သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးကို တရုတ် ဘယ်လို ကူညီသင့်သလဲ


တရုတ်-မြန်မာနယ်စပ် ဒေသက KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များ
တရုတ်-မြန်မာနယ်စပ် ဒေသက KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များ

ပြီးခဲ့ဲတဲ့ ဇန်နဝါရီ ၅ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် တရုတ်အစိုးရရဲ့ ငွေကြေး ကူညီထောက်ပံ့မှု အခမ်းအနား တခု ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာ တရုတ်နိုင်ငံ အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာဟုန်လျန်က အမေရိကန် ဒေါ်လာ တစ်သန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျဆီ ပေးအပ်ပါတယ်။ တရုတ် အစိုးရအနေနဲ့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းမှာဖြစ်ပြီး အခု ပထမဦးဆုံး အကြိမ်အနေနဲ့ ဒေါ်လာ တစ်သန်း ပေးအပ်တာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုဟာ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့ ဘယ်လောက် လိုလားသလဲ ဆိုတာကို ပြသချင်ပုံလည်း ရပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ် နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ဘယ်လို အခန်းကဏ္ဍက ပါဝင်ခဲ့တယ်၊ မြန်မာ့ ငြိမ်းချမ်းရေး အတွက် တရုတ်အစိုးရမှာ ဘယ်လောက် တာဝန်ရှိနေတယ်၊ တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့ ဘယ်လို ကူညီသင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး ခေတ်သစ် တရုတ်နိုင်ငံကတော့ ၁၉၄၉ ခုနှစ်မှာမှ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ချန်ကေရှိတ် ကူမင်တန် အစိုးရကို တိုက်ခိုက်ပြီး နိုင်ငံတော် အာဏာကို ရယူလိုက်တဲ့ မော်စီတုန်း ခေါင်းဆောင်တဲ့ တရုတ်ကွန်မြူနစ် ပါတီနဲ့ အစိုးရကို နိုင်ငံတကာက သိပ်ပြီး အသိအမှတ်ပြုကြတာ မဟုတ်ပါဘူး။ အိမ်နီးချင်း မြန်မာနိုင်ငံကသာ တရုတ်ပြည် လွတ်မြောက်ပြီးပြီးချင်း ကွန်မြူနစ် အစိုးရကို အသိအမှတ်ပြုခဲ့တာပါ။ နောက်ပိုင်း မြန်မာနိုင်ငံ အစိုးရနဲ့ တရုတ်နိုင်ငံ အစိုးရတို့ဟာ ရင်းနှီးတဲ့ ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီ ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ တရုတ်နိုင်ငံတွင်းမှာ ယဉ်ကျေးမှုတော်လှန်ရေးကြီး ပေါ်ပေါက်၊ အဲဒီ ဂယက် အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာနိုင်ငံထဲ ပျံ့နှံ့လာတဲ့အချိန်မှာတော့ ပျက်ပြားစ ပြုလာပါတယ်။ ပြသနာကို အဆိုးဆုံး အဆင့် ရောက်သွားစေတာကတော့ ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-ဗမာ အရေးအခင်း ပါ။ တရုတ်-ဗမာ အရေးအခင်းကြောင့် မြန်မာနိုင်ငံ၊ အမြို့မြို့ အနယ်နယ်မှာ နေထိုင်တဲ့ လူနည်းစု တရုတ်လူမျိုးတွေ တိုက်ခိုက် သတ်ဖြတ်တာ ခံကြရပါတယ်။ တရုတ်စီးပွားရေး သံရုံး နဲ့ သံရုံး တာဝန်ရှိသူတွေပါ တိုက်ခိုက်ခံရတဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ကွန်မြူနစ် တရုတ်အစိုးရဟာ မြန်မာနိုင်ငံက အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို လက်တုန့်ပြန် ဒါဏ်ခတ်ပါတော့တယ်။

၁၉၆၈ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှာ တရုတ်ပြည်ထဲ ရောက်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ တပ်ဖွဲ့ဝင်တွေ၊ ဖုန်ကျားရှင်၊ နော်ဆိုင်း ခေါင်းဆောင်တဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်နဲ့ နယ်စပ်ဒေသတွေကို ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်ပေါ်ပေါက်လာပါတယ်။ ဗကပ က ဝင်ရောက်တိုက်ခိုက်တယ် ဆိုပေမယ့် တကယ့်တကယ် ဖြစ်ရပ်အမှန်ကတော့ ဗကပ ယူနီဖေါင်းဝတ်ထားတဲ့ တရုတ် ဗော်လံတီယာ တပ်မှူး တပ်သားတွေ၊ တရုတ်နယ်နိမိတ်ထဲက တိုင်းရင်းသား တပ်ဖွဲ့ဝင်တွေက တရုတ်လက်နက်ရိက္ခာ အပြည့်အစုံနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တနည်း တရုတ်က မြန်မာ့နယ်နိမိတ်ထဲကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့တာပါ။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ ပဲခူးရိုးမ မှာတောက်လောင်နေတဲ့ ပြည်တွင်းစစ်မီး ရှမ်းပြည်နယ် တခွင် အရှိန်အဟုန် ကြီးကြီးနဲ့ ပိုပြီး တောက်လောင်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီမီးကို ဒီနေ့ထက်ထိ မငြိမ်းသတ်နိုင်သေးတဲ့ အတွက် မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ တရုတ်နိုင်ငံ အနေနဲ့ အတော့်ကို တာဝန်ရှိတဲ့ နေရာမှာ ရှိနေတာကိုတော့ သတိပြုမိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်းမှာ တရုတ်အစိုးရဟာ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဆက်ဆံရေးကောင်းခဲ့ပြီး ဗကပ ကို အထွေထွေ ထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်လို့ ၁၉၈၉ ခုနှစ် အရောက် ဗကပ အဖွဲ့ ပြိုပျက်သွားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်က မွေးထုတ်ပေးလိုက်တဲ့ ကိုးကန့်၊ ဝ၊ မိုင်းလား နဲ့ ကချင် တပ်ဖွဲ့တွေကတော့ တရုတ်နယ်စပ်မှာ ကျန်နေရစ်ပါတယ်။

၁၉၈၈ နောက်ပိုင်းရောက်တော့ တရုတ်အစိုးရဟာ စီးပွားရေးကို အဓိကထားတဲ့ မူနဲ့ အာဏာသိမ်း စစ်အစိုးရနဲ့ ရင်းနှီး နက်ရှိုင်းတဲ့ ဆက်ဆံရေး ထူထောင်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဝိုင်းပယ်တာကို ခံနေရတဲ့ မြန်မာအစိုးရအတွက် တရုတ်အစိုးရဟာ မှီခိုအားထားစရာ ဖြစ်လာသည် အထိ နယ်ပယ် အသီးသီးမှာ ဆက်ဆံရေး ကောင်းခဲ့တာပါ။ တစ်ပြိုင်နက်တည်း တရုတ် အစိုးရဟာ စစ်အစိုးရနဲ့ အပစ်ရပ် ထားတဲ့ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း အသိအမှတ်ပြု ဆက်ဆံပါတယ်။ ဒီလိုနည်းနဲ့ တရုတ်အစိုးရဟာ မြန်မာပြည်တွင်းမှာ စီးပွားရေးအရ အဓိက ရင်းနှီးမြှုပ်နှံသူ၊ အဓိက ကုန်သွယ်ဖက် ဖြစ်လာသလို၊ နယ်စပ် လက်နက်ကိုင် တပ်ဖွဲ့တွေ ကြီးစိုးတဲ့ နယ်မြေတွေကနေလည်း သစ်၊ ကျောက်စိမ်း နဲ့ သယံဇာတ မျိုးစုံကို ထုတ်ယူနိုင်ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ တရုတ်အစိုးရနဲ့ ဒေသအာဏာပိုင်တွေဟာ မြန်မာ စစ်အစိုးရကိုရော၊ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကိုပါ စစ်လက်နက်ပစ္စည်းတွေ ရောင်းချသူ ဖြစ်လာခဲ့ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ၂၀၁၁ ခုနှစ် အရောက်မှာ တပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့ တိုက်ပွဲတွေ ပြန် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ဆန်းမှာတော့ အာဏာလက်လွှတ်ပြီး တရုတ်ပြည်ထဲ ထွက်ပြေးသွားရတဲ့ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တွေဟာ ကိုးကန့်နယ်မြေကို ပြန်ရဖို့ တပ်မတော်ကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီကာလ အတွင်းမှာပဲ KIA က ပြန်ပြီး လက်နက် တပ်ဆင်ပေးထားတဲ့ တအာန်းပလောင် တပ်ဖွဲ့တွေ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တိုက်ပွဲကြီးငယ်တွေ ဆင်နွဲှလာခဲ့ပြန်ပါတယ်။ အဲဒီတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရကနေ လက်နက် ရိက္ခာ တရားဝင် ထောက်ပံ့တာမျိုး မရှိပေမယ့် နယ်စပ်ဒေသအာဏာပိုင်တွေရဲ့ ကူညီ အားပေးမှုတွေ ရှိနေတယ်လို့တော့ သိရပါတယ်။ ဒါတွေအားလုံး ကို ခြုံငုံသုံး သပ်ကြည့်ရင် မြန်မာ့ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး ၂၀၁၆ NLD အစိုးရ တက်မလာခင် အချိန်ထိ တရုတ်နိုင်ငံရဲ့ ပတ်သက်မှုနဲ့ တာဝန်ရှိမှုကို ထင်ထင်ရှားရှား တွေ့နိုင်ကြပါတယ်။

မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲအပြီး NLD အစိုးရ တက်လာပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ ဦးဆုံးသော ပြည်ပ အရေးကြီး ခရီးစဉ်ဟာ တရုတ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အဓိက တောင်းဆိုတာကတော့ တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ရပ်စဲသွားဖို့၊ ငြိမ်းချမ်းရေး ရဖို့ တရုတ် အစိုးရကနေ အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တရုတ်အစိုးရကလည်း အကူအညီပေးပါမယ်လို့ ကတိပေးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုချိန် တရုတ်-မြန်မာ နယ်စပ်မှာ စစ်ရှိန်တွေ တခါပြန် မြင့်နေပြန်ပါပြီ။ မြန်မာ့ငြိမ်းချမ်းရေး အတွက် တရုတ်နိုင်ငံအနေနဲ့ ဘယ်လို အကူအညီ ပေးသင့်ပါသလဲ။ လက်ရှိ ပြသနာဟာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ရှည်ကြာလှ တဲ့ ပဋိပက္ခ ပြသနာ ဖြစ်နေတာမို့၊ တရုတ် အစိုးရအနေနဲ့ ဘယ်ဘက် ကိုမှ ဘက်မလိုက်ပဲ ငြိမ်းချမ်းရေးကို တကယ် အကောင်အ ထည်ဖော်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သမျှ ဘက်ပေါင်းစုံကနေ အကူအညီပေး ဖို့ပဲ ဖြစ် ပါတယ်။ ဒါမှသာ တရုတ်နိုင်ငံဟာ သူတပိုင်း တစ မွှေးခဲ့တဲ့၊ နှစ်ပေါင်းများစွာ ပါဝင် ပတ်သက်ခဲ့တဲ့ မြန်မာ့ပြည်တွင်းစစ်မီးကို တာဝန်ရှိရှိ ဝိုင်းဝန်း ငြိမ်းသတ် သူ၊ ငြိမ်းချမ်းရေးရအောင် ကူညီပံ့ပိုးသူအဖြစ် ပုံရိပ် ကောင်းလာ မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG