သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ် ပြည်ပပို့ကုန် အလားအလာကောင်း


ဗီယက်နမ် ဟိုချီမင်းမြို့တော်
ဗီယက်နမ် ဟိုချီမင်းမြို့တော်

နိုင်ငံခြားပို့ကုန်အပေါ် အားထားနေတဲ့ ဗီယက်နမ်နိုင်ငံဟာ ပစိဖိတ်ရပ်ဝန်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် TPP ထဲကို ဝင်ရောက်ခွင့် ရလာတဲ့အတွက် ကမ္ဘာ့ဈေးကွက်ရဲ့ ထက်ဝက်ခန့်ရှိတဲ့ ဈေးကွက်ထဲကို အကောက်ခွန်မဲ့ တင်သွင်းခွင့် ရရှိတော့မှာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Ralph Jennings တိုင်ပေကနေ ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဗီယက်နမ်နိုင်ငံဟာ EU ဥရောပသမဂ္ဂနဲ့ သဘောတူညီမှု ချုပ်ဆိုနိုင်ခဲ့ပြီးနောက်၊ အဖွဲ့ဝင် ၁၁ နိုင်ငံပါရှိတဲ့ TPP နဲ့အခုဆက်လက်ပြီး သဘောတူညီမှု ရယူ လိုက်နိုင်တဲ့အတွက် ကမ္ဘာ့အသားတင် ကုန်ထုတ်လုပ်မှု စုစုပေါင်း ၄၅%ရှိတဲ့ ဈေးကွက်ကြီးထဲကို အကောက်ခွန်မဲ့ ဝင်ရောက်ခွင့် ရရှိတော့မှာဖြစ်ပါတယ်၊ WTO ခေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲကို အရင်က ဝင်ရောက်ခဲ့ပြီးနောက် နောက်ထပ်ကြီးမားတဲ့ စီးပွားရေးအခွင့်အလမ်းတခုကို ဗီယက်နမ်က ရသွားတာ ဖြစ်ပါတယ်။

TPP နဲ့ သဘောတူညီမှုကို ဇန်နဝါရီ ၁၄ ရက်မှာ စတင်အသက်ဝင်စေဖို့ ဗီယက်နမ် အမျိုးသားလွှွတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ကနေဒါနဲ့ ဂျပန်တို့လို ဈေးကွက်ကြီးတွေဆီ သွင်းကုန်ခွန ်ကင်းလွတ်ခွင့် ရရှိတော့မှာပါ။ တချိန်ထဲမှာပဲ ဥရောပသမဂ္ဂနဲ့ ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေး သဘောတူညီ ချက်ကို ဗီယက်နမ်အမျိုးသားလွှတ်တော်က အတည်ပြုမယ့်အရေးကိုလည်း စောင့်စားနေပါတယ်။ ဒီသဘောတူညီမှု ၂ခု ပေါင်းလိုက်ရင် ဗီယက်နမ်ဟာ ပို့ကုန်စွမ်းရည်၊ စီးပွားရေးလျှင်မြန်စွာ ကြီးထွားမှုနဲ့ လူလတ်တန်းစားဦးရေ တဟုန်ထိုး မြင့်တက်လာစေလိမ့်မယ်လို့ အကဲခတ်သမားတွေက ဆိုပါတယ်။

ထို့အတူ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ပိုမိုဆွဲဆောင်နိုင်လိမ့်မယ်လို့ တွက်ဆနေကြတာပါ။ တချိန်က တရုတ်ပြည်ကိုသာ ဦးတည်နေတဲ့ စက်ရုံ အလုပ်ရုံ ရင်းနှီးမြှုပ်နှံသူတွေဟာ အကယ်၍ ဗီယက်နမ်ကသာ အသိဉာဏ်ဆိုင်ရာ ပစ္စည်းမူပိုင်ခွင့်နဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာ ပြုပြင် ပြောင်းလဲမှု လုပ်လိုက်မယ်ဆိုရင် ဗီယက်နမ်ဘက်ကို လှည့်လာကြမှာ ဖြစ်ပါတယ်။ Frederick Burke ဟာ ဟိုချီမင်းမြို့တော်က Baker McKenzie ဥပဒေအကျိုးဆောင်အဖွဲ့နဲ့ ပူးတွဲဆောင်ရွက်နေသူ ဖြစ်ပါတယ်။

“ဗီယက်နမ်ဟာ သူတပါးနဲ့ယှဉ်ရင် အတော့်ကိုသက်သာတဲ့ အကောက်ခွန်နှုန်းထားနဲ့ ပို့ကုန်ဈေးကွက်ထဲကို ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ TPP နဲ့ ရရှိလာမယ့်အခွင့်အရေးဟာ WTO နဲ့ရရှိထားတဲ့ အခွင့်အရေးထက် ပိုများလာမလား ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ ၂၀၁၈ ခုတုန်းက WTO ကြောင့် ဗီယက်နမ်ကို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အဆမတန် ဝင်ရောက်လာတာကိုတော့ ကျနော်တို့ တွေ့ခဲ့ရပါတယ်။”

TPP ကုန်သွယ်ရေး သဘောတူစာချုပ်ထဲ ဝင်လာတဲ့ ဗီယက်နမ်ဟာ အကျိုးအမြတ်အများဆုံးရလာမယ့် အခြေအနေမှာရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။ အကြောင်းကတော့ ဗီယက်နမ်မှာ ပြည်တွင်းစီးပွားရေး တိုးတက်နေတာရယ် ၊ ၂၀၁၇ တနှစ်ထဲမှာတင် ပြည်ပပို့ကုန်ပမာဏ ဒေါ်လာဘီလျံ (၂၀၀)ဖိုးရှိခဲ့ တာရယ်ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ TPP ထဲပါတဲ့ အခြားနိုင်ငံတွေကတော့ ဗီယက်နမ်ထုတ် ပစ္စည်းတွေကို တင်သွင်းရဖို့ များနေပါတယ်။

တချိန်က စစ်ဒဏ်ကို အကြီးကျယ်ခံခဲ့ရတဲ့ ဗီယက်နမ်ဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုင်းပြည်ထဲဝင်လာပြီး စက်ရုံတွေ တည်ထောင်လာနိုင်တာကြောင့် အဝတ်အထည်ကစ လျှပ်စစ်ပစ္စည်းအထိ နိုင်ငံခြားကို တင်ပို့လာနိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ WTO အဖွဲ့ထဲကို ဝင်ခွင့် ရခဲ့ပြီး အခြားသောအဖွဲ့ဝင် ၁၆၄ နိုင်ငံနည်းတူ ကုန်သွယ်ရေးဆိုင်ရာ အခွင့်ရေးတွေရခဲ့ပါတယ်။ ဈေးနှုန်းချိုသာတဲ့ ဗီယက်နမ်ထုတ် ရှုးဖိနပ်တွေကို TPP အဖွဲ့ဝင် သြစတြေးလျနိုင်ငံဆီ အဓိက တင်ပို့နိုင်ခဲ့တယ်လို့ ဗီယက်နမ် ဟနွိုင်းမြို့က မဲခေါင်ဒေသစီးပွားရေးလေ့လာနေတဲ့ စီးပွားရေးပညာရှင် Adam McCarty ကပြောပါတယ်။

ဥရောပနဲ့ ပစိဖိတ်ဒေသနိုင်ငံတွေကလည်း ဗီယက်နမ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှု ရချင်ကြပြီး၊ ဒီလိုဖြစ်လာခဲ့ရင် သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဗီယက်နမ်လူလတ်တန်းစားကို ပစ်မှတ်ထားပြီး ရောင်းချနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ လူဦးရေ ၉၃သန်းရှိတဲ့ ဗီယက်နမ်မှာ လူလတ်တန်းစာက သုံးပုံတပုံရှိ ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း EU-ဗီယက်နမ် ကုန်သွယ်ရေးပမာဏ ၅ ဆလောက် တိုးလာတာကြောင့် ဗီယက်နမ်ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု ၁၅% တိုးလာခဲ့တယ်လို့ EU ပါလီမန်ကြေညာချက်မှာ ပြောထားပါတယ်။ EU-ဗီယက်နမ်ကြား ကုန်သွယ်ရေး သဘောတူညီမှုကို ဘယ်ပုံဘယ်နည်း အတည်ပြုရမလဲဆိုတာနဲ့ ပတ်သက်ပြီး မရှင်းလင်းသေးပေမယ့်ဒီနှစ်အတွင်းမှာတော့ အပြီးသတ်အတည်ပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။ အခုဆိုရင် TPP ထဲကို ဗီယက်နမ် ဝင်ရောက်ခွင့်ရလိုက်တာကြောင့် အခြားအဖွဲ့ဝင် ၁၀ နိုင်ငံကလည်း စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ အစပျိုးနိုင်ပြီဖြစ်ပါတယ်။

TPP အဖွဲ့ဝင် ဖြစ်လာရင် ဗီယက်နမ်ဟာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေကို ခွင့်ပြုရမယ် စသဖြင့် လုပ်ဆောင်စရာတွေအများကြီး ရှီနေဆဲဖြစ်တယ် လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Carl Thayer ဟာ သြစတြေးလျနိုင်ငံ New South Wales တက္ကသိုလ်က ပါမောက္ခတဥိးဖြစ်ပါတယ်။

“ဗီယက်နမ်ဟာ အခုအခါ TPP စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ သဘောတူညီချက်ကို လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲရေး လိုချင်သူတွေအတွက် မဖြစ်မနေ လုပ်ဖြစ်အောင် တွန်းပို့တဲ့သဘော ဖြစ်လာပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် လုပ်ဖို့တော့ လိုပါသေးတယ် ။”

ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေကြားမှာ ဗီယက်နမ်နိုင်ငံဟာ တရုတ်ထက် လုပ်အားခ ဈေးသက်သာတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကြား ပိုပြီး ထင်ရှားလာနေ ပါတယ်။ တရုတ်နိုင်ငံဟာလည်း လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့် အသိဉာဏ်ဆိုင်ရာ ပစ္စည်းမူပိုင်ခွင့် ကာကွယ်ရေးတို့မှာ လစ်ဟာနေ ပါသေးတယ် ။ ၂၀၁၈ အတွင်း ဖြစ်ပါွးခဲ့တဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးအငြင်းပွားမှုဟာလည်း တရုတ်အတွက် အခက်အခဲ ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး McCarty ကခုလိုပြောပါတယ်။

“ TPP ကသတ်မှတ်ထားတဲ့ လိုအပ်ချက်တွေဟာ တရုတ်အတွက်တော့ သိပ်ဆွဲဆောင်မှု မရှိပါဘူး။ အသိဉာဏ်ဆိုင်ရာ ပစ္စည်းမူပိုင်ခွင့်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုထားတဲ့ ကိစ္စတွေ စသဖြင့် ပြသနာတွေအများကြီး ရှိနေပါတယ်။ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်လို့လည်း TPP က သတ်မှတ်တဲ့အတိုင်း လိုက်လျောဖို့ ခက်ပါလိမ့်မယ် ၊ ဒါကြောင့် တရုတ်နိုင်ငံက TPP မှာ လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးပါဘူး။”

ဗီယက်နမ်ရဲ့ စီးပွားရေးကို လက်ရှိထက်ပိုပြီး တိုးတက်အောင်လုပ်ဖို့ဆိုရင် TPP ရဲ့သတ်မှတ်ချက်စံနှုန်းတွေအတိုင်း လိုက်လျောဖို့လိုတယ်ဆိုတာ အာဏာပိုင်တွေက သဘောပေါက်နေကြောင်း ဗီယက်နမ်ပညာရှင်တချို့က သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG