သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ကင်တားနား ဆက်လက်ထောက်ခံ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးအပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။ သြဂုတ် ၂၄၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးအပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။ သြဂုတ် ၂၄၊ ၂၀၁၁။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ရေး အကြံပြုခဲ့တာဟာ မြန်မာနိုင်ငံ တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုအောင် ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒါ့ကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေးကို သူ့အနေနဲ့ ဆက်လက် တိုက်တွန်းသွားမယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေမှာ စစ်ခေါင်းဆောင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာ ရှိမရှိကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဆေးနိုင်ဖို့အတွက် လူ့အခွင့်အရေး ကော်မရှင်ကို အကြံပြု တင်ပြထားတာဟာ အဖွဲ့အစည်း တခုခု ဒါမှမဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ကို အပြစ်ပေး အရေးယူဖို့ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ယိုယွင်းနေတဲ့ တရားဥပဒေ စိုးမိုးမှုကို ပြန်လည် အထောက်အကူ ပြုနိုင်အောင် ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်း NLD ပါတီရဲ့ ဥပဒေအကျိုးဆောင် အဖွဲ့နဲ့ မစ္စတာ ကင်တားနားတို့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပြောဆိုဆွေးနွေးစဉ်အတွင်း မစ္စတာ ကင်တားနားက အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီလို ဆောင်ရွက်မှုဟာ တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူဖြစ်တယ်။ ဆက်ပြီး သူ ဒီ Stand ကို ကိုင်ထားတယ်။ တစုံတယောက်ကို၊ တဦးတယောက်ကို စွပ်စွဲဖို့၊ အပြစ်ရှိကြောင်း ဆုံးဖြတ်ဖို့ မဟုတ်ပါဘူးဆိုတာ သူ အဲဒီလို ရှင်းပြပါတယ်။ ကျနော်တို့ဘက်ကလည်း ဒါကိုတော့ ထောက်ခံတယ်လို့ ပြောပါတယ်။”

အထူးသဖြင့် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးဟာ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အရေးအကြီးဆုံး အဆင့်မှာ ရှိနေတာမို့ အခု အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ သူ တွေ့ဆုံစဉ် အတွင်းမှာလည်း ဒီအချက်ကို အဓိက တိုက်တွန်း အကြံပြုခဲ့တယ်လို့ ပြောပါတယ်။

“သူ မှတ်ချက်ပေး ပြောသွားတာကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ လွတ်လပ်တဲ့ တရားစီရင်မှု ရှိရေးကို သူ တရားသူကြီးချုပ်ရော၊ ရှေ့နေချုပ်ရောနဲ့ တွေ့တဲ့အခါမှာ တိုက်တွန်းခဲ့တယ်လို့ အဲဒီလို ပြောပါတယ်။ အဲတော့ ကျနော်တို့ရဲ့ ပါတီ ရပ်တည်ရေး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူကတော့ Legal Expert မဟုတ်ဘူး၊ Legal Expert တယောက်နဲ့ တွေ့ဆုံနိုင်အောင် သူစီစဉ်ပေးမယ် ဆိုပြီးတော့ အဲဒီလို ပြောသွားပါတယ်။”

ဒီကနေ့မှာ မစ္စတာ ကင်တားနားဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့သလို NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးအပြီး NLD ပါတီရဲ့ ဥပဒေရေးရာ အဖွဲ့နဲ့လည်း တွေ့ဆုံကာ NLD က မှတ်တမ်းတင် ပြုစုထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ဆွေးနွေး နားထောင်ခဲ့ပါတယ်။

ဒီအချက်အလက်တွေကို သက်ဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ ဆက်လက် ဆောင်ရွက်သွားဖို့အပြင် ဒီအချက်တွေဟာ နောင်နှစ် လူ့အခွင့်အရေးကောင်စီမှာ တင်မယ့် မစ္စတာ ကင်တားနားရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး မှတ်တမ်းအတွက် အထောက်အကူပြုမှာ ဖြစ်သလို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖြစ်လာရေး အတွက်လည်း ဒီအချက်အလက်တွေက အထောက်အပံ့ပြုမှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“အထောက်အကူ အများကြီးပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Enquiry of Commission နဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှင်းပြတယ်။ ဒီ Enquiry က တရားစွဲဖို့လည်း မဟုတ်ဘူး၊ သတင်းအချက်အလက်နဲ့ တရားဥပဒေဆိုင်ရာ စုံစမ်း စစ်ဆေးမှုပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ အမြဲတမ်း ဒီဥစ္စာကို ထောက်ခံတယ်လို့ ပြောပါတယ်။”

NLD ပါတီရဲ့ ဥပဒေရေးရာ အဖွဲ့ဝင် တဦးလည်းဖြစ်၊ ပြောခွင့်ရသူ တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့အပြီး အရင် စစ်အစိုးရ လက်ထက်က ၃ ကြိမ် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လာရောက် လေ့လာခဲ့ဖူးပါတယ်။ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးမှတ်တမ်း တိုးတက်လာအောင် စေတနာနဲ့ ဆောင်ရွက် ကူညီနေသူတဦး ဖြစ်တယ်လို့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ညနေက မစ္စတာ ကင်တားနားနဲ့ သူ့နေအိမ်မှာ တွေ့ဆုံအပြီး အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေကို ကောင်းမွန်အောင် လုပ်ပေးချင်တဲ့ တကယ့်စေတနာနဲ့ မြန်မာနိုင်ငံအတွက် ကူညီရာမှာ အင်မတန် ကျွမ်းကျင်တဲ့ ကိစ္စရပ်လည်း ဖြစ်တယ်၊ သူ့ကိုတွေ့ရတာ သိပ်ပြီးတော့လည်း အားတက်မိတယ်။”

ပြီးခဲ့တဲ့ မတ်လက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံကလည်း အခုတက်လာတဲ့ အစိုးရသစ် အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို မြန်မာနိုင်ငံတွင်း ဝင်ရောက်စစ်ဆေး လေ့လာခွင့်ပေးဖို့ တိုက်တွန်းချက် ထုတ်ပြန်အပြီး အခု သြဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို မစ္စတာ ကင်တားနား ၅ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG