သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ဒုက္ခသည်တွေ ကူညီဖို့ UNHCR တောင်းဆို


ရိုဟင်ဂျာ မူဆလင်တွေ အပါအဝင် မလက္ကာရေလက်ကြားနဲ့ အက်ဒမန်ပင်လယ်ထဲမှာ မျောနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်စောင့်ရှောက်ပေးဖို့ အရှေ့တောင်အာရှနိုင်ငံ အစိုးရတွေကို UNHCR က တောင်းဆိုလိုက်ပါတယ်။

ရာနဲ့ချီတဲ့ လှေစီးဒုက္ခသည်တွေကို မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပင်လယ်ပြင်မှာ ကယ်တင်ခဲ့ပြီးနောက် UNHCR က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါ တယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အာရှဒေသတွင်း ပင်လယ်ပြင်မှာ မျောနေကြတဲ့ ထောင်ကျော်တဲ့ လှေစီးဒုက္ခသည်တွေ ကယ်ဆယ်ရမယ့် အစီအစဉ်ကို ဦးစားပေးလုပ်ဆောင်ကြဖို့ အရှေ့တောင်အာရှနိုင်ငံ အစိုးရတွေကို UNHCR လို့ခေါ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက တောင်းဆိုထားကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မေလ ၁၂ ရက်နေ့က ပြုလုပ်တဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောသွားပါတယ်။

“လူမှောင်ခိုကူးသူတွေရဲ့ စွန့်ပစ်မှုကြောင့် အက်ဒမန်ပင်လယ်နဲ့ မလက္ကာရေလက်ကြား တို့အကြား မျောနေတဲ့ လှေစီးဒုက္ခသည်တွေ ထောင်ချီရှိနေပါတယ်။ သူတို့ကို ရှာဖွေကယ်ဆယ်မယ့် လုပ်ငန်းကို ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ လိုပါတယ်။ မိမိတို့နိုင်ငံထဲ အဝင်မခံ ပိတ်ထားတာမျိုး မလုပ်ကြဖို့ အရှေ့တောင်အာရှ နိုင်ငံတွေကို UNHCR က တောင်းဆိုလိုက်ထားပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ထိုင်းနဲ့ မလေးရှားနိုင်ငံ အာဏာပိုင်တွေက လူမှောင်ခိုကူးသူတွေကို နှိမ်နင်းလာတာကြောင့် နိုင်ငံရွှေ့ပြောင်းဖို့ ကြိုးစားသူတွေ အခုလို ပင်လယ်ပြင်မှာ မျောနေတာ ဖြစ်တယ်လို့ မစ္စတာ Dujarric က ပြောပါတယ်။

“ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ထိုင်းအခြေစိုက် အာရကန်ပရောဂျက်လို့ခေါ်တဲ့ NGO အဖွဲ့ရဲ့ခန့်မှန်းချက်အရ အခုလို ပင်လယ်ထဲ မျောပါသွားသူ အရေအတွက် ထောင်နဲ့ချီ ရှိနေပြီး သူတို့ထဲက အများစုဟာ ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။ ကျန်သူတွေကတော့ ဘင်္ဂါလီတွေ ဖြစ်ကြပါတယ်။ ထိုင်းနဲ့ မလေးရှားက လူမှောင်ခိုမှုကို တလောက နှိမ်နင်းပြီးနောက်မှာ လူကုန်ကူးသူတွေက သူတို့အဖမ်းခံရမှာကို ရှောင်ရှားလိုတဲ့အတွက် လှေပေါ်ပါလာသူတွေကို ပင်လယ်ထဲ မျှောသွားခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။”

မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ဒီရက်ပိုင်းအတွင်း ရာနဲ့ချီတဲ့ လှေစီးမျော ဒုက္ခသည်တွေကို ကယ်တင်ခဲ့တဲ့ လုပ်ရပ်အပေါ် UNHCR က ကြိုဆိုကြောင်း ပြောပါတယ်။ UNHCR က ရထားတဲ့ သတင်းတွေအရ အခုလိုပဲ ပင်လယ်ပြင်ထဲမှာ မျောပြီး ဒုက္ခရောက်နေကြတဲ့ နောက်ထပ် ဒုက္ခသည်လှေတွေ ရှိနိုင်သေးကြောင်း၊ နေရာဒေသ တခုခုရောက်အောင် သူတို့ကို ကယ်တင်ဖို့နဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးသွားဖို့လိုကြောင်း UNHCR က ပြောပါတယ်။

ပင်လယ်ထဲမျောနေရတဲ့ ဒုက္ခသည်တွေကို ရှာဖွေပြီး အသက်ကယ်တယ်ဖို့နဲ့ ဒီခရီးသည်တွေအားလုံး ဘေးကင်းလုံခြုံစွာ ကမ်းပေါ်ရောက်လာနိုင်ရေး လုပ်ငန်းစဉ်ကို ဆက်လုပ်သွားကြဖို့ UNHCR က သက်ဆိုင်ရာ အစိုးရတွေကို တိုက်တွန်းထားပါတယ်။ ခရီးသည် အများစုဟာ အင်အား ချိနဲ့နေတယ်လို့ ယုံကြည်ရပြီး၊ နောက်သီတင်းပတ်တွေအတွင်း အစာရေစာ ပြတ်လပ်မယ့် အခြေအနေ ရှိတယ်လို့ UNHCR က ခန့်မှန်းထားပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ကယ်တင်ခဲ့တဲ့ လှေစီးမျော ဒုက္ခသည်တွေကို UNHCR ဝန်ထမ်းတွေက သွားရောက် တွေ့ဆုံမေးမြန်းတာမျိုးရှိပြီး သက်ဆိုင်ရာ အစိုးရတွေကို ကူညီဖို့ လုပ်ဆောင်နေပါတယ်။ ထိုင်းနိုင်ငံမှာတော့ လူမှောင်ခိုကူးသူတွေလက်က လွတ်လာကြတဲ့ ဒုက္ခသည် ၂၃၀ ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းရဲမှာ အဖမ်းခံခဲ့ကြပါတယ်။ သူတို့အတွက် အရေးပေါ်လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ ရှေ့ဆက် လိုအပ်မယ့် အကူအညီတွေအတွက် အကြံဉာဏ်ပေးတာမျိုးကို UNHCR ဝန်ထမ်းတွေ လုပ်ဆောင်နေပါတယ်။

အင်ဒိုနီးရှား အစိုးရကို ကူညီနိုင်ဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း အင်ဒိုနီးရှား ရေတပ်က ပင်လယ်ပြင်မှာ ကယ်တင်ပြီး စောင့်ရှောက် ထားတဲ့ ဒုက္ခသည်တွေကို UNHCR ဝန်ထမ်းအဖွဲ့က အင်ဒိုနီးရှားမြောက်ပိုင်း အာချေးပြည်နယ် Lhoksukon ဒေသမှာ လူတွေ့မေးမြန်းတာတွေ လုပ်နိုင်ခဲ့ပါတယ်။

ရိုဟင်ဂျာ အများစုပါဝင်တဲ့ ရွှေ့ပြောင်းသူ ၁,၁၀၀ နီးပါးဟာ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရောက်လာခဲ့တယ်လို့ မလေးအာဏာပိုင်တွေက ပြောပါတယ်။ အဲဒီလူတွေကို ဆရာဝန်တွေနဲ့ စစ်ဆေးခဲ့ပြီး ယေဘုယျအားဖြင့် အခြေအနေကောင်းတယ်လို့ ဆိုပါတယ်။ လန်ကာဝီကို ရောက်လာတဲ့ လှေစီးဒုက္ခသည်တွေကို တွေ့ဆုံဖို့ UNHCR ဝန်ထမ်းတဦး အဲဒီကို ရောက်နေပါတယ်။ ဒီလူတွေကို လူသားချင်းစာနာတဲ့ အရေးပေါ် အကူအညီပေးရေးကိစ္စမှာ အခက်အခဲ ကြုံနိုင်တာကြောင့် မလေးရှားအစိုးရကို ကူညီဖို့ UNHCR က ကမ်းလှမ်း ထားသလို၊ အကူအညီ ပေးဖို့လည်း အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

အခုလို ထွက်ပြေးခိုလှုံလာသူတွေကို အကြောင်းပြချက် မခိုင်လုံပဲ ဖမ်းဆီးထိန်းသိမ်းထားတာမျိုး မလုပ်ဖို့ UNHCR က တောင်းဆိုထားပါတယ်။ ဒီလူတွေရဲ့ မိသားစု ပြန်လည်ဆုံဆည်းနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေးနဲ့ ရွှေ့ပြောင်းနေထိုင်ခွင့်အတွက် အဆုံးအဖြတ် တခုခု မကျခင်ကာလမှာ အလုပ်လုပ်ခွင့်ပေးရေး စတဲ့ အခြေခံအခွင့်အရေးတွေ ပေးဖို့ကိုလည်း UNHCR က တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG