်ပွဲက ကျည်တွေကြောင့် ဒေသခံတွေ နေ့ညမဆိုင်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပြီး သူတို့နေအိမ်ကို ဘယ်တော့ ပြန်နိုင်မလဲ ဆိုတာလည်း မသိနိုင်သေးပါဘူး။ ရွာသားတွေ ကိုယ်တွေ့ပြောပြထားတာတွေကို မအေးသန္တာကျော် တင်ပြထားပါတယ်။

လူမျိူရေးပဋိပက္ခတွေ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာမူဆလင် သိန်းပေါင်းများစွာ ထွက်ပြေးသွားခဲ့တဲ့ ရခိုင် ပြည်နယ်မြောက်ပိုင်းမှာ ဒီဇန်နဝါရီလ အစပိုင်းကတည်းက မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ အကြား တိုက်ပွဲတွေဖြစ်နေလို့ အဲဒီဒေသမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၆၀၀၀ လောက် ရှိသွားပါပြီ။ ဇန်နဝါရီ လ ၄ ရက်၊ လွတ်လပ်ရေးနေ့တုန်းက ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်း ၄ ခုကို AA လက်နက်ကိုင် အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာက ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး သွားရပြီး နောက်ပိုင်း ၂ ဘက်ကြား တိုက်ပွဲတွေ ပိုတိုး ဖြစ်လာနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မှာတောင် ချင်းပြည်နယ်ပလက်ဝမြို့မှာတိုက်ပွဲဖြစ်ပြီး ကျေးရွာ တွေနား လက်နက်ကြီး ကျည်တွေကျခဲ့တာကြောင့် ရွာသားတွေထွက်ပြေးခဲ့ရသေးတာပါ။

ဘူးသီးတောင်မြို့နယ်မှာ သရက်ပြင်ကျေးရွာအုပ်စုက မြိုတိုင်းရင်းသားကျေးရွာ တရွာဖြစ် တဲ့ အလယ်ချောင်း ကျေးရွာမှာ ၁၃ ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီး ရွာသူရွာသား ရာနဲ့ချီပြီး ထွက်ပြေးနေ ရပါတယ်။ အဲဒီက ရွာသားတဦးဖြစ်တဲ့ ကိုဇော်ဝင်းက AFP သတင်းဌာနကို အခုလိုပြောပါတယ်။

“ရှင်းရှင်းပြောရရင် ကျနော်ကတော့ အိပ်ရာကတောင် မထနိုင်သေးဘူးပေါ့။ ၈ နာရီထိုး…. အစောကြီးပဲ ရှိပါသေးတယ်။ အဲဒီအချိန်မှာ ကျနော်တို့က ဒီသေနတ်သံကြားတာနဲ့ ချက်ခြင်းထပြေးတာပေါ့။ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ပဲ ထွက်ပြေးရတယ်။ ကိုယ်အမြဲတန်းကိုင်ထားတဲ့ ဖုံးတောင်မှ မယူလာနိုင်ဘူး။”

မနှစ်က နှစ်ကုန်ပိုင်းကတည်းက ဖြစ်ပွားတဲ့ ဒီစစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက် လတ်တလောအကူအညီတွေပိုလိုအပ်နေချိန်မှာပဲ ရခိုင်ပြည် နယ်တွင်း ကယ်ဆယ်ကူညီရေး လုပ်ဆောင်နေ မှုတွေကို လုံခြုံရေးစိုးရိမ်မှုနဲ့ ရခိုင်ပြည်နယ် အစိုးရက တားမြစ်လိုက်တာပါ။ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP တို့ကိုတော့ ဆက်လက်လုပ်ကိုင်ခွင့်ပေးထားပြီး တခြားကူညီထောက်ပံ့မှု တွေကို တားဆီးထားတာဖြစ်ပါတယ်။ ဒီလိုတားမြစ်မှုဟာ ဒေသခံ ၅ သောင်းလောက်မကအပေါ် ရိုက်ခတ်မှု ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး UNOCHA က ကြေငြာချက် ထုတ်ပြန်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့လည်း သူတို့ရဲ့ မရေရာတဲ့အနာဂတ်အတွက် စိုးရိမ်နေကြပါတယ်။ အလယ်ချောင်း ကျေးရွာသူ မူလတန်းပြဆရာမလေး မနိုးဇင်ထွန်းကတော့ သူ့ရဲ့ရွာကို ဘယ်တော့မှ ပြန်နိုင်မလဲမသိသေးဘူးလို့ ပြောပါတယ်။

“ရွာကိုပြန်ဖို့ကတော့ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ရွာသစ်ချပေးဖို့လို့ပြောတယ်။ စိတ်ထဲ မှာတော့ အမြဲတန်း ကြောက်စိတ်ပဲရှိတယ်။ ရွာကိုပြန်ချင်တာပဲ။”

အခုလို အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အကြား စစ်ရေးပဋိပက္ခဖြစ်ပွါးနေချိန်မှာပဲ ရခိုင်ဒေသခံတွေ AA နဲ့ဆက်သွယ်လို့ဆိုပြီး စစ်ဆေးမေးမြန်းခံရတာ၊ ဖမ်းဆီးတရား စွဲဆိုခံရတာတွေလည်း ရှိနေတာပါ။ ဒေသခံတွေနဲ့ ပေါင်းပြီး AA အဖွဲ့အနေနဲ့ ကျေးရွာတွေ အတွင်း စိမ့်ဝင်လှုပ်ရှားမှုတွေလုပ်လို့မရအောင် နယ်မြေလုံခြုံရေးကို ကြပ်မတ် ဆောင်ရွတ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။AA အဖွဲ့အတွက် ဆက်ကြေး ကောက်ခံ ပေးတာ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်သတင်း ပေးပို့တာတွေတွေ့ရင် တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်ပြီး စိစစ် ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီလ (၁၆) ရက်နေ့ကပဲ စစ်တပ်က ကြေညာသွားပါတယ်။ဒီလို ဖမ်းဆီးမှုတွေနဲ့ သံသယဝင်ခံရတဲ့ အခြေအနေတွေအပြင် လုံံခြုံရေးအတွက် တာဝန်မကျေပွန်မှာစိုးရိမ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ ရာထူးက နုတ်ထွက်ချင်တယ်လို့ ပြောနေကြတာတွေလည်း ရှိပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကတော့ ဒီစစ်ရေးပဋိပက္ခဟာ ဒေသခံတွေအတွက် ယုံကြည်မှုအပိုင်းကိုပါ ပျက်ပြားစေတယ်လို့ အခုလို ပြောပါတယ်။

“အခုလို ရဲကင်းတွေကိုဝင်တိုက်နေတဲ့ AA ဟာ အကြမ်းဖက်သမားဖြစ်တယ်။ ရခိုင်တွေ ကိုပါ အကြမ်းဖက်သမား ဖြစ်တယ်ဆိုတော့- ကျမတို့ကလည်း လက်သည်း ဆိတ်ရင် လက်ထိပ်နာတဲ့အဆင့်ကို အသည်းမှာ နာသွားတယ်။”

အခုလက်ရှိအနေအထားမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်နေခဲ့ပြီး တိုက်ပွဲတွေအပြင် ဖိနှိပ် ညှဉ်းပန်းမှုတွေ ဖြစ်ပေါ်နေတဲ့ သတင်းတွေ ထွက်ပေါ်နေ တာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ပိုပြီး တိုးလာနေတဲ့အပြင် ဒီအကူအညီ အပ်နေတဲ့ ဒေသတွေအတွက်က စာနာမှုအကူအညီတွေ ပို့ပေးနိုင်ရေး ကန့်သတ်ထား တာတွေကို ဖြေလျော့ မပေးဘူးဆိုရင်တော့ စစ်ဘေးသင့်ပြည်သူတွေ အထိနာမှာ ဖြစ်တဲ့ အကြောင်း လူသားချင်စာနာမှုဆိုင်ရာ လုပ်ဆောင်နေကြသူတွေ စစ်ရေးအကဲခတ်တွေက ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG