သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရခေါင်းဆောင် ရာထူး အပြောင်းအလဲ မရှိ


မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဘက်ဆိုင်ရာ ရာထူးက နှုတ်ထွက်သွားပြီဆိုတဲ့ သတင်းတွေ အခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမဲ့ ဒီကနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ရာထူးအပြောင်းအလဲ ဘာမှမရှိဘဲ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ရော နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနေနဲ့ရော ဖော်ပြထားပါတယ်။ စစ်တပ်ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေ အကြားမှာတော့ အကောင်းမြင်တာတွေ နည်းတယ်ဆိုတဲ့အကြောင်း ကိုကျော်အောင်လွင် ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မလေးရှားနိုင်ငံ လွတ်လပ်ရေးနေ့အတွက် မလေးရှားဘုရင်ဆီကို သဝဏ်လွှာ ပို့တဲ့အကြောင်း ဒီကနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားတာပါ။ ဒါကြောင့် သူ ရာထူးအပြောင်းအလဲ ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ မမှန်ဘူးဆိုတာ ထင်ရှားသွားပါပြီ။ ဒီနေ့သတင်းစာထဲမှာပဲ ပါဝင်တာ တခုကတော့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် ထွန်းသန်းကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားတာပါပဲ။

“ရန်ကုန်တိုင်း တိုင်းမှူးက နာမည်ထွက်လာပြီ၊ ထွန်းသန်းဆိုတာ၊ ဗိုလ်ချုပ် ဝင်းမြင့် မဟုတ်တော့ဘူး။ ဒီနေ့သတင်းစာမှာ တွေ့တာ။ ပထမဆုံး သုံးတာပဲ၊ အဲဒါ။”

စစ်ခေါင်းဆောင်တွေ ရာထူး အပြောင်းအလဲနဲ့ ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် သတင်းသမားတဦး ပြောခဲ့တာ ဖြစ်ပါတယ်။

အခုရက်ပိုင်းတွေအတွင်း စစ်ဗိုလ်ချုပ်တွေ ရာထူးအပြောင်းအလဲ လုပ်ကြတယ်ဆိုတဲ့ သတင်းကို ပြည်သူတွေက စိတ်ဝင်စားမှု အတိုင်းအတာ တခုအထိ ရှိကြတယ် ဆိုပေမဲ့လည်း သတင်းကောင်း တခုလို့တော့ သဘောမထားကြဘူးလို့ ဆိုပါတယ်။

“စိတ်တော့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ မထူးပါဘူးပေါ့ဗျာ၊ အဲဒီသဘောမျိုးပါပဲ။ ကျနော်တို့ဆီမှာလည်း အတွေ့အကြုံက ရှိပြီးသားမလား၊ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်းကို အာဏာလွှဲတာမျိုးလို ရှိပြီးသားဆိုတော့ အဲဒီလို ပြောင်းလဲတာမျိုးပဲ ဖြစ်မှာပဲပေါ့။ ဒီလူတွေပဲပေါ့။ ကောင်းလာမယ်ဆိုတဲ့ အမြင်ကတော့ ကျနော်တို့ တွေ့တဲ့လူတွေ ကြားထဲမှာတော့ အဲဒီအမြင်မျိုး သိပ်မရှိဘူး။ ဒီပုံစံပဲ ပြန်သွားမှာပေါ့။ နာမည် ပြောင်းသွားတာပဲပေါ့။ ကျနော်တို့နဲ့ နီးစပ်တဲ့သူတွေ ကြားထဲမှာရော၊ ဒီအတိုင်း ရိုးရိုးလူတွေ ကြားထဲမှာရော ဘာမှ သိပ်ထူးထူးထွေထွေ မခံစားရဘူးလေ၊ အဲဒီအပေါ်မှာ။”

တကယ်တော့ စစ်တပ်အတွင်း ရာထူးအပြောင်းအလဲ လုပ်တဲ့ကိစ္စကို သတင်းစာတွေမှာ ဖော်ပြလေ့ရှိတာ မဟုတ်ပါဘူး။ စစ်တပ်အရာရှိတွေ အတွင်းမှာတောင် လူတိုင်းသိနိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့ စစ်တပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတဦးက ပြောပါတယ်။ အခုတခေါက် ရာထူးအပြောင်းအလဲ လုပ်ကြတဲ့ ကိစ္စကိုလည်း တရားဝင် ထုတ်ပြန်တာ မဟုတ်ပေမဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက တဆင့် သတင်းလောကကနေ အတည်ပြုနိုင်အောင် ကြိုးစားကြရတာပါ။

ဒါပေမဲ့လည်း ဒီသတင်းတွေကို မြန်မာပြည်တွင်းက သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ရှိတာ မဟုတ်ပါဘူး။ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတဲ့ စစ်ရာထူး အပြောင်းအလဲ ကိစ္စကို အခုတလော လူတွေ စိတ်ဝင်စားကြတယ် ဆိုတာက ရွေးကောက်ပွဲ နီးကပ်လာတာရယ်၊ အပြောင်းအလဲလုပ်တဲ့ အရာရှိ အရေအတွက် များတာရယ်ကြောင့်လို့ ရန်ကုန်အခြေစိုက် သတင်းသမား နောက်တဦးက ရှင်းပြပါတယ်။

“တော်တော်တော့ စိတ်ဝင်စားကြပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ပြောင်းတယ် ဆိုတာကလည်း တယောက်စ၊ နှစ်ယောက်စ၊ လွန်ရောကျွံရော ခြောက်ယောက်ပေါ့။ အခုလိုမျိုး အုပ်လိုက်ချီပြီးတော့ အပြောင်းအရွှေ့ လုပ်တာမျိုး တခါမှ မကြုံခဲ့ဘူးတော့ တော်တော်လေး အဲဒီဟာအပေါ်မှာ ဝေဖန် ပြောဆိုနေကြတာပေါ့။ စိတ်ဝင်တစားပါပဲ။”

ပြည်သူတွေအတွင်း စိတ်ဝင်စားမှု ရှိကြတယ် ဆိုပေမဲ့လည်း ဒီအပြောင်းအလဲတွေဟာ ပြည်သူတွေ ကောင်းကျိုးကို ဦးတည်မယ့် အပြောင်းအလဲတွေလို့ မယူဆကြတာ များပါတယ်တဲ့။

“စိတ်ဝင်စားကြတဲ့လူ လေ့လာကြည့်တော့ နှစ်ပိုင်းတွေ့ရတယ်။ တပိုင်းက စစ်တပ် ရာထူးအကြီးပိုင်းတွေ အပြောင်းအလဲလုပ်တော့ တပ်က နောက်ဆုတ်သွားမှာလား၊ ပြည်သူတွေကို တကယ် နိုင်ငံရေး အပြောင်းအလဲ လုပ်ပြီးတော့ အရပ်သား အစိုးရအဖွဲ့ကို စစ်စစ်မှန်မှန် လွှဲပေးတော့မလား၊ အဲဒီလို အကောင်းဘက်ကနေ မြင်တဲ့လူလည်း ရှိတာပေါ့။

“အဆိုးဘက်က မြင်တာကတော့ ဒီအပြောင်းအလဲဟာ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ စစ်တပ်က သူ့အာဏာ သူဆက်ယူထားမှာပဲ။ အရပ်သားဘက်မှာလည်း စစ်တပ်က သူတို့လူတွေ ပါအောင် အစီအမံပဲဆိုတဲ့ ပုံစံမျိုးနဲ့ အဆိုးမြင် ဝေဖန်တဲ့လူလည်း ရှိပါတယ်။ သိရသလောက်တော့ အဆိုးပိုင်းမြင်ပြီး ဝေဖန်ပြောနေကြတာ ပိုများတယ်။

“နယ်တွေမှာလည်း ဒီအတိုင်းပါပဲ။ သူတို့ဘာသာ သူတို့ပြောင်းတာ၊ တို့အတွက် ဘာမှထူးလာမှာ မဟုတ်ဘူးလို့ အဲဒီလို အသံတွေပဲ ကြားပါတယ်၊ နယ်ဘက် မေးကြည့်တော့လည်း။”

အတည်မပြုနိုင်သေးပေမဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ တဆင့် ထွက်ပေါ်လာနေတဲ့ သတင်းတွေအရဆို တိုင်းမှူး၊ တပ်မမှူးတွေ အပါအဝင် စစ်တပ်အရာရှိ ၇၀ ထက်မနည်း အခုရက်ပိုင်း အတွင်းမှာပဲ ရာထူးအပြောင်းအလဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ မြန်မာပြည်ကို စစ်တပ် အုပ်ချုပ်မှုကနေ အရပ်ဘက် အုပ်ချုပ်မှုကို ပြောင်းစေမယ့် ရွေးကောက်ပွဲတွေလို့ ဆိုပေမဲ့လည်း ပြောင်းလဲလာမယ့် အရပ်သား အစိုးရထဲမှာ စစ်တပ်ဘက်က ၂၅% ယူထားမယ့်အပြင် စစ်ရာထူးက အနားယူပြီး အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ဝင်ပါကြတဲ့သူတွေလည်း အများအပြား ရှိနေမှာမို့ စစ်အုပ်စု လွှမ်းမိုးနေမယ့် အစိုးရသစ်ပဲ ပေါ်ပေါက်လာလိမ့်မယ်လို့ ယူဆကြတာ များပါတယ်။ အသက် ၈၀ နီးပါး ရှိနေပေမဲ့ စစ်ရာထူးကို မစွန့်လွှတ်သေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း လာမယ့် အရပ်သား အစိုးရသစ်မှာ သမ္မတရာထူးကို ယူလိမ့်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG