သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်း သာပေါင်းကျေးရွာ လူကုန်ကူးမှု ကန့်ကွက်ဆန္ဒပြ


ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ လူကုန်ကူးခံရမှုနဲ့ ပတ်သက်လို့ ဆန္ဒပြမှုတွေ ရှိနေတာပါ။ သာပေါင်းမြို့နယ် ကန်ကြီးဒေါင့်အပိုင်က ကျေးရွာသားတွေ ဟာ ဒေသခံတွေအချင်းချင်း အဆက်အသွယ်နဲ့ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ကြပြီး အဲ့ဒီမှာ လုပ်အားခေါင်းပုံဖြတ်ခံရတာနဲ့ လူကုန်ကူးခံရမှုတွေ ရှိတယ်ဆိုပြီး တိုင်တန်းရာကနေပြီးတော့ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတဦးက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ဧရာဝတီတိုင်း သာပေါင်းနဲ့ ကန်ကြီးဒေါင့်မြို့နယ်ထဲမှာပါတဲ့ ကျေးရွာသားတွေ ကို တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးကနေ ထိုင်းနိုင်ငံမှာ အလုပ်ကောင်းရမယ်ဆိုပြီး ပို့ဆောင်ပေးခဲ့တာပါ။ ဒီအတွက် ပုသိမ်မြို့မှာရှိတဲ့ လူကုန်ကူးတိုက်ဖျက်ရေး ရဲတွေကို တိုင်ကြားခဲ့ပေမဲ့ အရေးယူ ဆောင်ရွက်မှု မရှိဘဲ တိုင်ကြားသူကို ခေါ်ယူစစ်ဆေး ဖိအားပေးခံရကြောင်း ဒီအတွက် ဆန္ဒပြတာဖြစ်ကြောင်း ထိုင်းနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်လာသူ ကိုမောင်ဇော် က ဆိုပါတယ်။

“လဝကဦးစီးက ခေါ်ပြီးတော့မေးတဲ့အခါမှာ ကျနော့်ကို သူများနိုင်ငံမှာ သွားအလုပ်လုပ်တာ တရားဝင် ပတ်စ်ပို့မရှိဘဲ သွားတဲ့အတွက်ကြောင့်ဆိုပြီး သူက ကျနော့်ကို ထောင် ၆ လကနေ ၆ နှစ် ချပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ဖိအားပေးပြီးတော့ ညှဉ်းပမ်းတာရှိတယ်။ နောက်ရက်ကျတော့ ကျနော့်ကို ထပ်ပြီးတော့ ခေါ်စစ်တဲ့အခါမှာ ဖိအားပေးပြီးတော့ တရားခံတွေကို စစ်ဆေးမေးမြန်းခြင်းလုပ်ရမယ့်ဟာကို အဲ့လိုမလုပ်တော့ဘဲနဲ့ ကျနော့်ကိုသာ သူတို့က ခဏခဏ ခေါ်စစ်တာပဲရှိတယ်။ ခေါ်စစ်တယ်ဆိုတာကလည်း ဖိအားပေးစစ်နေတာ။ ဒီအမှုမှန်ပေါ်ပေါက်အောင်လို့ စစ်တာမဟုတ်ဘဲနဲ့ ကျနော့်ကို ခေါ်ပြီးတော့ မာန်မဲနေတယ်။ သူတို့လုပ်မပေးတော့လည်း ကျနော်တို့က နေပြည်တော်ကို လှမ်းအကူအညီတောင်းတယ်။ နေပြည်တော် ကလည်း ကျနော့်ကို လှမ်းအကူအညီပေးပါတယ် ကျနော့်ကို။ ဖြစ်တဲ့ဟာတွေကို ပုသိမ်ကို အကြောင်းကြားပေးပါမယ်ဆိုပြီး အကြောင်းကြားပေးပါတယ်။ ပုသိမ်ဌာနက ကျနော့်ကို လှမ်းခေါ်ပြီးတော့ နေပြည်တော်ကို ဖုန်းဆက်လို့ဆိုပြီးတော့ ကျနော့်ကို မာန်မဲပါတယ်။ အုပ်ချုပ်ရေးမှူးဦးသိန်းအောင်က လွတ်နေပြီးတော့ ဖိနှိပ်မှုတွေ တအားလုပ်နေတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က မခံနိုင်အားကြီးလို့ ဆန္ဒပြဖြစ်တာပါအမ။”

လူကုန်ကူးခံရသူတွေနဲ့ သူတို့မိသားစုဝင်တွေ အပါအဝင် လူ ၁၀၀ ခန့်က ပုသိမ်လူကုန်တား ရဲတပ်ဖွဲ့ရုံးရှေ့မှာ ဆန္ဒပြကြတာပါ။ မြန်မာနိုင်ငံ ထားဝယ်မြို့ဘက်ကနေ တောလမ်း၊ ရေလမ်း၊ ကားလမ်းတွေနဲ့ ထိုင်းနိုင်ငံထဲကို တရားမဝင် ပို့ဆောင်တာ ခံခဲ့ရပုံကိုလည်း ကိုမောင်ဇော် က ပြောပါတယ်။

“တောထဲလမ်းအတိုင်း ကျနော်တို့ကို ခေါ်ပါတယ်ခင်ဗျ။ ၅ သိန်းနဲ့ခေါ်ပြီးတော့ ထိုင်းနယ်စပ်လည်းရောက်ရော ကျနော်တို့က ပြေးရပါသေးတယ်ခင်ဗျ။ ၃ နာရီလောက်ပြေးပြီးတော့ တောထဲမှာ ဝင်ပုန်းနေရပါသေးတယ်။ ထိုင်းပုလိပ်တွေလို့ သူတို့ ပြောလို့သာ ကျနော်တို့က ပြေးရတာ တောထဲမှာ ပုန်းနေရပါသေးတယ် ကျနော်တို့။ ကျနော်တို့ရောက်သွားတော့ လယ်ရောင်မြို့ဆိုတဲ့နေရာကို ရောက်သွားပြီး နေရတာခင်ဗျ။ ကျနော်တို့ ဟိုကျမှ စုံစမ်းကြည့်တော့ ကမ္ဘောဒီးယားအစပ်လို့တော့ ပြောတယ် ကျနော်တို့ကို။ ကျနော်တို့ ဟိုနိုင်ငံကိုရောက်သွားတော့ စက်ရုံလည်း မဟုတ်ပါဘူး။ နေပူကျဲကျဲ ပင်လယ်ကမ်းစပ်က လှည်းကွင်းထဲမှာ ကျနော်တို့ ငါးခြောက်လှမ်းရပါတယ် ခင်ဗျ။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဧရာဝတီတိုင်းက လူကုန်ကူးမှု တားဆီရေးရဲတပ်ဖွဲ့က ဒုရဲမှူး သက်ဦးကိုလည်း ဆက်သွယ် မေးမြန်းကြည့်ခဲ့ပါတယ်။

“ဥပဒေကို သေသေချာချာ နားလည်မှု မရှိတဲ့အတွက်ပေါ့ ဒီပြဿနာမျိုးလေးတွေ ပေါ်လာတာပေါ့။”

မေး။ ။ သူတို့တိုင်တဲ့အထဲမှာပေါ့ သူတို့ နယ်စပ်ကနေပြီးတော့ လာရတယ်။ တောလမ်းကနေပြီးဖြတ်ရတယ်။ ထိုင်းနိုင်ငံ လယ်ရောင်မြို့ကို ရောက်တယ်လို့ ပြောတယ်ပေါ့နော်။ အဲ့လိုမျိုးဟာက လူကုန်ကူးမှုမြောက်သလား။ ဒါမှမဟုတ်လို့ရှိရင် ဒီဟာကို ဘယ်လိုအမှုနဲ့များ လူကုန်ကူးမှုတိုက်ဖျက်ရေးက သတ်မှတ်ထားပါသလဲရှင့်။

ဖြေ။ ။ “အဲ့ဒါက ဒါ တဘက်နိုင်ငံကို တရားမဝင် သွားတယ်လို့ ခေါ်တာပေါ့ခင်ဗျ။ တရားဝင် ပတ်စ်ပို့တွေ၊ ဗီဇာတွေနဲ့ သွားတာမဟုတ်ဘူး။ ငွေကြေးအကျိုးအမြတ်ကို ရယူပြီးတော့ တဘက်နိုင်ငံကို တရားမဝင်သောနည်းနဲ့ ပို့ဆောင်ပေးတာဖြစ်တဲ့အတွက် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေ ၂၆ နဲ့ အရေးယူတာ ဖြစ်ပါတယ်။”

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကိုလည်း ဥပဒေကြောင်းအရ လူကုန်ကူးမှု ဖြစ် - မဖြစ် ဆိုတာကိုလည်း မေးကြည့်ခဲ့ပါတယ်။

“အဲ့ဒါက လူကို ဘယ်လိုခိုးသွင်းလဲ။ လှည့်ဖျားပြီးခေါ်ဆောင်သွားတယ်။ လူကို ဖြားယောင်းသွေးဆောင်ပြီးတော့ တနေရာကနေ တနေရာကို ပို့ဆောင်တယ်။ လူကို ဒီနေရာမှာ ဟိုလို အလုပ်ရမယ်ပြောပြီး၊ တခြားအလုပ်ကို ပေးပြီးခိုင်းစေတယ်။ သူ့ကို တနေရာကနေ တနေရာကို ရွှေ့တယ်ဆိုရင်တောင် ဒါ လူကုန်ကူးမှုမြောက်တယ်ဆိုတဲ့ သဘောထားမျိုးဖြစ်တာပဲ။ အဲ့ဒါတွေက အားလုံးက ရာဇသတ်ကြီး ဥပဒေနဲ့ပဲ သွားကြတာပဲ။ လူကို အလုပ်ရမယ်ပြောပြီးတော့ တဘက်ကိုခေါ်ပြီး သူ့ဆီက အဖိုးအခကို ဖြတ်ယူမယ်ဆိုရင် ဒါ လူကုန်ကူးမှု သိပ်မြောက်တာပေါ့။”

ထိုင်းနိုင်ငံကို ပို့ဆောင်ခံထားရတဲ့ သူတွေကတော့ ပြန်လာချင်ပေမဲ့ အကြွေးမကျေသေးတဲ့အတွက် ပြန်လာဖို့ အခက်အခဲတွေ ရှိနေသလို ထွက်ပြေးဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာတော့ လူကုန်ကူးမှုတွေ လျော့နည်းအောင် တိုက်ဖျက်နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရတွေ ပိုမို လက်တွဲ ဆောင်ရွက်နိုင်ရေး နယ်စပ်တွေမှာ နှစ်နိုင်ငံ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားပေမဲ့ လူမှောင်ခိုမှုတွေကတော့ ဆက်ပြီး ဖြစ်ပွားနေဆဲဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကုန်က မြဝတီ-မဲဆောက် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆက်ဆံရေးရုံးဖွင့်ပွဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သးမားတွေကို တရားမဝင်နည်းနဲ့ ထိုင်းနိုင်ငံထဲမှာ တင်ပို့နေမှုတွေကတော့ ထိုင်းနဲ့မြန်မာအစိုးရတွေအတွက် စိန်ခေါ်မှုဖြစ်ကြောင်းတွေကိုလည်း ပြောပြခဲ့တာပါ။

အခုဆိုရင် ထိုင်းနယ်စပ်ဖြစ်တဲ့ ကော့သောင်းမြို့မှာ လူကုန်ကူးခံရသူတွေကို ယာယီစောင့်ရှောက်ပေးမယ့် ဂေဟာကိုတော့ မကြာသေးခင်ကပဲ အစိုးရက ဖွင့်လှစ်ထားခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှာဖွေဖို့ လာကြရင်းနဲ့ မြန်မာနိုင်ငံသားများဟာ ရာဘာခြံတွေ၊ ပြည်တန်ဆာရုံတွေ၊ ငါးဖမ်းလှေတွေ၊ ရေထွက်လုပ်ငန်းတွေ လုပ်တဲ့ စက်ရုံတွေမှာ ရောင်းစားခံထားရပါတယ်။ တချို့ဆိုရင် နှစ်နဲ့ချီပြီး လုပ်အားခမရဘဲ ကျေးကျွန်တွေသဖွယ် အလုပ်ခိုင်းစေ ခံထားရတာပါ။

အမေရိကန်အစိုးရရဲ့ လူကုန်ကူးမှုဆိုင်ရာ ၂၀၁၃ ခုနှစ် အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံကို တီယာ ၂ (Tire 2) လို့ ခေါ်တဲ့ အလယ်အလတ်အဆင့်မှာ သတ်မှတ်ထားပါတယ်။ လူကုန်ကူးမှု အခြေအနေ ဆိုးရွားနေဆဲဖြစ်ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးကို အစိုးရဘက်က အားထုတ်လုပ်ဆောင်မှု အပြည့်အ၀ မရှိသေးပေမဲ့လို့၊ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ သိသာတဲ့ ပြောင်းလဲလုပ်ဆောင်မှုတွေ ရှိလာတဲ့အပေါ်မှာ အခုလို သတ်မှတ်တာဖြစ်ပါတယ်။

အရင် အစိုးရလက်ထက်တုန်းကတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က လုံး၀ ကိုင်တွယ် ဆောင်ရွက်ခြင်းမရှိတဲ့ အဆိုးဆုံး နောက်ဆုံးအဆင့် တီယာ ၃ (Tire 3) မှာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်
XS
SM
MD
LG