သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားဖွံ့ဖြိုးတိုးတက်မှု အရှေ့တောင်အာရှမှာ မြန်မာ အနိမ့်ဆုံး


လူသားဖွံ့ဖြိုးတိုးတက်မှု အရှေ့တောင်အာရှမှာ မြန်မာ အနိမ့်ဆုံး
လူသားဖွံ့ဖြိုးတိုးတက်မှု အရှေ့တောင်အာရှမှာ မြန်မာ အနိမ့်ဆုံး

ကုလသမဂ္ဂရဲ့ ၂၀၁၀ ခုနှစ် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာအရ မြန်မာနိုင်ငံက အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်မှာ ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၉ နိုင်ငံမှာ အဆင့် ၁၃၂ မှာ ရှိနေတာပါ။ ဒီလို အနိမ့်ဆုံး အဆင့်ကနေ မြင့်တက်လာဖို့ဆိုရင် အစိုးရအနေနဲ့ ပြည်သူလူထု အကျိုးရှိစေမယ့် ပြည်သူ့ရေးရာ မူဝါဒတွေ ချမှတ် အကောင်အထည်ဖော်ဖို့ လိုတယ်လို့ မြန်မာ့ စီးပွားရေး ပညာရှင်တွေက ထောက်ပြ ပြောဆိုပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာဖို့ ကုလသမဂ္ဂက ၁၉၉၀ ခုနှစ်ကတည်းက လူသားဖွံ့ဖြိုးမှု အစီရင်ခံစာကို ထုတ်ပြန်ပါတယ်။ နိုင်ငံတခုရဲ့ လူသားဖွံ့ဖြိုးမှုကို တိုင်းတာရာမှာ ပညာရေး၊ ကျန်းမာရေးနဲ့ လူတဦးချင်း ဝင်ငွေတွေ အပေါ်မှာ အခြေခံ တိုင်းတာတာ ဖြစ်ပါတယ်။ အခု ၂၀၁၀ ပြည့်နှစ် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လူသားဖွံ့ဖြိုးမှု အဆင့်က အရှေ့တောင်အာရှမှာ အနိမ့်ဆုံး ဖြစ်ပြီးတော့ တကမ္ဘာလုံးက နိုင်ငံပေါင်း ၁၆၉ နိုင်ငံမှာ အဆင့် ၁၃၂ မှာ ရှိပါတယ်။

အာရှနဲ့ ပစိဖိတ် ဒေသမှာ ၁၉၈၀ ကနေ ဒီနှစ်ထိဆိုရင် လူသားဖွံ့ဖြိုးမှု အဆင့် ၂ ဆလောက် မြင့်တက်လာတဲ့ထဲကမှ မြန်မာနိုင်ငံက နိမ့်ကျနေတာ ဖြစ်ပါတယ်။

ဒီနှစ် ကုလ အစီရင်ခံစာအရ မြန်မာနိုင်ငံက လူတဦးချင်း အသက်ရှည် နေထိုင်နိုင်မှုက ပျမ်းမျှ ၆၂.၇ နှစ်၊ လူတဦးချင်း ကျောင်းနေနိုင်တဲ့ နှစ်က ပျမ်းမျှ ၄ နှစ်၊ တဦးချင်း ဝင်ငွေက တနှစ်ကို ဒေါ်လာ ၁၅၉၅.၅ ဖြစ်ပါတယ်။ နိုင်ငံကနေ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း ၁၈၄,၀၀၀ ကျော် ရှိနေပါတယ်။ ဒီအချက်အလက်တွေပေါ် အခြေခံ တွက်ချက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းက ဝ.၄၅၁ ဖြစ်ပြီးတော့ ကမ္ဘာ့နိုင်ငံ ၁၆၉ နိုင်ငံမှာ အဆင့် ၁၃၂ မှာ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လက်ရှိ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းမှာ စွမ်းအင် အပြည့်အ၀ မရရှိတာဟာလည်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုအတွက် အဓိက စိန်ခေါ်မှုတရပ် ဖြစ်တယ်၊ ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်ကနေ နိုင်ငံကို ပြောင်းလဲပေးနိုင်ဖို့ ဆိုရင် အစိုးရအနေနဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကို အားပေးပြီး မူဝါဒရေးရာပိုင်းမှာ ဖြေလျှော့ပေးဖို့ လိုတယ်၊ ဒါဟာ အစိုးရအနေနဲ့ လုပ်ကိုင်ပေးဖို့ လွယ်ကူပါတယ်လို့ အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ထောက်ပြပါတယ်။

“အကယ်၍ တဘက်ကနေ ပုဂ္ဂလိက ကဏ္ဍအတွက် နိုင်ငံခြားမှာ ဈေးကွက်တွေ ရှာပေးမယ်၊ ပြည်တွင်းမှာ နိုင်ငံတော်ကနေပြီး ဝန်ထမ်းတွေ တိုးတက် ဖွံ့ဖြိုးမှုအတွက် ထရိန်နင်တွေ လုပ်ပေးနိုင်မယ်၊ နောက် တဘက်က ငွေရေးကြေးရေးအားဖြင့် ထောက်ပံ့ပေးနိုင်မယ်၊ ထောက်ပံ့ပေးမယ် ဆိုရင်တော့ ပုဂ္ဂလိက ကဏ္ဍအတွက် အများကြီး အထောက်အကူ ရမှာပါ။ နောက် တဘက်က တကယ်ကို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် တော်တော်ထိန်းချုပ်မှု ဖြစ်နေတဲ့ ကိစ္စရပ်က စွမ်းအင်တို့ ဘာတို့ဆိုတဲ့ ပြဿနာပေါ့လေ။”

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် အစိုးရသစ်မှာလည်း လက်ရှိ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ အများအပြား ပါရှိတဲ့အတွက် စီးပွားရေးဆိုင်ရာ မူဝါဒကောင်းတွေ ထွက်ပေါ်လာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“အစိုးရအသစ်ကနေပြီးတော့ ခုနပြောတဲ့ ကိစ္စရပ်တွေအတွက် မျှော်လင့်မယ် ဆိုရင်တော့ မျှော်လင့်စရာကြီးပေါ့လေ။ ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း တော်တော်ကြီးကြီး ကုန်သည်တွေ ပါသွားတာကိုး။ အဲဒီတော့ တကယ် လက်တွေ့ လုပ်တဲ့အခါကြတော့ သူတို့ ဘယ်လောက်အတိုင်းအတာထိ လုပ်ကိုင်နိုင်မလဲ ဆိုတာပေါ်မှာ စောင့်ကြည့်ဖို့ပဲ ရှိမယ်။”

ကုလသမဂ္ဂရဲ့ ၂၀၁၀ စစ်တမ်းအရ ဒေသန္တရမှာ မြန်မာနိုင်ငံဟာ လူသားဖွံ့ဖြိုးမှု အနိမ့်ဆုံးအဆင့် ဖြစ်နေတာကို အစိုးရအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ ရှင်သန်နိုင်ရေး လုပ်ပိုင်ခွင့် နယ်ပယ်တွေ ဖန်တီးပေးဖို့၊ နိုင်ငံတကာ ဈေးကွက် ရှာဖွေပေးနိုင်မှုနဲ့ လူ့စွမ်းအား အရင်းအမြစ်၊ စွမ်းအင်လုံလောက်မှု အပြင်ကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးဖို့ လိုတယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ထောက်ပြ ပြောဆိုပါတယ်။

မြန်မာ့ စီးပွားရေး လေ့လာသူ ဦးစိန်ဌေးကလည်း စစ်အစိုးရက နိုင်ငံ ဘဏ္ဍာငွေတွေကို ပြည်သူလူထုအတွက် အသုံးပြုမှု နည်းတာကြောင့် အိမ်နီးချင်း နိုင်ငံတွေထက် ချမ်းသာတဲ့နိုင်ငံ အဖြစ်ကနေ လူသားဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ အဆင့်ကို ရောက်လာရတာလို့ ထောက်ပြ ပြောဆိုပါတယ်။

“နိုင်ငံခြားငွေက နိုင်ငံခြားကနေမှ ကုန်တွေပို့လို့ဖြစ်စေ၊ ပြည်တွင်းကထွက်တဲ့ သယံဇာတတွေ ရောင်းလို့ဖြစ်စေ ရတဲ့ နိုင်ငံခြားငွေ၊ ရှားပါးတဲ့ ငွေတွေကို သုံးတဲ့အခါမှာ ထိရောက်အောင် မသုံးဘူး။ ကျန်းမာရေး ကဏ္ဍအတွက် မသုံးဘူး၊ ပညာရေး ကဏ္ဍအတွက် မသုံးဘူး၊ သူတို့စစ်တပ်အတွက် အများဆုံး သုံးတယ်။ လိုဏ်ဂူတွေဆောက်တယ်၊ နေပြည်တော် ဆောက်တယ်၊ အဲဒါ ပြည်သူလူထု ချမ်းသာလာတာ မဟုတ်ဘူး။ ဘာလုပ်ရမလဲဆိုတော့ ပြည်သူလူထု အများစုအတွက် လိုအပ်နေတဲ့ ဝင်ငွေတိုးလာအောင် လယ်ယာကဏ္ဍမှာရှိတဲ့ အသုံးစရိတ်၊ နိုင်ငံခြားငွေရော ပြည်တွင်းငွေရော အကုန်လုံးပြောတာ၊ အဲဒီငွေတွေကို သုံးရမယ်၊ လယ်ယာကဏ္ဍ တက်လာအောင်လို့။ လူတွေ ချမ်းသာလာရင်၊ ဝင်ငွေတွေ တိုးလာရင် လူ့ဘ၀ သက်တမ်း မြင့်လာမယ်။”

အရှေ့တောင်အာရှ နိုင်ငံတွေမှာ လူသားဖွံ့ဖြိုးမှု အဆင့်အတန်းက မလေးရှား ၅၇၊ ထိုင်း ၉၂၊ ဖိလစ်ပိုင် ၉၇၊ အင်ဒိုနီးရှား ၁၀၈၊ ဗီယက်နမ် ၁၁၃၊ လာအို ၁၂၂၊ ကမ္ဘောဒီးယား ၁၂၄ တို့ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ၁၃၂ အဆင့်မှာ ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG