သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားလွှတ်ရင် ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်မည်


နိုင်ငံရေးအကျဉ်းသားလွှတ်ရင် ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်မည်

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးခြင်းဖြင့် ပြုပြင် ပြောင်းလဲရေးကို အရှိန်နဲ့ ဆက်ပြီး လုပ်ဆောင်သွားလိမ့်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကိုလာတဲ့ နေ့ချင်းပြန်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အာဆီယံအဖွဲ့ရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကိုလည်း ပြောပြခဲ့တဲ့အကြောင်း ရန်ကုန်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောကရုံးက မစုမြတ်မွန်က သတင်းပေးပို့ထားပါတယ်။

မြန်မာနဲ့ အင်ဒိုနီးရှားကြား နှစ်နိုင်ငံကိစ္စတွေကို အပြန်အလှန် ဆွေးနွေးကြတဲ့ ပူးတွဲကော်မရှင် စည်းဝေးပွဲကို နေ့ချင်းပြန်လာတက်တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးစဉ်မှာရော ရန်ကုန်ကနေ မပြန်ခင် ဆီဒိုးနားဟိုတယ်မှာပါ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်ဖြစ်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ အကောင်းဘက်ကို ရောက်မယ်လို့ မျှော်လင့်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးနဲ့ ပတ်သက်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက ခုလိုပြောခဲ့တာက -

“နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခြင်းဟာ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်ပိုရှေ့တိုးစေမှာဖြစ်ပါတယ်။ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိဖို့နဲ့ ဒီမိုကရေစီ နည်းလမ်းကျကျနဲ့ မြန်မာ့လူအဖွဲ့အစည်း အလွှာစုံက လူတိုင်း ပါဝင်နိုင်ဖို့အတွက် မျှော်လင့်တယ်လို့ ပြောသွားတာဖြစ်ပါတယ်”

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအနေနဲ့ အာဆီယံရဲ့ အခြေအနေတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ရှင်းပြခဲ့ပါတယ်။

“အာဆီယံအဖွဲ့ရဲ့ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အားထုတ် ကြိုးပမ်းမှုတွေ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ စည်းဝေးတိုင်ပင်ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ဆီ ပြုပြင် ပြောင်းလဲမှုတွေမှာ ပိုပြီး အရှိန်ရအောင် စည်းစည်းလုံးလုံး လုပ်ပေးနိုင်တဲ့ အကြောင်းတွေအပြင် အာဆီယံ ဥက္ကဋ္ဌတာဝန် မြန်မာကိုပေးဖို့ ဘာကြောင့် ဆုံးဖြတ်ရသလဲ ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောသွားတာပါ"

မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ယူရတဲ့အတွက် ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းတဲ့နေရာမှာ တွန်းအားတခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်းကိုလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါသေးတယ်။

အာဆီယံ နိုင်ငံတွေကြားမှာ မြန်မာ့ ဒီမိုကရေစီရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ ကူညီမှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာက -

“အာဆီယံ နိုင်ငံတွေကြားမှာ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆယ်စုနှစ်နဲ့ချီထဲက ရင်းနှီးလာခဲ့တဲ့ နိင်ငံ တခုဖြစ်တယ်၊ မြန်မာ့ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေ အပေါ်မှာလည်း အင်ဒိုနီးရှားဟာ အမြဲ စစ်မှန်တဲ့ စိတ်စေတနာထားတဲ့ နိုင်ငံဖြစ်လို့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကူညီတာကို အမြဲတမ်း ကြိုဆိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့တာ ဖြစ်ပါတယ်”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ နှစ်နိင်ငံဆက်ဆံရေး တိုးတက်ဖို့ ရည်ရွယ်တဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင် စည်းဝေးပွဲကို တက်ခဲ့ပါတယ်။ မြန်မာနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက် ဦးဆောင်တဲ့ စည်းဝေးပွဲမှာ နှစ်နိုင်ငံက ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာအောင်လို့ မျှဝေစရာတွေမျှဝေ၊ လက်တွဲလုပ်စရာတွေ လုပ်သွားကြဖို့အတွက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ခုလို ကမ်းလှမ်းခဲ့ပါတယ် -

“အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာရွေးကောက်ပွဲ ကော်မရှင်ကြား၊ တခါ နှစ်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တွေကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းတွေမှာလည်း အတူ လက်တွဲလုပ်ဖို့ ကူညီနိုင်တာကို ကူညီဖို့အတွက် အင်ဒိုနီးရှားက ကမ်းလှမ်းခဲ့ပါတယ်လို့ ပြောခဲ့တာပါ”

ဒါ့အပြင် မြန်မာနိုင်ငံလိုပဲ စစ်အစိုးရစနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို အသွင်ပြောင်းခဲ့တဲ့ အင်ဒိုနီးရှားက မြန်မာနဲ့ အတူလက်တွဲသွားဖို့ အဆင်သင့် ဆိုတာကိုလည်း နှစ်နိုင်ငံ ပူးတွဲကော်မရှင် စည်းဝေးပွဲမှာ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေမျိုး အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး အားထုတ်မှုတွေကို အားရှိ ခိုင်မာစေဖို့အတွက် မြန်မာနဲ့ ခိုင်မာတဲ့ မိတ်ဘက်ဆက်ဆံရေး ထားရှိသွားဖို့ အင်ဒိုနီးရှားဘက်က အသင့် ဖြစ်နေပါပြီလို့ ပြောသွားတာဖြစ်ပါတယ်။”

သူလာတက်တဲ့ နှစ်နိုင်ငံကိစ္စတွေ ဆွေးတွေးတဲ့ စည်းဝေးပွဲမှာ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ဖို့ကိစ္စ၊ ဘဏ်လုပ်ငန်း ဆိုင်ရာမှာ အင်ဒိုနီးရှားက အကူအညီပေးဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ် ဆိုတာကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။

ရန်ကုန်မှာ အစည်းအဝေးတက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာပဲ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

XS
SM
MD
LG