သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်သက်တမ်း ဆောင်ရွက်ချက်တွေအပေါ် တုံ့ပြန်မှု


နိုဝင်ဘာရွေးကောက်ပွဲကြီး နီးကပ်လာလို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ စတင် အပြိုင်အဆိုင် မဲဆွယ်လှုပ်ရှားနေချိန်မှာ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ခဲ့တဲ့အကြောင်း သမ္မတရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မနေ့က ဗွီဒီယို ထုတ်ပြန်ထားပါတယ်။ ကုန်ဆုံးခါနီးဖြစ်တဲ့ သမ္မတသက်တမ်းအတွင်း အခုလို လုပ်ဆောင်မှုအပေါ် တုံ့ပြန်ချက်တွေ အမျိုးမျိုးထွက်ပေါ်လာတာကို မအင်ကြင်းနိုင် က စုစည်းတင်ပြထားပါတယ်။

မနေ့က သမ္မတရုံးရဲ့ Facebook ကနေ ထုတ်ပြန်တဲ့ ဗွီဒီယိုမှတ်တမ်းထဲမှာတော့ သမ္မတ ဦးသိန်းစိန်အနေနဲ့ အရင်အစိုးရတွေက ပိတ်ထားတဲ့ နိုင်ငံတခါးကို ဖွင့်လှစ်ခဲ့ပြီး လွတ်လပ်ခွင့်တွေ ပေးခဲ့တယ်လို့ ပြောထားပါတယ်။၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်အနေနဲ့ စာပေလွတ်လပ်ခွင့်၊ အင်တာနက်လွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် စတာတွေကို ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အများစုကတော့ သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာရခါစအချိန်မှာ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန်နဲ့ လုပ်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုကြပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်စပြီး အခြေအနေတွေဟာ နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ သုံးသပ်နေကြတာပါ။ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကလည်း -

“ဗွီဒီယိုထဲမှာတော့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းထူထောင်ခွင့်ရပြီး၊ လွတ်လပ်စွာ တောင်းဆိုဆန္ဒပြခွင့်တွေ သမ္မတ ဦးသိန်းစိန်က ခွင့်ပြုခဲ့တယ်လို့ ပြောထားပါတယ်။ ကျနော်တို့မြင်ရတာကတော့ ဆန္ဒပြမှုတွေ များလာလေ ဖမ်းဆီးထောင်ချခံရလေ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို ဖမ်းဆီး စွဲချက်တွေတင်ပြီးတော့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေအနေနဲ့ မလုပ်ကြဖို့ အများပြည်သူသိအောင် သမ္မတဦးသိန်းစိန်အနေနဲ့ တရားဝင် တားမြစ် ထုတ်ဖော် ပြောဆိုတာမျိုးလည်း မရှိပါဘူး။ ဒါ့အပြင် ဒီလို ဖမ်းဆီးထောင်ချတာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတရုံးက တာဝန်ရှိသူတွေကလည်း ကာကွယ်ပြောဆိုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အခြေအနေတွေ ကောင်းနေပေမဲ့ တနှစ်ကျော်လောက်က စပြီးတော့ အခြေအနေတွေ ပြန်ဆိုးလာခဲ့ပါတယ်။ အဆိုးဘက်သွားနေတဲ့ အခြေအနေတွေကို ရပ်တန့်ဖို့အတွက် နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်မှာ တာဝန်ရှိပါတယ်။”

မန္တလေးမြို့ခံသတင်းထောက် ကိုစန်းယုကျော်ရဲ့ အမြင်ကတော့ -

“မီဒီယာလွတ်လပ်ခွင့်ပေးတယ်ဆိုတာ ဆင်ဆာတခုတည်း ပယ်ဖျက်ပေးလိုက်တာကို လွတ်လပ်ခွင့်ပေးတယ်လို့ ထင်နေပုံရတယ်ဗျ။ တကယ်လည်း ဆင်ဆာမရှိတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ လွတ်လပ်ခွင့်ဆိုတာ ဒီထက် အစပေါင်းများစွာ လိုတယ်လေဗျာ။ ဥပမာ - သတင်းသမားတွေကို ဖမ်းဆီးချုပ်နှောင်တာတွေ မရှိရဘူး။ ပြီးတော့ သတင်းအချက်အလက်တွေကို အစိုးရတွေက မီဒီယာတွေကို လိုအပ်သလို ပေးနိုင်ရမယ်လေ။ ဒါပေမဲ့ အခုလက်ရှိ သမ္မတ ဦးသိန်းစိန်လက်ထက်မှာတော့ ခုနကပြောတဲ့ ဒီအချက် ၂ ချက်က ကျန်တာတွေကို မပြောတော့ဘူး။ အဲဒီအချက် ၂ ချက်က ရှိနေသေးတဲ့အတွက် မီဒီယာလွတ်လပ်ခွင့် ဖြေလျှော့ပေးတယ်ဆိုတဲ့ အသုံးအနှုန်းကတော့ ကြီးကြီးကျယ်ကျယ် ပြောတယ်လို့ပဲ ကျနော်ကတော့ ထင်တယ်ဗျ။”

မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွတ်ကလည်း

“တိုင်းပြည်အပြောင်းအလဲအတွက် သူက တတ်စွမ်းသမျှ လုပ်ရမယ်လို့ ခံယူထားပုံတော့ ပေါ်ပါတယ်။ အဲတော့ သူစွမ်းသလောက် သူ နားလည်နိုင်သလောက် သူလုပ်ပေးတာပေါ့ဗျာ။ ကျနော်တို့ တဘက်ကကျတော့ ဒီလို အခွင့်အရေးတွေကို ကျနော်တို့တွေက ထောင်ကျခံပြီး တိုက်ယူခဲ့တဲ့ လူတွေဘက်က နားလည်မှုကကျတော့ ပုံစံတမျိုးဖြစ်နိုင်ပါတယ်။ အဲတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာက အဲဒီနားလည်မှုတွေကို ညှိနှိုင်းပြီး အလုပ်လုပ်သွားနိုင်ရင်တော့ အကောင်းဆုံးအဖြေ ထွက်လာမှာပါ။”

ရန်ကုန်မြို့ခံ ငြိမ်းချမ်းရေးလှုပ်ရှားနေသူ ကိုလူမော်ကတော့ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေကြောင့် သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ခဲ့ရတယ်လို့ မြင်ပါတယ်။

“သူကတော့ စစ်တပ်က ပုဂ္ဂိုလ်ပေါ့နော်။ စစ်တပ်က ပုဂ္ဂိုလ်ဆိုရင်တော့ ဒီလို အတွေ့အကြုံမျိုးတွေကို ပေးတဲ့နေရာမှာတော့ ပွင့်လင်းလာတယ်လို့ သူ့ဘက်က ခံစားရတဲ့ ခံစားချက်ပေါ့နော်။ ဒါ ကျနော်တို့ဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလိုအခြေအနေဖြစ်ဖို့အတွက် ဒီမိုကရေစီ အင်အားစုတွေ နှစ်နဲ့ချီပြီး အများကြီး ခံစားခဲ့ကြရတာလေ။ ကျနော်တို့ဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီ နိုင်ငံတနိုင်ငံကို ထူထောင်တော့မယ်ဆိုရင်တော့ ဒီလောက် အခွင့်အရေးတွေတော့ အများကြီး ပေးရမှာပေါ့။ အဲတော့ ဒီလိုပေါ့ ပြုပြင်ပြောင်းလဲရေးတခုကို လုပ်ကြတဲ့နေရာမှာ ငါတယောက်တည်း ကောင်းလို့ဆိုတာမျိုး မဟုတ်ဘူးပေါ့နော်။”

အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ကိုဗသက်အောင်ကလည်း မြန်မာပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေမှာ ဖိနှိပ်မှု အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရဆဲပဲလို့ ပြောပါတယ်။

“ပြည်သူတွေကို ထိန်းချုပ်ပြီးတော့ တခြားသော အတိုက်အခံတွေကိုလည်း ဒီလိုပဲပေါ့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကို လိုချင်တဲ့ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ သတင်းစာနယ်ဇင်းသမားတွေပေါ့ဗျာ အားလုံး အကုန်လုံးကို သူက အကန့်အသတ်တွေနဲ့ပဲ သူတို့တွေရဲ့ လက်အောက်ကပဲ သူတို့က အကန့်အသတ်နဲ့ ပေးပြီးတော့ လွတ်လပ်ခွင့် ပေးသယောင်ယောင်လုပ်ထားတဲ့ နည်းစနစ်ပါပဲဗျာ။”

ဒီအတောအတွင်းမှာပဲ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေမှာလည်း NLD အနေနဲ့ ရွေးကောက်ပွဲအနိုင်ရရင် အဂတိကင်းစင်တဲ့ အစိုးရဖွဲ့စည်းမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးဖြစ်လာအောင်နဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံတဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်အောင် ဆောင်ရွက်မယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG