ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ ပြည်ခိုင်ဖြိုး ပါတီဆီကနေ အစိုးရအာဏာ လွဲှပြောင်းရယူခဲ့ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဆင့် တစ်ခုအဖြစ် ပြည်တွင်းကရော ပြည်ပကပါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရ တာဝန်ရယူပြီး နောက်တစ်နေ့မှာပဲ အင်န်အယ်လ်ဒီ အစိုးရဟာ လွှတ်တော်တွင်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အငြင်းပွားဖွယ် ဥပဒေကြမ်း တစ်ခုကို တင်သွင်းခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့မှာတော့ တပ်မတော်သား အမတ်တွေနဲ့ ပြည်ခိုင်ဖြိုး အမတ်တွေက ကန့်ကွက်ခဲ့ကြတဲ့တိုင် ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ် အတည်ပြုပေးလိုက်ကြပါတယ်။ အဲဒီ ဥပဒေကတော့ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မယ့် “နိုင်ငံတော်ဇ။် အကြံပေး ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း” ဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းမှာ ဘာတွေ ဖော်ပြထားသလဲ၊ ဥပဒေကြမ်းရဲ့ ဆိုလိုရင်းဟာ ဘာလဲ၊ တပ်မတော်သား အမတ်တွေက ဘာကို အကြောင်းပြပြီး ကန့်ကွက်ကြသလဲ၊ ဒီ ဥပဒေကြမ်း တင်သွင်းမှု နောက်ဆက်တွဲ ဘာပြသနာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ဥပဒေကြမ်း ဆိုလိုရင်း အနှစ်ချုပ်ကတော့ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ဖို့ ဖြစ်ပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေး၊ သမ္မတရုံး၊ ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန လေးခုကို တာဝန်ယူထားပြီးသူ အစိုးရအဖွဲ့ဝင် တစ်ယောက် ဖြစ်နေပါပြီ။ အစိုးရအဖွဲ့ဝင်တစ်ယောက် ဖြစ်သွားလို့ ပါတီလုပ်ငန်းဆောင်တာတွေမှာ ဝင် မပါရတော့ပေမယ့် ပါတီဥက္ကဌ အနေနဲ့ ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ အစိုးရဝန်ကြီးဖြစ်ပြီးနောက် လွှတ်တော် အမတ်အဖြစ်ကနေလည်း နှုတ်ထွက်ပြီးသား ဖြစ်သွားပါပြီ။ ဒီလို အနေအထားအောက်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်မယ် ဆိုတာမျိုး ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူး ဆိုပြီး ကန့်ကွက်ပါတယ်။ လွှတ်တော်တွင်းမှာ ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက် ဆွေးနွေးမှု တစ်ချို့ရှိခဲ့ပေမယ့် တပ်မတော်သား အမတ် ဗိုလ်မှူးချုပ် ခင်မောင်အေး ရဲ့ ဆွေးနွေးချက်ကတော့ လိုရင်းကို ရောက်တာ တွေ့နိုင်ပါတယ်။ သူက ပထမ ဦးဆုံး နိုင်ငံတော်ဇ။် အကြံပေး ပုဂ္ဂိုလ် ဆိုတာကြောင့် “နိုင်ငံတော်” ဆိုတာကို အဓိပ္ပါယ် ဖွင့်ပါတယ်။ ဥပဒေကြမ်းထဲမှာ “နိုင်ငံတော် ဆိုတာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကို ဆိုလိုသည်” ဆိုပြီး အဓိပ္ပါယ်ဖွင့်ပေးထားပါတယ်။ ဗိုလ်မှူးချုပ် ခင်မောင်အေးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၇ ကို ကိုးကားပြီး နိုင်ငံတော် ဆိုတာ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှု အခွင့်အာဏာကိုသော် လည်းကောင်း ကျင့်သုံးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ကို ဆိုလိုတယ် ဆိုပြီး ထောက်ပြပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဆိုတဲ့ စကားရပ်ဟာ ဥပဒေပြုမှု အခွင့်အာဏာကိုဖြစ်စေ၊ အုပ်ချုပ်မှု အခွင့်အာဏာ ကိုဖြစ်စေ နှစ်မျိုးစ လုံးကို ကျင့်သုံးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်ရဲ့ အတိုင်ပင်ခံ လို့ အဓိပ္ပါယ်ကောက်ရမယ် ဆိုပြီး ရှင်းပြပါတယ်။
ဒါကြောင့် ဗိုလ်မှူးချုပ် ခင်မောင်အေးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ (က) ပါ ပြဌာန်းချက်ကို ကိုးကားပြီး နိုင်ငံတော် အချုပ်အခြာ အာဏာရဲ့ ခက်မ သုံးဖြာ ဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုတယ် ဆိုတဲ့ ပြဌာန်းချက်ကို ဆန့်ကျင်နေတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရပါတယ် ဆိုပြီး တင်ပြပါတယ်။
သူ့ဆိုလိုရင်း တစ်ခုလုံးကို ခြုံငုံကြည့်ရင် ဖွဲ့စည်းပုံမှာ ဖော်ပြမထားပေမယ့် ဒီကိစ္စ ဥပဒေပြုမယ် ဆို ပြုလို့ရတယ်၊ ဒါပေမယ့် အခု ဥပဒေကြမ်းမှာ အနက်အဓိပ္ပါယ် ဖွင့်ဆိုထားပုံတွေဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီလို့ ပြင်ဆင်ရေး ဆွဲပြီးမှ သာ ပြဌာန်းသင့်တဲ့အကြောင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ဘက်က ကြိုတင် ပြောဆိုထား သလို နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် ဆောလျင် စွာ ပြဌာန်းနိုင်အောင် ကြိုးစားမယ် ဆိုတဲ့ စကားနဲ့အညီ ဧပြီလ ၁ ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
ဒီလို မဲခွဲဆုံးဖြတ် အတည်ပြုရာမှာတောင် အရင် ဥပဒေကြမ်းတွေမှာ လုပ်ခဲ့သလို၊ ဥပဒေကြမ်းနာမည်၊ အမည်နဲ့ အဓိပ္ပါယ် ဖော်ပြချက်၊ ရည်ရွယ်ချက်၊ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်၊ အထွေထွေ အခန်းတိုင်းမှာပါတဲ့ အပိုဒ် တစ်ခုချင်းစီ အလိုက် အတည်ပြုတာမျိုး မလုပ်တော့ပဲ၊ ပြင်ဆင်လိုတဲ့ အပိုဒ် တစ်ခုကိုပဲ သီးသန့် မဲခွဲပြီး၊ ကျန်တာအားလုံးကို သဘောတူ မတူ စုပေါင်း မဲခွဲတဲ့ စနစ် ကျင့်သုံးခဲ့ပါတယ်။ ဒီလိုနဲ့ ဥပဒေကြမ်းဟာ ထောက်ခံသူ ၁၄၀ နီးပါး၊ ကန့်ကွက်သူ မဲ ၇၀ နဲ့ အတည်ဖြစ်ခဲ့ ပါတယ်။ ပြီးရင် ဒီ ဥပဒေကြမ်း ပြည်သူ့လွှတ်တော် ဘက်ကို ရောက်ပါ မယ်။ ပြည်သူ့လွှတ်တော်ဘက်ကလည်း အခု အတိုင်းဆို မြန်မြန်ဆန်ဆန် အတည်ပြုပေးလိုက်တယ် ဆိုရင် အမျိုးသားလွှတ်တော်ဘက်ကိုလည်း ပြန် ပို့ပေးစရာ မလိုတော့ပဲ အတည်ဖြစ်သွားပါလိမ့်မယ်။ ဒါကို သမ္မတ ဦးထင်ကျော်က လည်း မြန်မြန်ဆန်ဆန် လက်မှတ်ထိုးပေးမှာ ဖြစ်တဲ့အတွက် အခုသီတင်းပတ် အတွင်း ဥပဒေ အတည်ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာတော့မှာပါ။ အုပ်ချုပ်ရေးပိုင်းမှာ ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ အနေအထားကနေ ဥပဒေပြုရေး ဖြစ်တဲ့ လွှတ်တော်ဘက်ကို အကြံပေးနိုင်တဲ့၊ ဆက်သွယ်ဆောင်ရွက် နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်လာမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ဘက်ကတော့ ဒါကို ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ပြော ထားလေတော့ ဘာဆက်လုပ်နိုင်ပါသလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကို တက်နိုင်ပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တပ်မတော်ဘက်က ဘယ်သူ တစ်ဦး တစ်ယောက်မှ ခုံရုံးကို တိုက်ရိုက် စောဒက မတက်နိုင်ပါဘူး။ လွှတ်တော် တစ်ခုခုထဲက အမတ် ၁၀ ရာခိုင်နှုန်းကသာ အဲဒီ လွှတ်တော်ဥက္ကဌကနေ တ ဆင့် စောဒက တက်နိုင်ပါတယ်။ တပ်မတော်ဘက်က အဲဒီနည်းအတိုင်း စောဒ က တက်လာနိုင်ပါတယ်။ ခုံရုံးက ဒီဥပဒေကို ဖွဲ့စည်းပုံနဲ့ ညီတယ်လို့ ဆုံးဖြတ် ရင် ဖြစ်စေ၊ မညီဘူးလို့ ဆုံးဖြတ်ရင် ဖြစ်စေ တိုင်းပြည်အတွက် သိပ်ကောင်းမှာ မဟုတ်ပါဘူး။
ဖွဲ့စည်းပုံနဲ့ မညီဘူး ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်က ကြိုးပမ်းသမျှ သဲထဲရေသွန် ဖြစ်မှာပါ။ ညီတယ် ဆိုရင် အနည်းဆုံးအဆင့် တပ်မတော်ဘက်နဲ့ အင်န်အယ်လ်ဒီဘက် မကျေလည်မှုတွေ ထပ်ဖြစ်ကြပါဦးမယ်။ သိပ်မကြာသေးခင်တုန်းကပဲ ၅၉(စ) ဆိုင်းငံ့ရေးကိစ္စ၊ တပ်ချုပ်ဘက်ကနေ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် (၄) နေရာ တောင်းတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး အဖုအထစ်တွေ ဖြစ်ခဲ့ပါသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တပ်မတော်က သူ့ဖာသာသူ စစ်အာဏာသိမ်းနိုင်တဲ့ ပြဌာန်းချက် မပါပါဘူး။ ဒါပေမယ့် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့နဲ့ တပ်မတော် ဆက်ဆံရေး အဆင်မပြေရင် ရှေ့ အကောင်အထည် ဖော်ရမယ့် လုပ်ငန်းဆောင်တာပေါင်း များစွာမှာ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။