သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီမံဘဏ္ဍာဝန်ကြီး နဲ့ မြန်မာ့စီးပွားရေး


 စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း
စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးမှုခံနေရတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ရာထူးကနေ နုတ်ထွက်ခဲ့တာဟာ NLD အရပ်သား အစိုးရအဖွဲ့အတွင်း အရေးပါတဲ့ ဝန်ကြီးနေရာ အပြောင်းအလဲ စတင် ပြုလုပ်ခဲ့တာလို့ ဆိုရမှာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်က ဦးကျော်ဝင်းကို စီးပွားရေးဝန်ကြီးရာထူးခန့်အပ်ချိန်မှာ သူရဲ့အရည်အချင်း ပြည့်မီမှု ရှိမရှိ ကန့်ကွက်ဝေဖန်မှုတွေ အကြီးအကျယ်ရှိခဲ့တာပါ။ အခု ဦးကျော်ဝင်း ရာထူးကနုတ်ထွက်ခဲ့ပြီး နောက် မြန်မာ့စီးပွားရေးအလားအလာ အကောင်း၊ အဆိုး သုံးသပ်ချက်တွေ ဘယ်လိုရှိမလဲ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို သူ့သဘောဆန္ဒ အလျှောက် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန် ခဲ့ တာပါ။ သူဟာ NLD အစိုးရအဖွဲ့တွင်း အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံထားရသူ ဖြစ် သလို အဲဒီအတွက်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရ တာလည်းဖြစ်ပါတယ်။ ဦးကျော်ဝင်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ဒဂုံ ဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

အရင်ကလည်း ဦးကျော်ဝင်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး အဖြစ်ခန့်အပ်ချိန်မှာ ကန့်ကွက်မှုတွေ ရှိခဲ့သလို ဝန်ကြီးတဦးအနေနဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေမှာ အားနည်းချက်တွေရှိခဲ့တယ်လို့ ဝေဖန်မှုတွေ အများအပြားရှိခဲ့တာပါ။ အခုလို ဖြစ်ရပ်နဲ့ပတ်သက်လို့ တိုင်းပြည် ပြန်လည် ထူထောင်ရေး အချိန် အရေးပါတဲ့နေရာအတွက် ရွေးချယ်ခန့်အပ်ရာမှာ NLD အစိုးရအတွက် သင်ခန်းစာဖြစ်တယ်လို့ သုံးသပ်ချက်တွေရှိနေပါတယ်။ မြန်မာ့စီးပွားရေးလေ့လာသုံးသပ်နေသူလည်းဖြစ်၊ အရင်က NLD စီးပွားရေး အကြံပေးဟောင်း တဦးလည်းဖြစ်တဲ့ ဦးမင်းခင်ရဲ့ အမြင်ကတော့-

"လူမှန်နေရာမှန်ရအောင် ဘယ်လို ရွေးခြယ်မလဲဆိုတဲ့ ရွေးခြယ်ပုံရွေးခြယ်နည်း၊ ရွေးခြယ်နိုင်တဲ့နည်းလမ်းတွေ၊ စနစ်တွေကို ကျနော်တို့ သေသေချာချာ တည်ဆောက်ထားဖို့လိုတယ်။ ဒါကတချက်ပေါ့၊ နောက်တချက်က တဘက်က လုပ်ပိုင်ခွင့်ပေးသလိုပဲ၊ အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်တွေ တည်ဆောက်ဖို့လိုတယ်။ လွှတ်တော်တို့၊ နောက် သတင်းမီဒီယာတွေ၊ နော်- ပြည်သူလူထုပေါ့နော်။ ဒါတွေ-စတဲ့ အခင်းအကျင်းကို ပြန်လည်ထိန်းကျောင်းနိုင်တဲ့အခင်းအကျင်း ကျနော်တို့ တည်ဆောက်ဖို့လိုတယ်။ မတူတဲ့အမြင်တွေကို နားထောင်ပြီးတော့ ဆွေးနွေးတတ်ဖို့လိုတယ်။ အထူးသဖြင့် နိုင်ငံရေးရာထူးက အရေးကြီးတယ်။ နိုင်ငံရေးရာထူးဆိုတဲ့နေရာမှာ နိုင်ငံရေးအရ မြင်နိုင်၊ ကြည့်နိုင်၊ အကုန်လုံးကို လွှမ်းခြုံပြီးတော့ လိုချင်တဲ့ရည်မှန်းချက်ကို သွားနိုင်တဲ့ဟာလိုတယ်။ ကျနော်တို့မှာ ဘာဖြစ်နေလဲဆိုတော့ နဂိုရှိပြီးသား ယန္တရားကို ဒီအတိုင်းအားကိုးလို့ရမယ်လို့ စဉ်းစားရင် ဒီနေ့လို အခက်အခဲကို ကျနော်တို့ကြုံမှာပဲ။"

ဒါပေမဲ့လည်း နိုင်ငံအတွက် အရေးပါတဲ့နေရာမှာ အပြောင်းအလဲဖြစ်လာတဲ့အတွက်အကောင်းဘက် ဦးတည်မယ်လို့ သုံးသပ်ပေမယ့် မူအရလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဦးမင်းခင်ကဆိုပါတယ်။

"အခုလို အပြောင်းအလဲဖြစ်တာတော့ ယေဘုယျတော့ ကောင်းတယ်လို့ ပြောရမှာပေါ့နော်။ ပိုပြီးတော့ လူမှန်၊ နေရာမှန် ပိုပြီးဖြစ်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ စီးပွားရေးအလားအလာအတွက်လည်း အကောင်းဘက်ကို ကျနော်တို့ ကြည့်လို့ရပါတယ်။ ဒါပေမယ့် လူပြောင်းရုံနဲ့တော့ မပြီးသေးဘူး။ ဒီအပေါ်မှာ တိုင်းပြည်အခြေအနေကို ဘယ်လို စဉ်းစားချဉ်းကပ်မလဲ၊ မဟာဗျူဟာပေါ့နော်-ဒါလေး ကောင်းဖို့ လိုတယ်။ စီမံခန့်ခွဲပုံ ပိုကောင်းအောင် ကျနော်တို့ လုပ်ဖို့လိုတယ်။"

လက်ရှိ မြန်မာ့စီးပွားရေးစနစ် ပိုပြီးကောင်းလာစေဖို့ အရည်အချင်းရှိသူတွေပါဝင်နိုင်ရေး အခွင့်အလမ်းတွေ ဖွင့်ပေးဖို့ လိုအပ်နေကြောင်းလဲဦးမင်းခင်က မြင်ပါတယ်။

"စီမံခန့်ခွဲရေးဆိုတဲ့နေရာမှာ လုပ်ပိုင်ခွင့် ထိထိရောက်ရောက်ပေးဖို့လိုတယ်။ ထိရောက်တဲ့လုပ်ပိုင်ခွင့်၊ လုပ်နိုင်မှုနဲ့ အခွင့်အရေးပေးမှ တကယ်တန်း လူတော်လူကောင်းတွေဆီက သူတို့ရဲ့ပါဝင်မှု၊ သူတို့ရဲ့အားထုတ်မှုတွေကို ထိထိရောက်ရောက် ကျနော်တို့ရမယ်။ အဲဒီအတွက်ကိုလည်း ကျနော်တို့အခြေအနေက တဦးကောင်း၊ တယောက်ကောင်း လုပ်နေလို့မရဘူး။ ဝိုင်းဝန်းပြီးတော့ တကယ် ထိထိရောက်ရောက် လုပ်နိုင်အောင်၊ ပူးပေါင်း ဆောင်ရွက်နိုင်ကြအောင် စီမံခန့်ခွဲ ဖန်တီးပေးဖို့လိုတယ်။ အဲဒီလို အခြေခံကျတဲ့ပြောင်းလဲမှုရှိမှ ရွေ့ချင်တဲ့ အရွေ့က ထိထိရောက်ရောက်ရွေ့မယ်။"

နိုင်ငံတကာငွေကြေားရန်ပုံငွေအဖွဲ့ IMF အပါအဝင် အာရှဖွံဖြိုးရေးဘဏ် ADB၊ ကမ္ဘာဘဏ်တို့ရဲ့ အစီရင်ခံစာတွေအရ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာ့စီးပွားရေး ပြန်လည်တည်ငြိမ်လာတယ်လို့ ဖေါ်ပြထားပါ တယ်။ စီးပွားရေးဆက်လက် တိုးတက်ဖွံဖြိုးလာဖို့ ဦးစားပေးအဆင့်တွေဖြစ်တဲ့ ဘဏ္ဍာ စီမံ ခန့်ခွဲမှု၊ ဘတ်ဂျက်လိုငွေပြမှု လျော့ချရေးနဲ့အစိုးရပိုင်လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲတာ တွေကို ဦးစီး လုပ်ဆောင်ဖို့ အရည်အချင်းပြည့်ဝတဲ့ ဝန်ကြီးတဦးလိုအပ်နေတာပါ။ လက်ရှိမှာတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးနေရာ အသစ်အတွက် လက်ရှိ ဒုတိယဝန်ကြီး ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း ဦးဆက်အောင်ကို ခန့်မှန်းပြောဆိုတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG