သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA အပေါ် ထိုးစစ်မဆင်ဖို့ သမ္မတညွှန်ကြား


KIA အပေါ် ထိုးစစ်မဆင်ဖို့ သမ္မတညွှန်ကြား
KIA အပေါ် ထိုးစစ်မဆင်ဖို့ သမ္မတညွှန်ကြား

အစိုးရတပ်တွေအနေနဲ့ လက်နက်ကိုင် ကချင်အဖွဲ့တွေကို ထိုးစစ်မဆင်ဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြား ထားတယ်ဆိုပေမဲ့ တိုက်ပွဲတွေကတော့ ဒီနေ့အထိ ရှိနေတုန်းပဲလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြောပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေကြရတဲ့ ဒုက္ခသည်တွေအတွက် ကချင်ပြည်နယ် ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကူညီထောက်ပံ့မှုတွေကို ပေးနေပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ထာဝရငြိမ်းချမ်းရေး အတွက်လို့ဆိုပြီး သမ္မတဦးသိန်းစိန်က ကိုယ်စားလှယ်လွှတ် ဆွေးနွေးတဲ့အထဲမှာပါတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA တပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေမလုပ်ဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားပါတယ်။

ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်သလို အမျိုးသားလွှတ်တော်ရဲ့ တိုင်းရင်းသား ရေးရာနဲ့ ငြိမ်းချမ်းရေး ကော်မတီဝင် ဦးခက်ထိန်နန်က ဒီကိစ္စနဲ့ပတ်သက်လို့ သူသိထားတာကို ပြောပြတာက -

“ကျနော် သိသလောက်ပေါ့နော် ဒီဇင်ဘာ ၁၀ ရက်နေ့က သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို ပို့တယ်လို့ ကြားသိရပါတယ်။ အဲဒါ ကျနော်တို့ဘက်က စပြီးမပစ်ဖို့ရယ်၊ ထိုးစစ်မဆင်ဖို့ရယ်ပေါ့နော်။ အဲဒီလို ကြားသိရပါတယ်။”

ခုလို သမ္မတဘက်က ကာကွယ်ရေးဦးစီချုပ် ကြည်းကို လွန်ခဲ့တဲ့ ၂ ရက် ဒီဇင်ဘာလ ၁၀ ရက်ကတည်းက ညွှန်ကြားထားတယ်လို့ဆိုပေမဲ့ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဟာ ဒီနေ့အထိကို ရှိနေတုန်းပဲလို့ KIO အဖွဲ့ ပြောခွင့်ရသူ ဦးလာနန်က ခုလို ပြောပါတယ်။

“ကျနော်တို့ တရားဝင်တော့ ဘာမှမသိပါဘူးခင်ဗျ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့။ ဒါပေမဲ့ ရှေ့တန်းမှာတော့ တိုက်ပွဲတွေဖြစ်နေတုန်းပါပဲ။ ဒါ သူတို့ရဲ့ အတွင်းမှာပဲ ညွှန်ကြားတာဖြစ်ပါလိမ့်မယ်။ သူတို့ အဲဒီလို ပြောဆိုကြတယ်ဆိုပေမဲ့ သူတို့တပ်ဖွဲ့တွေက ပို့နေတုန်းပါပဲ။ အခု စကခ (၁၀) က အစတုန်းကတော့ တပ်ရင်း ၈ ရင်းပို့တယ်။ အခုကတော့ နောက်ထပ် အားလုံးပို့ဖို့ သူတို့က စီစဉ်နေကြတာပဲ။”

KIO အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၅ ဖွဲ့နဲ့ ပထမအဆင့် အပစ်အခတ် ရပ်စဲရေးရဖို့အတွက် သမ္မတက ကိုယ်စားလှယ်လွှတ် ဆွေးနွေးနေတာ ဖြစ်ပါတယ်။ KIO နဲ့ နောက်ဆုံးပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီဘက်မှာ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ထပ် ဘယ်တော့ ဆွေးနွေးမလဲ ဆိုတာကို မသိရသေးသလို အစိုးရတပ်တွေဘက်က နယ်ကျော်ဝင်ရောက်နေတဲ့ ကိစ္စတွေကို ဆွေးနွေး ရလိမ့်ဦးမယ်လို့ KIO ဘက်က ပြောပါတယ်။ သမ္မတကိုယ်စားလှယ်အဖွဲ့နဲ့ KIO တို့ကြား ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ဦးခက်ထိန်နန်ကတော့ -

“နောက်ဆုံးတွေ့တဲ့အချိန်တုန်းကတော့ ကျနော်တို့ ပြန်တွေ့ဆုံပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံသွားဖို့ဆိုတာကို နှစ်ဘက်က သဘောတူခဲ့ပါတယ်။ တိုးတက်လာမယ်လို့ ကျနော့်အနေနဲ့တော့ ယုံကြည်ပါတယ်။”

လောလောဆယ် အပစ်အခတ်ရပ်စဲရေး သဘောတူမှု မရခင် အစိုးရတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေ သောင်းနဲ့ချီ ရှိနေပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ၊ စေတနာရှင်တွေ စုပေါင်းပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ကစပြီး အလှူလုပ်နေကြတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောပြပါတယ်။

“ကျနော်တို့ မနက် ၈ နာရီကနေ ၁၂ နာရီအထိ ကျနော်တို့ လူထုရော၊ အားလုံး ပေါင်းစုံပေါ့။ လူ ၆၀၀ ကျော်နဲ့ အခမ်းအနား ဆောင်ရွက်ပြီးတော့ အခုကတော့ ကျနော်တို့ ရပ်ကွက်တွေမှာ၊ စခန်းတွေမှာ ရှင်းပြီးတော့ လိုက်ပြီးတော့ ထောက်ပံ့ငွေနဲ့ အဝတ်အထည်တွေ လိုက်ပေးနေတယ်။ ကျနော်တို့ ကချင်ပြည်နယ်ကနေပြီးတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး ဦးဆောင်ပြီးတော့ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လက်လှမ်းမီသလောက် ထည့်ဝင်တဲ့ ကူညီငွေတွေနဲ့ စီစဉ်တာပါ။ ငွေအနေနဲ့ကတော့ သိန်း ၇၀၀။ နောက်ပြီးတော့ အနွေးထည်က ၃,၅၀၀။ အဲဒီအထဲမှာ စောင်တွေလည်း ပါသေးတယ်။”

မြစ်ကြီးနားမြို့နယ်ထဲမှာရှိတဲ့ ဒုက္ခသည်စခန်းတွေအပြင် တခြားမြို့နယ်တွေဆီကိုလည်း သွားလှူမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ လှူဖို့စီစဉ်ထားတဲ့နေရာတွေကတော့ မြစ်ကြီးနားမြို့နယ်က စခန်း ၂၄ ခု၊ ဝိုင်းမော်မြို့နယ်က စခန်း ၁၄ ခု။ နောက်ပြီး ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မန်စီ၊ ပူတာအိုခရိုင် အားလုံးကို ကျနော်တို့ လိုက်ပြီးတော့ ကူညီဖို့ စီစဉ်ထားပါတယ်။ ဒီနေ့က မြစ်ကြီးနားမြို့မှာ စပြီးတော့လှူပါတယ်။ မြစ်ကြီးနားမှာ စခန်း ၂၄ ခုရှိပါတယ်။”

ဇွန်လဆန်းထဲက စတင်ခဲ့တဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် စခန်းတွေမှာသာမက ကျေးရွာတွေရဲ့ အနီးအနားမှာ ပုန်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း အများအပြား ရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ရေး၊ တိုင်းရင်းသားဒေသတွေ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့အတွက် သမ္မတဦးသိန်းစိန် အစိုးရကို အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများကလည်း တိုက်တွန်းနေပါတယ်။

XS
SM
MD
LG