သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်သံချပ်တွေမှာ လူထုခံစားချက်ထင်ဟပ်


ရန်ကုန်မြို့ ရေကစားမဏ္ဍပ်တခုအနီး ရေပတ်ခံထွက်နေကြသူများ။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)
ရန်ကုန်မြို့ ရေကစားမဏ္ဍပ်တခုအနီး ရေပတ်ခံထွက်နေကြသူများ။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)
နှစ်စဉ် အတာသင်္ကြန်ကာလကို ရောက်ပြီဆိုရင် လူငယ်တွေ ရေးကစားကြတာအပြင် လူထုဆန္ဒကို ထင်ဟပ်စေတဲ့ သံချပ်ထိုးပြီး အစုံအလင်ကို ရင်ဖွင့် တင်ပြကြတာဟာ ရိုးရာ အစဉ်အလာတခုပါ။ အဲဒီလို သံချပ်ထိုးပြီး လူထုဆန္ဒ ဖော်ထုတ်တာတွေကို အရင် စစ်အစိုးရလက်ထက်မှာ ပိတ်ပင်ထားခဲ့ရာက အခု ပြန်ဖွင့်ပေးလိုက်တဲ့အတွက် တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သံချပ်တွေကတဆင့် အခုနှစ်မှာ တင်ပြကြတယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။ မြန်မာပြည်အတွင်းက ဒီနှစ်သင်္ကြန်နဲ့ သံချပ်တွေအကြောင်းကိုတော့ ကိုဇော်ဝင်းလှိုင် က စုစည်း တင်ပြပေးထားပါတယ်။

သင်္ကြန်တွင်း သံချပ်ထိုးခွင့်တွေကို အရင်စစ်အစိုးရလက်ထက်ကစပြီး နှစ်ပေါင်းအတော်ကြာ ပိတ်ထားခဲ့ရာက အခု တရားဝင် ပြန်ဖွင့်ပေးလိုက်တဲ့အတွက် ဒီနှစ်မှာ အတာသင်္ကြန် ရေကစားမဏ္ဍပ်တွေ၊ အလှပြကားတွေနဲ့အတူ သံချပ်အဖွဲ့တွေလည်း အပြိုင်အဆိုင် ပေါ်လာတာပါ။

အဲဒီလို အပြိုင်အဆိုင် ပေါ်လာကြတဲ့ သံချပ်အဖွဲ့တွေထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျောင်းပေါင်းစုံက မျိုးဆက်သစ် တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့လည်း တခု အပါအဝင် ဖြစ်ပါတယ်။ ဒေါင်းတို့မျိုးဆက်အဖွဲ့ဟာ ရေကစားမဏ္ဍပ်တွေ၊ အထူး ဖိတ်ကြားထားတဲ့ နေရာတွေမှာ စနေနေ့ သင်္ကြန်အကြိုနေ့ကစပြီး သူတို့ရဲ့ သံချပ်တွေကို လိုက်လံ ဖျော်ဖြေနေပြီ ဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်အဖွဲ့က ရေးစပ်ထားတဲ့ သံချပ်ပါ အကြောင်းအရာတွေဟာ လက်ရှိ တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ လူမှုရေး၊ နိုင်ငံရေး စတဲ့ လူထုရဲ့ ဆန္ဒတွေကို ဖော်ထုတ်ထားတဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ ဒီအဖွဲ့ကို ကူညီ ပံ့ပိုးပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။

“ကျနော်တို့ ဒီနှစ်သံချပ်က နံမည်က ဒေါင်းတို့မျိုးဆက် လို့ နံမည်ပေးထားတယ်။ ဒေါင်းတို့မျိုးဆက်။ နောက် ငြိမ်းချမ်းရေးသင်္ကြန်လို့ ဒီနှစ်သင်္ကြန်ကို ကျနော်တို့က သတ်မှတ်တယ်ပေါ့။ သူတို့ကတော့ အဓိက ကတော့ ဒီသံချပ်နဲ့ပတ်သက်လို့ကတော့ ပညာရေးနဲ့ပတ်သက်လို့ အဓိက သံချပ်ထိုးထားတာကို ကျနော်တို့ တွေ့ရတယ်။ နောက်တချက်ကတော့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ သံချပ်ထိုးထားတာကို တွေ့ရတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ သံချပ်တွေ သီချင်းတွေဖွဲ့ထားတာတွေ့ရတယ်။ နောက်ပြီးတော့ လျှပ်စစ်မီးရရှိရေးနဲ့ပတ်သက်ပြီးတော့ သံချပ်တွေ သီချင်းတွေဖွဲ့ထားတာကို တွေ့ရတယ်။”

သံချပ်ဆိုတာဟာ အပြုသဘောဆောင်၊ ဟာသနှောပြီး ပြည်သူလူထုရဲ့ သဘောထားတွေကို အစိုးရအာဏာပိုင်တွေ သိရှိအောင် တင်ပြတဲ့ မြန်မာ့ရိုးရာ အစဉ်အလာ တစ်ခုဆိုပေမဲ့လည်း ဒါဟာ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီစနစ်လို့ ခေါ်လို့ရနိုင်တဲ့အကြောင်း ကိုဂျင်မီက ပြောပါတယ်။

“တနည်းအားဖြင့် သံချပ်ဆိုတဲ့ အဓိပ္ပါယ်ကိုက ကျနော်တို့ရဲ့ ဒီမိုကရေစီဗျ။ မြန်မာ့ရိုးရာဒီမိုကရေစီဗျ။ အဲဒီတော့ သံချပ်ထွန်းကားလေလေ ဒီမိုကရေစီက ထွန်းကားလေလေပဲ။ အဲဒီလို ကျနော်တို့က ကောက်ချက်ချထားလေတော့ သင်္ကြန်တိုင်းမှာ ကျနော်တို့က ဒီသံချပ်ပါဖို့အတွက်ကို အမြဲတမ်း ထောက်ခံအားပေးသွားမှာပါ။”

စနေနေ့ဟာ သင်္ကြန်အကြိုနေ့ဖြစ်တာကြောင့် အတာသင်္ကြန် အကျနေ့တို့၊ အတက်နေ့တို့လို အရမ်း မစည်ကားသေးပေမဲ့ သူတို့ သံချပ်အဖွဲ့ကို လိုက်လံ အားပေးသူတွေ အများအပြား ရှိတယ်လို့ ကိုဂျင်မီက ပြောပါတယ်။

“အခုကတော့ ကျနော်တို့ကတော့ အခုထွက်လာတဲ့အချိန်မှာကိုပဲ ကျနော်တို့ လမ်းတလျှောက်မှာတော့ လူထုအားပေးမှုကို ခံရပါတယ်။ အခုမှစပြီးတော့ ကျနော်တို့ ထွက်လာတာလေ။ ပထမဦးဆုံးကျနော်တို့ စထွက်လာတာ။ မနက်ကတော့ ကျနော်တို့က ရွှေပုဇွန်မှာ ခဏသွားဖျော်ဖြေတယ်။ အဲဒါကတော့ လူစုံတပ်စုံ မဟုတ်ပါဘူး။ အဲဒါပြီးတာနဲ့ ကျနော်တို့ အခု နာရေးကူညီမှုအသင်းကို ရောက်နေပြီ။ နာရေးကူညီမှုအသင်းကတော့ ဒါ နှစ်တိုင်းနှစ်တိုင်း ကျနော်တို့ ပထမဦးဆုံးဝင်တဲ့နေရာ။ နာရေးကူညီမှုအသင်းကို အခု လိုက်လာကြတဲ့ ပရိသတ်ကများတယ်။ ဘယ်လိုများလဲဆိုတဲ့အခါကျတော့ ရွှေပုဇွန်မှာ ကျနော်တို့ထိုးခဲ့တဲ့ သံချပ်တွေကို တပိုင်းတစနားထောင်ပြီးတော့ မဝလို့ဆိုပြီးတော့ ဒီကိုလိုက်လာကြတာ။ လိုက်လာကြတဲ့ ပရိသတ်တွေကများတယ်။”

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့နည်းတူ နာရေးကူညီမှုအသင်းကလည်း “ပေးဆပ်သူများ” ဆိုတဲ့အမည်နဲ့ သံချပ်အဖွဲ့ ဖွဲ့ပြီး ဖျော်ဖြေနေတယ်လို့ နာရေးကူညီမှုအသင်း ဒုဥက္ကဋ္ဌ ဆရာမ သန်းမြင့်အောင်က ပြောပါတယ်။

“ပေးဆပ်သူများကထွက်တဲ့ သံချပ်တွေထဲမှာလည်း အခုခေတ်ရဲ့အခြေအနေပေါ့။ အဓိက ကတော့ ကျမတို့က ငြိမ်းချမ်းရေးကို ဦးတည်ပါတယ်။ ပြီးတော့ ဒီမှာခံစားနေရတဲ့ လူတွေရဲ့ အခက်အခဲလေးတွေပေါ့။ ကျမတို့က ပေးဆပ်ရမယ့်သူဆိုတော့ လူမှုရေးနဲ့ပတ်သက်တဲ့ ဗြမ္မာစိုလမ်းတွေပေါ့နော်။ မနေ့က ကျမတို့အသင်းကတော့ ပထမဆုံး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကိုမသွားခင် နာရီပိုင်းလောက်အလိုမှာ ကျမတို့ဆီကနေ ပထမဆုံးသွားပြီးတော့ တင်ဆက်ခဲ့တယ်ပေါ့။”

သံချပ်နဲ့ဝေးနေကြတဲ့ မြန်မာလူထုကလည်း သံချပ်အဖွဲ့တွေကို လှိုက်လှိုက်လဲလဲ အားပေးကြတယ်လို့ ဆရာမ သန်းမြင့်အောင်က ပြောပါတယ်။

ဒီနှစ် ရန်ကုန်သင်္ကြန်မှာ အရင် သံချပ်တွေ အပိတ်မခံရခေတ်တုန်းကလိုပဲ သံချပ်အဖွဲ့တွေ အတော်လေး များလာတာကို တွေ့ရပြီး ဧပြီလ ၇ ရက်နေ့တုန်းကလည်း သင်္ကြန်အကြို သံချပ်ပြိုင်ပွဲတခု ကျင်းပခဲ့တယ်လို့ လူရွှင်တော် ကိုငှက်ပျောကြော်က ပြောပါတယ်။

“ကျနော်တို့ သံချပ်ပြိုင်ပွဲတွေ ကျိက္ကဆံကွင်းရှေ့က ရွှေသံလွင်ဝင်းထဲမှာ လုပ်ဖြစ်တယ်။ သင်္ကြန်အကြိုပေါ့။ လူထုပဲ့တင်သံ ဆိုပြီးတော့။ စကိုင်းနက်ကတော့ တိုက်ရိုက်လွှင့်လိုက်တယ်လေ။ ကျနော်တို့ “ယဉ်ကျေးမောင်” က ပထမရသွားတယ်။ “ကျွနု်ပ်တို့သည်” က ဒုတိယရတယ်။ “အပြာရဲ့အနီ” ကဗျာဆရာမောင်စိန်းနီရဲ့အဖွဲ့ က တတိယရတယ်။”

အခုချိန်ထိတော့ သံချပ်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးအပါအဝင် သက်ဆိုင်ရာကို တင်ပြရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လအတွင်း သင်္ကြန်နားနီးမှ မိတ္ထီလာမြို့မှာ စတင် ဖြစ်ပေါ်ခဲ့တဲ့ သွေးထွက် သံယို အကြမ်းဖက်မှုတွေကြောင့် လူထုအကြား လုံခြုံရေးအတွက် စိုးရိမ် ပူပန်မှုတွေ ဖြစ်ပေါ်နေပြီး သင်္ကြန်ကာလ စည်မှစည်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ထွက်နေပေမဲ့လည်း ရန်ကုန်မြို့က သင်္ကြန်အကြိုနေ့ဟာ မဏ္ဍပ်တွေမှာ ရေကစားသူတွေ၊ သံချပ်အဖွဲ့တွေနဲ့ စည်ကားနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
XS
SM
MD
LG