သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ လူထု အရေးတော်ပုံ နှစ်ပတ်လည် နယ်အသီးသီး ကျင်းပ


၈လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား အထက်မြန်မာပြည်။
၈လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား အထက်မြန်မာပြည်။
အလားတူ ဒီကနေ့ကျရောက်တဲ့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားတွေကို အထက်မြန်မာပြည် တလွှားမှာလည်း ကျင်းပခဲ့ကြပါတယ်။ အထက်မြန်မာပြည် မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ၈ လေးလုံး ငွေရတု အခမ်းအနားမှာတော့ - ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကို ပြည်သူ့ဒီမိုကရေစီနေ့အဖြစ် တရားဝင် သတ်မှတ် ပြဌာန်းပေးဖို့နဲ့ လာမယ့် ပြည်ထောင်စုနေ့ကို နောက်ဆုံးထားပြီး တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ပြည်သူ့ညီလာခံကြီး ကျင်းပပေးဖို့ အပါအဝင် မူ ၃ ရပ်ကို ချမှတ်ခဲ့ကြပါတယ်။ ဒီလို မန္တလေးမြို့က အပါအဝင် တခြားမြို့တွေမှာ လုပ်ခဲ့တဲ့ ၈ လေးလုံး ငွေရတုအခမ်းအနားတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးထားပါတယ်။

ရန်ကုန်မှာလိုပဲ မန္တလေးမှာလည်း ၃ ရက်တိတိပြုလုပ်တဲ့ ၈ လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနား နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ - တက်ရောက် လာသူတွေကနေ - သြဂုတ်လ ၈ရက်နေ့ကို မြန်မာအစိုးရ အနေနဲ့ နိုင်ငံတော် အောက်မေ့ဖွယ်နေ့တနေ့အဖြစ် တရားဝင် သတ်မှတ်ပြဌာန်းပေးဖို့ အပါအဝင် မူ ၃ ချက်ကို ချမှတ်ခဲ့တယ်လို့ မန္တလေးမြို့ ၈ လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်လွင် က ဗွီအိုအေကို ပြောပြပါတယ်။

"နံပတ်တစ်က ကျနော်တို့က ဒီသြဂုတ်လ ၈ရက်နေ့ကို မြန်မာနိုင်ငံ ပြည်သူ့
ဒီမိုကရေစီနေ့ အဖြစ်သတ်မှတ်ပေးဖို့၊ နံပတ်တစ်ပေါ့နော်။ နံပတ်နှစ်ကတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အာမခံပေးနိုင်တဲ့ အခြေခံဥပဒေ သစ်ပေါ်ထွက်လာရေး၊ နံပတ်နှစ်အချက်က။ နံပတ်သုံးကတော့ ကျနော်တို့ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ပြည်သူ့ညီလာခံတရပ်ကို ဖော်ဆောင်ပေးဖို့၊ နံပတ်သုံးအချက်ကပေါ့နော်။ အဲ့ဒီ့သုံးချက်ပါပဲ။ ကျနော်တို့ ဒီမှာ အတည်ပြုတာ အဲ့ဒီ့သုံးချက်ပါပဲ။

ဒီ မူ ၃ ချက်စလုံးကို အသေအချာ စိစစ်ပြီးရင်တော့ တရားဝင် ထုတ်ပြန်သွား မှာဖြစ်သလို၊ အစိုးရအပါအဝင် လွှတ်တော်ကို လည်း ပေးပို့ တောင်းဆို သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခု အတည်ပြု ချမှတ်ခဲ့တဲ့ မူ ၃ ချက်ထဲက တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ပြည်သူ့ ညီလာခံခေါ်ယူရေး ဆိုတဲ့ အချက်ကို အစိုးရအနေနဲ့ လာမယ့် ပြည်ထောင်စုနေ့ကို နောက်ဆုံးထား ခေါ်ယူဖို့ သတ်မှတ်ခဲ့တယ်လို့လည်း ကိုမောင်မောင်လွင် က ပြောဆိုခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်၊ ၇ ရက်၊ ၈ ရက် - ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားကိုတော့ - ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေရော၊ ၈၈ အရေးအခင်းကာလ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း တောခိုခဲ့ကြတဲ့ ကျောင်းသားအဖွဲ့အစည်းတွေ
ရော တက်ရောက်ခဲ့ကြတယ်လို့ ကိုမောင်မောင်လွင် က ဆက်ပြောပြပါတယ်။

"လူ့ဘောင်သစ်လည်း တက်ပါတယ်။ နောက် ပြည်သူ့ရဲဘော် အိန္ဒိယကျောင်းသားအဖွဲ့၊ ABSDF တက်ပါတယ်။ NLD အဖွဲ့တွေ တက်ပါတယ်။ အင်အားကတော့ ခမ်းမတွင်း အထိကတော့ ငါးရာလောက်ရှိမှာပါ။ ကျနော်တို့ခမ်းမကလည်း အဲ့လောက်ပဲ ဆန့်ပါတယ်။ အပြင်မှာတော့ များတယ်ခင်ဗျ။ အပြင်က လူအုပ်က အပြင်မှာ လမ်းကြောင်းမပိတ်အောင် လုပ်ရတာဆိုတော့ သုံးလေးရာလောက် အနည်းဆုံးရှိမှာပါ။

မနက်ပိုင်းကတော့ မန္တလေးမြို့ ၃၁ လမ်း နဲ့ ၈၄ လမ်းထောင့်မှာရှိတဲ့ ဓမ္မသာလခန်းမရှေ့မှာ - ၈၈ အရေးတော်ပုံအတွင်း ကျဆုံးသွား တဲ့ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်တွေအတွက် ရည်စူးပြီး သံဃာအပါး ၁ ထောင်ကျော်ကို ဆွမ်းလောင်းခဲ့သလို၊ ဓမ္မသာလခန်းမဆောင်ထဲ မှာလည်း - သံဃာတော် ၁၀၄ ပါးကို ဆွမ်းကပ် လှူဒါန်း ခဲ့ကြတာဖြစ်ပါတယ်။ နေ့လည်မှာတော့ - အခမ်းအနား တက်ရောက် လာသူတွေက လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေ၊ ရှေ့ဆက်ဆောင်ရွက် ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ၃ ပိုင်းခွဲ ဆွေးနွေးခဲ့ကြတယ် လို့လည်း မန္တလေးမြို့ ငွေရတု အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ က ပြောဆိုခဲ့ပါတယ်။

တခါ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ဇောတိကရာမဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကိုလည်း - ပြည်တွင်းပြည်ပက ဒီမိုကရေစီအင်အားစုတွေ တက်ရောက်ခဲ့ကြသလို၊ မုံရွာမြို့ခံ ကျောင်းသူကျောင်းသားတွေ ပြည်သူတွေက - ဇောတိကရာမ ဘုန်းတော်ကြီးကျောင်းမှာ ပြသထားတဲ့ ၈၈ အရေးတော်ပုံအတွင်းက မှတ်တမ်းတွေကို စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ ကြတယ်လို့ အထက်ဗမာပြည် ဗကသရဲ့ ဒုဥက္ကဋ္ဌ ကိုနွေဦးကို ဗွီအိုအေကို ပြောပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာနေပြီဆိုပေမဲ့ လွတ်လပ်မှု မရှိသေးကြောင်းနဲ့ ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်ရဦးမှာဖြစ်တယ်လို့ ကိုနွေဦးကို က အခုလို ပြောဆိုပါတယ်။

"'ဒီမိုကရေစီဆိုတာ အပြည့်အဝမရသေးပါဘူး။ အပြည့်အဝဆိုတာထက် လမ်းလေးတခုပဲ ရှိပါသေးတယ်။ ရှေ့ကိုသွားမယ်ဆိုရင် ပိတ်ပင်နေတာတွေရှိနေသေးတယ်။ ကျနော်တို့ပြောချင်တာကတော့ စစ်အာဏာရှင်စနစ်ပါတဲ့ အုပ်ချုပ်မှုတွေ၊ စစ်တပိုင်း အစိုးရတွေ၊ စစ်တပိုင်း လွှတ်တော်တွေ၊ စစ်အာဏာရှင်တွေ အုပ်ချုပ်ထားတဲ့ စီးပွားရေးတွေ၊ ရှိနေသေးသရွေ့ကတော့ ကျနော်တို့တွေ ဒီမိုကရေစီဆိုတာကို မျက်ဝါးထင်ထင် မမြင်နိုင်သေးပါဘူး။ နောက်ထပ် တိုက်ပွဲတွေ အများကြီးဝင်ရဦးမယ်ဆိုတာကို ကျနော်တို့ မြင်နေပါတယ်။ မလွတ်လပ်သေးပါဘူး။"

တခါ ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း ၈၈ ကာလတုန်းက သပိတ်စခန်းတွေ စခဲ့တဲ့ ခါတော်မှီ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ပြီး - အရေးတော်ပုံအတွင်း ကျဆုံးသွားသူတွေကို အလေးပြုရင်း အခမ်းအနားကို ဖွင့်လှစ်ခဲ့တယ်လို့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင် ကိုဝေလု က ပြောပြပါတယ်။ အဲ့ဒီနောက် လက်ရှိ အစိုးရသွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းနဲ့ မြန်မာ လူငယ်တွေ နိုင်ငံရေးမှာ စိတ်ဝင်စား ပါဝင်လာဖို့ အရေးကြီးတဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အခုလို ပြောပါတယ်။

"အဓိက ကတော့ အခုလက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်နေချိန်မှာ ပုဒ်မတွေအမျိုးမျိုးတပ်ပြီးတော့ ပြန်လည်အရေးယူဆောင်ရွက်မှုတွေ လုပ်နေတာတွေဟာ ပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့ ပုံစံမဟုတ်တော့ပဲ၊ ပြုပြင်ပြောင်းလဲမှုတွေကို ဖျက်ဆီးနေတယ်ပေါ့နော်။ ပုဒ်မ ၁၈တို့ ၅၀၅(ခ) တို့ ဒီဟာမျိုးတွေကို အပြင်းအထန် ရှုံ့ချတဲ့သဘောပေါ့နော်။ လက်ရှိ အခြေအနေ နဲ့ ရှေ့ဆက်ပြီးတော့ ကျောင်းသားတွေ နိုင်ငံရေး သိဖို့နဲ့ နိုင်ငံရေးသိမှ သာလျင် နိုင်ငံရေးကို နိုင်ငံတနိုင်ငံကို ကောင်းအောင် လုပ်နိုင်မယ် ဆိုတဲ့ အကြောင်းလေးတွေ ဆွေးနွေးတာပေါနော်။"

ပုသိမ်မြို့မှာ ကျင်းပတဲ့ အခမ်းအနားကိုတော့ အင်အား ၅၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
XS
SM
MD
LG