သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ တိုင်တန်းချက်တွေ မှန်မှန် ကန်ကန် ဖြေရှင်းဖို့ အမေရိကန် တိုက်တွန်း


မြန်မာအစိုးရဟာ အစိုးရ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကြား နောက် တက်လာမယ့် အစိုးရအတွက် အာဏာလွှဲပြောင်းရေး ဆွေးနွေးပွဲ မလုပ်ခင် တလကျော် အချိန်ယူမယ် လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ကို ဗွီအိုအေမြန်မာပိုင်း အစီအစဉ်ကနေ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမေးမြန်းရာ မှာ ဒီလိုစီစဉ်ထားတဲ့ အချိန်ဇယားနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ဘာမှ မရှိပါဘူးလို့ ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ လက်ရှိအခြေအနေကတော့ ကျနော်တို့ ဘာမှ မမြင်ရဘူးပေါ့နော်။ ကျနော်တို့ စိုးရိမ်စရာတော့ မတွေ့ပါဘူး။ နောက်တခုက သမ္မတကြီးကလည်း အမြဲတမ်းပြောတယ်။ ဒီကြားကာလ တည်ငြိမ်မှှု အခြေအနေကို ဝိုင်းဝန်းထိန်းသိမ်းသွားမယ်လို့ ကျနော်တို့ကို ပြောထားတာရှိတယ်။ တဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်က သူ့ပါတီ ထောက်ခံသူတွေကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေကြဖို့ တိုက်တွန်းနေတာ ရှိတယ်။ ပြည်သူအများစုကလည်း ဒီအချိန်မှာ တိုင်းပြည်တည်ငြိမ်ဖို့ဆိုတာ အရေးကြီးဆုံးလို့ မြင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်ထင်တယ် ကြီးကြီးမားမားတော့ ဘာမှ စိုးရိမ်စရာ မရှိဘူးလို့ မြင်ပါတယ်။”

အတိုက်ခံပါတီခေါင်းဆောင်အနေနဲ့ မကြာသေးခင်ကပဲ နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ကို တွေ့ဆုံဖို့ အဆိုပြုထားတဲ့ ကိစ္စကိုလည်း အခုနှစ်ကုန်ပိုင်းမှာ တွေ့ကြ ပါလိမ့် မယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ လုပ်ငန်း အပြီးသတ်ပြီးချိန်မှာ တွေ့ကြမှာ ဖြစ်ပါတယ်လို့ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က သူ့ရဲ့လုပ်ငန်းအပြီးသတ်ဖို့ ၄၅ ရက် သတ်မှတ် ထားပါတယ်။ ဒါကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းအချိန်ယူဖို့ တွက်ဆထားတာကြောင့် တွေ့ဆုံဆွေးနွေးမှုဟာ ၄၅ ရက် နောက်ပိုင်းမှာမှ ဖြစ်ပါလိမ့်မယ်။”

မြန်မာသတင်းမီဒီယာတွေမှာတော့ အာဏာရ USDP ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းပါတီဝင်တဦးကို ကိုးကားပြီး သူတို့ပါတီက အနိုင်ရ NLD ကိုယ်စားလှယ်တွေအပေါ် ရွေးကောက်ပွဲ တိုင်တန်းချက်တွေ ၁၀၀ နီးပါး ရှိနိုင်တယ်လို့ ဖော်ပြကြပါတယ်။

ဒီတိုင်တန်းချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးမှာဖြစ်ပြီး တကယ်လို့ ရွေးကောက်ခံ ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ခံရမယ်ဆိုရင် လွှတ်တော် ၂ ရပ်စလုံးမှာ NLD ရဲ့ အသာစီးရမှုကို ထိခိုက်နိုင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူကတော့ ရွေးကောက်ပွဲ ပြသနာတွေကို ဖြေရှင်းရာမှာ မူမမှန်မှုတွေ ရှိတယ်ဆိုတဲ့သတင်းတွေ အခုထိမရရှိသေးပါဘူးလို့ ပြောပါတယ်။

ကျနော်တို့နားလည်ထားသလောက်တော့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အစပိုင်းသာ ရှိနေသေးပြီး ရွေးကောက်ပွဲ တိုင်တန်းချက်တွေကို လက်ခံနေဆဲ ရှိတယ်ဆိုတာပါပဲ။ အဲဒီလို တိုင်တန်းချက်တွေကို ဖြေရှင်းပေးတဲ့ နေရာမှာ လျှင်မြန်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ ပြေပြေပြစ်ပြစ် ဖြေရှင်းနိုင်အောင် လုပ်ဆောင်ကြဖို့ ဘက်ပေါင်းစုံကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အကဲခတ်တွေက ဒီဖြစ်စဉ်ကို နီးနီးကပ်ကပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ John Kirby က VOA ကို ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

XS
SM
MD
LG