ဆီးရီးယားမှာ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းခြင်း မပြုတော့ပါဘူးလို့ သမ္မတ ဘက်ရှာအယ်လ်အဆဒ် (Bashar al-Assad) ရဲ့ အစိုးရက ကတိပြုထားတာကို အကောင်အထည် မဖော်မချင်း ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ဝင်နိုင်ငံ အဖြစ်ကနေ ရပ်ဆိုင်းထားမယ်လို့ ဒီကနေ့ ကိုင်ရိုမြို့တော်မှာကျင်းပတဲ့ အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးကနေ ကြေညာလိုက်ပါတယ်။
အာရပ်အဖွဲ့ချုပ်ရဲ့ လက်ရှိသဘာပတိဖြစ်တဲ့ ကာတာနိုင်ငံ ၀န်ကြီးချုပ် ဟာမတ် ဘင် ဂျက်ဆင် အယ်လ်သနီ (Hamad bin Jassim al-Thani) က သတင်းထောက်တွေကို ပြောကြားရာမှာ ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်မှာ ဆီးရီးယားနိုင်ငံ ဆက်ပြီးတော့ အဖွဲ့ဝင်အဖြစ် ရှိနေသေးချင်တယ်ဆိုရင် လမ်းတွေပေါ်ကနေ လုံခြုံရေးတပ်တွေကို ရုတ်သိမ်းတာ၊ အတိုက်အခံတွေနဲ့ ဆွေးနွေးတာ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ စတာတွေကို မလွဲမသေ လုပ်ဆောင်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမှာရှိတဲ့ အာရပ်နိုင်ငံအားလုံးက သံအမတ်ကြီးတွေကို ပြန်လည်ခေါ်ယူပြီး အာရပ်နိုင်ငံတွေ အနေနဲ့ ဆီးရီးယားကို စီးပွားရေးအရ အရေးယူပိတ်ဆို့ဒဏ်ခတ်တာတွေ ချမှတ်ဖို့ အာရပ်အဖွဲ့ချုပ်က တောင်းဆိုလိုက်ကြောင်းလည်း ကာတာ ၀န်ကြီးချုပ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့မတ်လက စပြီး ဆီးရီးယားမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းခဲ့လို့ လူပေါင်း ၃ ထောင်ကျော် သေဆုံးခဲ့ရတာမှာ မနေ့က နိုဝင်ဘာလ ၁၁ ရက်နေ့က ပစ်ခတ်နှိမ်နင်းမှုကတော့ တနိုင်ငံလုံးမှာ အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ရတာကြောင့် မယုံနိုင်စရာ ရက်စက်လှတဲ့ သောကြာနေ့လို့ ဒီကနေ့ကျင်းပနေဆဲ အာရပ်အဖွဲ့ချုပ်ဝင် ၀န်ကြီးတွေရဲ့ အစည်းအဝေးကနေ ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားဟာ အကြမ်းဖက်မှုတွေရပ်မယ်ဆိုပြီး ကတိပေးထားတဲ့ အတွက်ကြောင့်မိုလို့ အခု ကတိဖောက်ဖျက်မှုအပေါ် အာရပ်အဖွဲ့ချုပ်က အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပြီး အခုလို အဖွဲ့ဝင်အဖြစ်ကနေ ဆီးရီးယားကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။