သုံးရလွယ်ကူစေသည့် Link များ

ရခိုင်အမျိုးသားပါတီ ရွေးကောက်ပွဲအနိုင်ရရှိမှု အခြေအနေ


(ဓာတ်ပုံ - ရခိုင်အမျိုးသားပါတီ Facebook)

ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲ အစောပိုင်း ရလဒ်တွေအရ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာ တော်တော်များများကို ရခိုင်အမျိုးသားပါတီ ANP က အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် စစ်မှန်တဲ့ ဖယ်ဒရယ်စနစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ရနိုင်ပါ့မလား ဆိုတာကိုတော့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

တနင်္ဂနွေကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်ရာမှာ ရခိုင်အမျိုးသားပါတီ ANP ဟာ အာဏာရကြံခိုင်ဖွံဖြိုးရေးပါတီ USDP ကို နေရာအများစုမှာ အနိုင်ရခဲ့ကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရခဲ့တဲ့ ANP ခေါင်းဆောင်တဦးဖြစ်သူ ဦးဘရှင်က ဗွီအိုအေ ကို ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ကျနော်တို့ နိုင်တဲ့နေရာက ပြည်နယ်လွှတ်တော်မှာ ၂၃ နေရာ အနိုင်ရတယ်လို့ ကျနော်တို့က စာရင်းရထားပါတယ်။ အတည်ပြု လက်မှတ်မထိုးသေးတာလောက်တော့ ရှိကောင်းရှိနိုင်တယ်။ မဲစာရင်းတွေကတော့ ထွက်နေပြီးပြီပဲ။ ထွက်နေတဲ့အချိန်ကတည်းကဆိုရင် အမျိုးသားလွှတ်တော်မှာ ၁၂ နေရာရှိတဲ့ထဲက ၁၀ နေရာ ကျနော်တို့ ရတာပေါ့။ ပြည်သူ့လွှတ်တော်မှာက ၁၇ နေရာမှာ ရှိတဲ့နေရာမှာ ကျနော်တို့က ၁၂ နေရာ ရမှာပေါ့။”

ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်တွေဘက်က မသမာမှုတချို့ ရှိခဲ့ပေမဲ့ မဲဆန္ဒနယ်မြေ အများစုမှာ သူတို့ပါတီ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရခဲ့တယ်လို့ ဦးဘရှင်က ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားပါတီကြီး တခုဖြစ်လာမယ့် ANP အနေနဲ့ ရွေးကောက်ပွဲအပြီး အာဏာရလာမယ့် ပါတီနဲ့ပတ်သက်လို့ သဘောထားကိုတော့ ဦးဘရှင်က အခုလို ပြောပါတယ်။

“တိုင်းရင်းသား လူမျိုးတွေကို လူမျိုး ၈ မျိုးရှိတယ်။ ဒီလူမျိုး ၈ မျိုးကို အခြေခံတဲ့ ပြည်နယ်တွေနဲ့ ပြည်ထောင်စုကို ဖွဲ့စည်းရမယ်။ ရည်ရွယ်ချက်ကို အခြေခံပြီးတော့ နောက် တိုင်းရင်းသားအားလုံး တန်းတူရေး၊ ဒီမိုကရေစီရေး ဆိုတဲ့ အချက်တွေ ရှိပါတယ် ကျနော်တို့က။ ဒီမူတွေကို လက်ခံတဲ့ ဗမာခေါင်းဆောင်တွေ ထူထောင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကျနော်တို့ စကားပြောရမှာပေါ့။ အခုက ဗမာခေါင်းဆောင်တွေ ထူထောင်တဲ့ နိုင်ငံရေးပါတီတွေက ဘယ်ပါတီမှ တိုင်းရင်းသားတွေကို တန်းတူရည်တူလို့ ဘယ်နိုင်ငံရေးပါတီကမှ လက်မခံဘူးလေ။”

ဒီအတောအတွင်းမှာပဲ ဘာသာရေး၊ လူမျိုးရေးအရ အသိုင်းအ၀ိုင်းနှစ်ခုကြား ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲမှာ ဘာသာခြားတွေ ကန့်သတ်ခံခဲ့ရတဲ့အပေါ် ရခိုင်ပြည်နယ်အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီလူတွေက မဲထည့်ခွင့် မရှိတော့လည်း သူတို့အချင်းချင်းပဲ ထည့်ပြီးတော့ မဲရသွားတယ်ပေါ့။ ရခိုင်မှာကျတော့ ဒီ မူဆလင်တွေကို တစ်ရက်၊ နှစ်ရက် ကြိုတင်ပြီးတော့ မဲထည့်မယ့်နေ့ အပြင်မထွက်ဖို့လို့ အာဏာပိုင်တွေက အဲ့လို အမိန့်ထုတ်ထားတယ်။ သူတို့ ရခိုင်တွေပဲ သူတို့အချင်းချင်း မဲထည့်၊ သူတို့အချင်းချင်းပဲ နိုင်သွားတာပေါ့။ အစ္စလာမ်ဘာသာဝင်တိုင်း မဲပေးခွင့် မရှိဘူး။ အဲဒီ အစ္စလာမ်ဘာသာထဲမှာ ကမန် ဆိုတဲ့ လူမျိုးတမျိုးရှိတယ်။ သူတို့မှာ စိစစ်ရေး ကဒ်ပြားတွေ ဘာတွေလည်း ရှိတယ်။ သူတို့ကျတော့ မဲထည့်ခွင့်ရှိတယ်ပေါ့။ တနည်းအားဖြင့်ဆိုရင် အစ္စလာမ်ဘာသာထဲမှာ ရိုဟင်ဂျာလို့ ပြောတဲ့လူတွေကို မဲထည့်ခွင့်၊ အရွေးခံခွင့် မပြုတာပေါ့ အဲဒါပဲ။”

ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာကို ရခိုင်တိုင်းရင်းသားတွေဘက်က ပါဝင်ဖြေရှင်းခွင့် မရတာဟာ အခြေအနေတွေကို ပိုပြီး ခက်ခဲစေတယ်လို့ မြင်ကြောင်း ဦးဘရှင်က ပြောပါတယ်။

“ဖြစ်နေတာက ကျနော်တို့ ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂါလီနဲ့ ကျနော်တို့ ရခိုင်တွေ ပြဿနာ ဖြစ်နေကြတာ။ အငြင်းပွားမှု ဖြစ်နေကြတာ။ အကျပ်အတည်း တွေ့နေကြတာ။ ဒါပေမဲ့ ဖြေရှင်းတာက ဗမာခေါင်းဆောင်တွေ ဖြေရှင်းတာ။ အဲဒါကိုယ်တိုင်က အမှားကြီး။ ဒီအမှားကြီးကို ကျနော်တို့က ကိုယ်ကိုယ်တိုင် ဖြေရှင်းဖို့ လိုတယ်။ ကိုယ်ကိုယ်တိုင် ဖြေရှင်းပိုင်ခွင့်ကို ဗမာခေါင်းဆောင်တွေဆီက ကျနော်တို့က ဒါ ဥပဒေအရကို လိုချင်နေကြတာ။”

ရခိုင်အမျိုးသားပါတီအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ နေရာပေါင်း ၇၇ နေရာကို ၀င်ရောက်ယှဉ်ပြိုင်ရာမှာ လက်ရှိထွက်လာတဲ့ စာရင်းတွေအရ ၅၅ နေရာမှာ အနိုင်ရထားတယ်လို့ ပါတီဝာာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG