သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးမူဝါဒဆိုင်ရာ နိုင်ငံလုံး ကျောင်းသားညီလာခံကျင်းပ


အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်တဲ့ ကျောင်းသားထုအရေးပေါ်အစည်းအဝေး ရန်ကုန်မြို့မှာ ကျင်းပနေစဉ်
အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်တဲ့ ကျောင်းသားထုအရေးပေါ်အစည်းအဝေး ရန်ကုန်မြို့မှာ ကျင်းပနေစဉ်

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုရဲ့ အရေးပေါ် အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး တိုင်းနဲ့ပြည်နယ် အသီးသီးက တက်ရောက်လာကြတဲ့ ကျောင်းသား ကိုယ်စားလှယ်တွေက လွှတ်တော်က ပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေအပေါ်မှာ လက်ခံနိုင်မှုမရှိတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ကျောင်းသားသမဂ္ဂ အဖဲ့ွဝင်တွေ အပါအဝင် ကျောင်းသားအင်အား ၅၀၀ခန့်က အာဏာပိုင်တွေ ပိတ်ပင်နေတဲ့ ကြားကပဲ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

မြန်မာတနိုင်ငံလုံးက ကျောင်းသားထု ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ အရေးပေါ် အစည်းအဝေးမှာ ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေပါ အချက်အလက်တွေဟာ ကျောင်းသားထုနဲ့ ကိုက်ညီမှုမရှိတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။ အစည်းအဝေး ပထမနေ့မှာတော့ ကျောင်းသားအင်အား ၅၀၀ ခန့်ဟာ သူတို့ရဲ့အခက်အခဲတွေကို ဖလှယ်ဆွေးနွေးမူတွေ လုပ်ခဲ့ကြပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးရဲ့ ပထမနေ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ အစည်းအဝေးပွဲ ဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော် က အခုလို ပြောပါတယ်။
“ဗဟိုချုပ်ကိုင်မှုစနစ် လုံးဝအပြည့် ပါနေတာ၊ ကျောင်းမှာလည်း ဆရာ၊ ဆရာမတွေနဲ့ သော်လည်းကောင်း၊ ကျောင်းအုပ်ချုပ်ရေးပိုင်း အနေနဲ့လည်း စီမံခန့်ခွဲမှု အပြည့်သုံးနေတာတွေ ရှိနေတဲ့ အပိုင်းမှာ ဒီလိုဗဟိုချုပ်ကိုင်မှုပါတဲ့ ပညာရေးပြဌာန်းမှုက အခုလိုပဲ လက်ရှိ ဆရာ၊ ဆရာမတွေ ကျောင်းအာဏာပိုင်တွေရဲ့ ဆောင်ရွက်ပုံမျိုးတွေကို ရှင်သန်စေတဲ့ ပုံစံမျိုးတွေလည်းရှိတဲ့ အချက်တွေကို သူတို့ထောက်ပြတယ်။ နောက် ကျောင်းဆရာ၊ ဆရာမတွေရဲ့ အခွင့်အရေးတွေ၊ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ဖို့အတွက် ကျောင်းသားသမဂ္ဂတွေ၊ ဆရာများအသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ကို တားဆီးထားတဲ့ အချက်တွေကို ထည့်သွင်းထားတာတွေကိုလည်း သူတို့ထောက်ပြတယ်။ လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ဆိုတာကို ပြောထားပြီးတော့ ဒီမိုကရေစီစံနှုန်းနဲ့ ပြည့်စုံအောင်ဆိုပြီး၊ သူတို့ပြောထားပြီးတော့ ပုဒ်မတခုမှာကျတော့ ဘာသာရေးနဲ့ နိုင်ငံရေးကို ဆက်နွယ်ပတ်သက်မှု မရှိရဆိုပြီး တားဆီးပိတ်ပင်ထားတဲ့ အချက်မျိုးကိုလည်း ထောက်ပြတာတွေလည်း ရှိတယ်။

အဓိကဒီမှာ နောက်ထပ် တိုးလာတဲ့ အချက်တွေကတော့၊ မသန်မစွမ်း ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ တန်းတူပညာသင်ခွင့် ရရှိဖို့ရယ်၊ နောက် တိုင်းရင်းသား ဒေသတွေမှာ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ တိုင်းရင်းသားစကား မတတ်ဘဲနဲ့ လာရောက်သင်ရတဲ့ ဆရာ၊ ဆရာမတွေနဲ့ တိုင်းရင်းသားတွေနဲ့ အခက်အခဲ ပြဿနာတွေ၊ သင်ကြားရတဲ့ အခါမှာ တိုင်းရင်းသားတွေက နားလည်ဖို့ ကြိုးစားရင်းနဲ့ ပညာရေး သင်ကြားမှုကို နောက်ကျနေခဲ့တဲ့အတွက် မိခင်ဘာသာစကားနဲ့ သင်ယူခွင့် ရရှိရေးဆိုင်ရာ စသဖြင့်ပေါ့ အဲဒါတွေ တော်တော်များများကို ဒီမှာတက်ရောက်လာတဲ့ တိုင်းရင်းသားတွေရော၊ ကျောင်းသား၊ ကျောင်းသူတွေရော ထည့်သွင်းဆွေးနွေးကြတယ်ခင်ဗျ။”

ကျောင်းသားတွေ အနေနဲ့ ဒီအစည်းအဝေး ကျင်းပနိုင်ဖို့အတွက် အဟန့်အတားတွေလည်း ကြုံခဲ့ရတာပါ။ တနိုင်ငံလုံးက တက်ရောက်ကြမယ့် ကျောင်းသား ကိုယ်စားလှယ် ၅၀၀ ခန့်နဲ့ တခြားဖိတ်ကြား ခံရတဲ့သူတွေ အပါအဝင် အင်အား ၆၀၀ကျော် ၇၀၀ နီးပါး အစည်းအဝေး ပြုလုပ်မယ့် နေရာတိုင်းကို ဖိအားပေးမှုတွေ ကြုံရတာကြောင့် နောက်ဆုံးမှာ နာရေးကူညီမှုအသင်းက ကူညီပြီး နေရာထိုင်ခင်း စီစဉ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဟန့်တားမှုတွေကို ကြုံခဲ့ရပြီးတဲ့ နောက်မှာတော့ အစည်းဝေးရဲ့ ပထမနေ့မှာ အာဏာပိုင်တွေက ကျောင်းသားထုရဲ့ အရေးပေါ် အစည်းဝေးကို လာရောက် စောင်ကြည့်မှုတွေ ရှိတယ်ဆိုပြီး ကိုရဲရင့်ကျော် က ဆက်ပြောပြပါတယ်။
“မရမ်းကုန်း မထမမ မျက်မမြင်ကျောင်းမှာ ကျင်းပမယ်ဆိုတုန်းကလည်း မရမ်းကုန်း အာဏာပိုင်က တားတယ်၊ ဒီနာရေးကူညီမှုအသင်းမှာ ဆောင်ရွက်မယ် ဆိုတော့လည်း ၁၀ ရက်နေ့ နေ့လည် ၁ နာရီက မနေ့က လာပြီးတော့ ရဲတပ်ဖွဲ့ကတားတယ်။ ဒါပေမဲ့ ဒီဘက်က နာရေးကူညီမှု အသင်းက တာဝန်ရှိသူတွေကလည်း ဒီဟာက ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ကျနော်တို့ဖက်က ရပ်တည်ပြီးတော့ ကူညီဖြေရှင်းပေးတယ်။ ခွင့်ပြုချက်ကိုလည်း မတင်ဘဲနဲ့ ဆောင်ရွက်သွားမယ်လို့ သူတို့က ပြန်လည် တုန့်ပြန်လိုက်တဲ့ အခါမှာ ရဲတပ်ဖွဲ့ကတော့ စီစဉ်သူတွေရဲ့ နာမည်စာရင်း တောင်းပြီးတော့ ပြန်သွားတယ်။ ဒီနေ့ကျင်းပတဲ့ အချိန်မှာတော့ စရဖ တွေတို့ SB တွေတို့ ဒီမှာ ကျနော်တို့ ကျင်းပတဲ့ ခမ်းမနဲ့ နားနေဆောင်ကလည်း ကပ်နေတဲ့အခါ သူတို့က လာရောက် စောင့်ကြည့်တာ၊ သတင်းယူတာတော့ရှိတယ်။”

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အစည်းအဝေးဟာ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ် အပါအဝင် ကျောင်းသား အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပကြတာ ဖြစ်ပါတယ်။ ဒီပညာရေး ဥပဒေဟာ ကျောင်းသားတွေရဲ့ လိုလားချက်တွေနဲ့ ဆန့်ကျင်နေတာကြောင့် ကျောင်းသားတွေ လိုလားတဲ့ ဆန္ဒသဘောထားတွေကို ၂ ရက်ကြာ ပြုလုပ်မယ့် အရေးပေါ် အစည်းအဝေး အပြီးမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG