သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအလုပ်သမားလိုအပ်ချက်နဲ့ မြန်မာလုပ်သားဈေးကွက် 


ထိုင်းနိုင်ငံကိုဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့မြန်မာနိုင်ငံကရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနိုင်ငံကိုဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့မြန်မာနိုင်ငံကရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံက အလုပ်သမားအများအပြားကို အလုပ်ခေါ်စာနဲ့ မနှစ်က ခေါ်ယူခဲ့တဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက အခုလက်ရှိမှာ မြန်မာအလုပ်သမားခေါ်ယူမှု ကျဆင်းသွားပါတယ်။ တခြားအာရှနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယားတို့ကတော့ မြန်မာလုပ်သားတွေကို ဆက်လက်ခေါ်ယူနေပါတယ်။ ဒေသတွင်းက မြန်မာလုပ်သားဈေးကွက်အခြေအနေအကြောင်း ရန်ကုန်ကသတင်းပေးပို့တာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကိုဗစ်စည်းကမ်းတွေကို လျှော့ချပြီး ပြည်ပလုပ်သား အများအပြားကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၂ ထဲမှာ မြန်မာလုပ်သား ၉၀,၀၀၀ လောက်ကို MoU နားလည်မှုစာချွန်လွှာနဲ့ ခေါ်ယူဖို့ စီစဉ်ခဲ့တာပါ။ အဲဒီနောက် မြန်မာဘက်ကလည်း ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကစပြီး တလကို အလုပ်သမား ၁၀,၀၀၀ ဝန်းကျင်နှုန်းနဲ့ မြဝတီနယ်စပ်ကနေ ထိုင်းကို ပို့ဆောင်ခဲ့ပါတယ်။ အလားတူပဲ မလေးရှားနိုင်ငံကိုလည်း အလုပ်သမားစာချုပ်နဲ့ မြန်မာလုပ်သားတွေကို ဆက်တိုက် စေလွှတ်ခဲ့တာပါ။

ဒါပေမဲ့ အခုနှစ်စမှာတော့ ထိုင်းနဲ့ မလေးရှားနိုင်ငံက အလုပ်ခေါ်ယူစာတွေ ကျဆင်းသွားကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ အကြောင်းကတော့ အဲဒီနိုင်ငံတွေမှာ လုပ်သားလိုအပ်ချက် နည်းသွားတာကြောင့် ဖြစ်နိုင်ကြောင်း သူကပြောပါတယ်။

"ထိုင်းကအခုအချိန်မှာ သူလည်းနည်းသွားပြီ။ Demand နဲ့ Supply နဲ့က Supply ကများပြီးတော့ Demand ကနည်းနေတယ်။ အခု ပြည်ထဲရေးမှာ လာတဲ့သူတွေကို ကြည့်လိုက်ရင် ပတ်စ်ပို့စာအုပ်လာလျှောက်တာ ထိုင်းက Ratio များတယ်။ အခုထိုင်းကလည်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ဟိုဘက်ကခေါ်ဖို့အတွက်ကလည်း demand တွေကရှားလာတယ်။ မလေးရှားဆို ပိုဆိုးလာတယ်။ မလေးရှားကလည်း ခေါ်တဲ့ Ratio က အရင်လို လှိုင်လှိုင်မပေါတော့ဘူး၊ တဖြည်းဖြည်းကျလာတယ်။ ဘယ်မှာသွားပြီး စုပုံနေလဲဆိုတော့ စင်္ကာပူနဲ့ ဂျပန်လောက်မှာသွားပြီးတော့ ခေါ်တာတွေ များလာတယ်။"

ထိုင်းနိုင်ငံတွင်း လက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲ သက်တမ်းတိုးလုပ်သားတွေလည်း အများအပြား ရှိနေပါတယ်။ တဘက်မှာလည်း နည်းအမျိုးမျိုးနဲ့ ထိုင်းကိုထွက်ခွာနေတဲ့ မြန်မာလုပ်သား အရေအတွက်က များနေတာကြောင့် ပြည်တွင်းကတဆင့် စာချုပ်နဲ့ထပ်မံခေါ်ယူမှု နည်းလာတာဖြစ်နိုင်တယ်လို့ ပွင့်ဖူးအောင် အေဂျင်စီရဲ့ မန်နေးဂျင်းဒါရိုက်တာက အခုလိုပြောပါတယ်။

"MoU နဲ့ကတော့ အလုပ်သမား ကမ်းလှမ်းစာတွေကတော့ နည်းလာတယ်။ ဘာလို့ဆိုတော့ ဟိုမှာ CI တို့ ဘတ်တို့ ရိုက်ပေးနေတာတွေကလည်း သက်တမ်းတွေ တိုးထားတယ်။ မြန်မာပြည်ထဲကို နှစ်ပြည့်လို့ ပြန်ဝင်လာရမယ့်သူတချို့ကလည်း ပြန်မဝင်တဲ့အခါကြတော့ အောက်လမ်းကနေ သွားထားတဲ့၊ တရားမဝင်သွားထားတဲ့ သူတွေကလည်း ရှိနေတယ်။ အဲဒါတွေကို အထောက်အထား လုပ်ပေးနေတယ်ဆိုတော့ တရားဝင် MoU သမားအတွက်က အလုပ်သမား ကမ်းလှမ်းစာက နည်းပါးသွားတာပေါ့နော်။ မလေးရှားကလည်း အလုပ်ခေါ်စာတွေ မရှိသလောက်ပါပဲ။"

MoU စာချုပ်နဲ့သွားတဲ့ မြန်မာလုပ်သားတွေ ရှိနေပေမဲ့ အရေအတွက်ကတော့ ထိုင်းနိုင်ငံရဲ့ လိုအပ်ချက်ပေါ် မူတည်နိုင်ကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာအလုပ်သမား သံအရာရှိက ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိအခြေအနေကတော့ အရေအတွက်နည်းတာ ပုံမှန်ကတော့ MoU တွေကတော့ သူတို့ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီးတော့ စေလွှတ်နေပါတယ်။ ဒါကတော့ သူတို့ရဲ့လုပ်သားလိုအပ်ချက်အပေါ် မူတည်ပြီးတော့ ထပ်ခေါ်မှာပေါ့။ အများဆုံးကတော့ ဆောက်လုပ်ရေးပေါ့နော်၊ ထိုင်းနိုင်ငံက ဆောက်လုပ်ရေးကို အဓိက ဆောင်ရွက်တာဆိုတော့ ဆောက်လုပ်ရေးကတော့ အများဆုံး လုပ်သားတွေ ခေါ်တာပေါ့။"

ထိုင်းနဲ့ မလေးရှားလောက် မြန်မာလုပ်သားခေါ်ယူတာ မများပေမဲ့ ဂျပန်၊ စင်္ကာပူနဲ့ တောင်ကိုရီးယား နိုင်ငံတွေကတော့ မြန်မာလုပ်သားတွေကို ဆက်ပြီးခေါ်ယူနေပါတယ်။ မြန်မာအလုပ် သမားရေးဌာနဘက်က တာဝန်ရှိသူကတော့ ၂၀၂၂ မေလ ၁၀ ရက်ကစပြီး ထိုင်းတခုတည်းကို စေလွှတ်လိုက်တဲ့ မြန်မာ MoU လုပ်သားက တသိန်းဝန်းကျင်လောက်ရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။

ထိုင်းမှာ အခြေခံလုပ်ခအနေနဲ့ တရက်ကို မြန်မာကျပ်ငွေ ၂၆,၀၀၀ ဝန်းကျင်လောက် ရရှိကြောင်း ထိုင်းရောက် မြန်မာနိုင်ငံသားတချို့ကပြောပါတယ်။ သွားလာဖို့ လွယ်ကူတာ၊ ကုန်ကျစရိတ်သက်သာတာကြောင့် တခြား နိုင်ငံတွေထက် ထိုင်းကိုသွားဖို့ မြန်မာနိုင်ငံသားတွေ စိတ်ဝင်စားနေကြဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

======================

[[Unicode]]












XS
SM
MD
LG