သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ကင်ညာခရီးစဉ် အဆုံးသတ်


ကင်ညာနိုင်ငံရဲ့မြို့တော် နိုင်ရိုဘီလူထုကို မိန့်ခွန်းပြောအပြီး ပရိသတ်ကို နှုတ်ဆက်နေတဲ့ သမ္မတအိုဘားမား (ဇူလိုင် ၂၆၊ ၂၀၁၅)
ကင်ညာနိုင်ငံရဲ့မြို့တော် နိုင်ရိုဘီလူထုကို မိန့်ခွန်းပြောအပြီး ပရိသတ်ကို နှုတ်ဆက်နေတဲ့ သမ္မတအိုဘားမား (ဇူလိုင် ၂၆၊ ၂၀၁၅)

ကင်ညာနိုင်ငံဟာ အခက်အခဲတွေရင်ဆိုင်နေရတဲ့ကြားကပဲ ဒီအခြေအနေကနေ ကျော်လွန်အောင် ကြိုးပမ်းနေတဲ့ လမ်းဆုံ အနေအထားမှာရောက်နေပြီလို့ သမ္မတ ဘရက်အိုဘားမားက ပြောပါတယ်။ အရှေ့အာဖရိကနိုင်ငံတွေရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးကြတဲ့ညီလာခံကို တက်ရောက်ဖို့ သူ့ဖခင်ရဲ့နိုင်ငံကင်ညာ၊ မြို့တော်နိုင်ရိုဘီကို သမ္မတအိုဘားမား ၂ ရက်ကြာခရီး သွားရောက်နေတာဖြစ်ပါတယ်။

၁၉၆၃ ခုနှစ် ဗြိတိသျှကိုလိုနီအဖြစ်ကနေ လွတ်မြောက်ခဲ့ပြီးနောက် တပါတီစနစ်ကို ဖျက်သိမ်းနိုင်ခဲ့တာ၊ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားနဲ့လူမျိုးစုအရေး လပေါင်းအတော်ကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြေလည်မှုရရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ ကန်ညာနိုင်ငံရဲ့တိုးတက်မှုအပေါ် သမ္မတအိုဘားမားက ချီးကျူးပြောဆိုခဲ့ပါတယ်။

အတိတ်ကဖြစ်ခဲ့တဲ့အမုန်းတရားတွေပေါ် အခြေခံဆုပ်ကိုင်မထားခဲ့ဘဲ ပိုပြီးလှပတဲ့သမိုင်းကို ကင်ညာလူထုက ရွေးချယ်ခဲ့တယ်လို့လည်း သမ္မတကပြောပါတယ်။ ခိုင်မာပြီး ပွင့်လင်းမြင်သာမှုရှိတဲ့အစိုးရ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အနာဂတ် ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးတို့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုရှိဖို့စတာတွေဟာ ကင်ညာနိုင်ငံရဲ့အနာဂတ်မှာ အောင်မြင်ဖို့ လိုအပ်တဲ့ အဓိကအကြောင်းအရာတွေဖြစ်တယ်လို့လည်း သမ္မတကပြောပါတယ်။

ဒါ့အပြင် လာဘ်စားမှုကိုတိုက်ဖျက်ရမှာဖြစ်ပြီး အမျိုးသမီးတွေအပေါ် ဒုတိယတန်းစားနိုင်ငံသားအနေနဲ့ ခွဲခြားဆက်ဆံမယ်ဆိုရင် ကင်ညာအနေနဲ့ အနာဂတ်မှာ အောင်မြင်မှုရမှာမဟုတ်ဘူးလို့လည်း သမ္မတ သတိပေးပြောဆိုပါတယ်။ ဒီကနေ့နှောင်းပိုင်းမှာတော့ သမ္မတအိုဘားမားဟာ အီသီယိုးပီးယားနိုင်ငံ Addis Ababaမြို့ကို အမေရိကန်သမ္မတတယောက်အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG