သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစိုးရရဲ့ မြန်မာ မူဝါဒ လွှတ်တော် အမတ်တွေ ဝေဖန်


မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်အစိုးရရဲ့ လက်ရှိ မူဝါဒတွေဟာ ပျော့ပြောင်းလွန်းတယ်လို့ အမေရိကန် လွှတ်တော်အမတ်တချို့က ဝေဖန်လိုက်ပါတယ်။

မကြာသေးခင် နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိခဲ့တယ်ဆိုပေမဲ့လည်း လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေတာကို လွှတ်တော်အမတ်တွေက အဓိက ထောက်ပြခဲ့ကြပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရအပေါ်မှာ လိုတာထက် လိုက်လျောလွန်းနေတယ်လို့ မနေ့က အမေရိကန် လွှတ်တော်တွင်း ပြုလုပ်တဲ့ ကြားနာပွဲတခုမှာ ထောက်ပြ ဝေဖန်ခဲ့ကြတာပါ။

ဒီမြန်မာ့အရေးကြားနာပွဲမှာ ဘာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာ မခင်ဖြူထွေးက တင်ပြထားပါတယ်။

သမ္မတ အိုဘားမားအစိုးရဲ့ မူဒါတွေဟာ မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေ လျစ်လျူရှုပြီး မြန်မာအစိုးရကို လိုတာထက် ပို လိုက်လျော ဆက်ဆံနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒတွေနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်တဲ့ ကြားနာပွဲမှာ လွှတ်တော်အမတ်တွေက ဝေဖန်ခဲ့ကြတာပါ။

ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က အမေရိကန်အစိုးရကို ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ခြင်း မရှိတဲ့တိုင်အောင် အမေရိကန်ဘက်ကတော့ လိုက်လျောမှုတွေ အများအပြား ရှိခဲ့တယ်လို့ ဒီကြားနာပွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ Ohio ပြည်နယ် အထက်လွှတ်တော်အမတ် Steve Chabot က ထောက်ပြ ဝေဖန်သွားပါတယ်။

“လွန်ခဲ့တဲ့တနှစ်က သမ္မတ အိုဘားမားကို မြန်မာသမ္မတ ဦးသိန်းစိန်က ကတိ ၁၁ ခု ပေးခဲ့တာရှိပါတယ်။ သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့မေလက အမေရိကန်သမ္မတ အိမ်ဖြူတော်ကို လာခဲ့ချိန်ကလည်း ဒီကတိတွေကို ထပ်ပြီး ပေးခဲ့သေးတယ်။ ဒါပေမဲ့လည်း ဒီကတိစကားတွေထဲက တော်တော်များများ ခုချိန်ထိ လျစ်လျူရှုခံနေရတုန်းပါ။ ဒီပျက်ကွက်နေတဲ့ ကတိတွေထဲမှာ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ရုံးဖွင့်ဖို့၊ ပဋိပက္ခဖြစ်နေ တဲ့ ဒေသတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေရောက်အောင် လမ်းဖွင့်ပေးဖို့၊ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ဆိုတဲ့ ကိစ္စရပ်တွေအပြင် မြောက်ကိုရီးယားနဲ့ တရားမဝင် လက်နက်ကုန်သွယ်မှုတွေ အဆုံးသတ်ဖို့ဆိုတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အကျင့်ပျက်ချစားတဲ့ အုပ်ချုပ်မှုတွေနဲ့ စစ်တပ်ရဲ့ ကြိုးကိုင်ချယ်လှယ်မှုတွေအောက်မှာ ရှိနေပေမဲ့လို့ သမ္မတအိုးဘားမား အစိုးရကတော့ မြန်မာအစိုးရကို အသိအမှတ်ပြု လိုက်လျောဆက်ဆံနေတုန်း ဖြစ်ပါတယ်။”

မြန်မာအစိုးရရဲ့ လုပ်ဆောင်မှု တခုချင်းပေါ်မူတည်ပြီး အမေရိကန်ဘက်က ပြန်လည် တုံ့ပြန်သွားမယ်လို့ ဆိုတဲ့ အိုဘားမားအစိုးရရဲ့ မူဝါဒဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုပြီး ရှေ့ဆက် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် တွန်းအားပေးရာ မရောက်ဘူးလို့လည်း အထက်လွှတ်တော်အမတ် Steve Chabot က ဝေဖန်ခဲ့ပါတယ်။

အမေရိကန်လွှတ်တော်တွင်း မြန်မာ့အရေးကို အမြဲတမ်း တက်တက်ကြွကြွ ဆောင်ရွက်နေခဲ့တဲ့ နယူးယောက်ပြည်နယ် အထက်လွှတ်တော် အမတ် Joseph Crowley ကလည်း အလားတူ ဝေဖန်သွားခဲ့တာပါ။

“လုပ်ရပ်တခုချင်းစီတိုင်းအပေါ်မှာ ပြန်လည် တုံ့ပြန်သွားမယ်ဆိုတဲ့ မူဝါဒကို ကနဦးကတည်းက ကျနော် လက်ခံထားတဲ့သူပါ။ ဒါပေမဲ့ အခု အစိုးရက လိုတာထက်ပိုပြီး အများကြီး လိုက်လျောတုံ့ပြန်နေတယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုတွေကို ကျနော် မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ မြန်မာအပေါ်ချထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ တဖက်သတ် လျော့ပေါ့ပေးပြီး စစ်ဘက်ဆိုင်ရာ သင်တန်းတချို့ ပေးတဲ့ ကိစ္စတွေကိုတော့ ကျနော် လက်မခံပါဘူး။”

ဒီကြားနာပွဲမှာ မြန်မာအစိုးရကို အပြင်းထန်ဆုံး ဝေဖန်သွားသူကတော့ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Dana Rohrabacher ပဲ ဖြစ်ပါတယ်။

“အမေရိကန်လွှတ်တော်ထံကနေ မြန်မာအစိုးရ ကြားစေချင်တဲ့ စကားတခုကတော့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံများ မိသားစုစာရင်းထဲမှာ လက်ခံနိုင်လောက်တဲ့ အခြေအနေကို မရောက်သေးဘူး ဆိုတာပါပဲ။ တိုးတက်မှုတွေ လုပ်ဆောင်ခဲ့တာ မှန်ပေမဲ့ ဒါဟာ မလုပ်လောက်သေးပါဘူး။ ကမ္ဘာပေါ်က ဒီမိုကရေစီကျင့်သုံးတဲ့ တခြား နိုင်ငံတွေလို အများလက်ခံတဲ့ ဒီမိုကရက်စီ အစိုးရတရပ်အဖြစ် တကယ်ပဲ အသိအမှတ် ပြုစေချင်တယ် ဆိုရင်တော့ မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ အများကြီး ရှိပါတယ်။ ခုထိတော့ မြန်မာအစိုးရဟာ နယ်စပ်ဒေသ တိုင်းရင်းသား လူနည်းစုတွေ အပေါ်မှာ ရက်ရက်စက်စက် နှိပ်စက် နှိမ်နင်းမှုတွေ လုပ်နေဆဲ ဖြစ်သလို၊ တိုင်းပြည်အနောက်ခြမ်းမှာရှိတဲ့ မူဆလင် လူနည်းစုတွေကိုလည်း သတ်ဖြတ် နှိမ်နင်းမှုတွေ လုပ်နေတုန်းပါပဲ။”

ခုချိန်မှာ အများစုဖြစ်တဲ့ ဗမာတွေပဲ လွတ်မြောက်ပြီးတော့ လူနည်းစု တိုင်းရင်းသားတွေနဲ့ မူဆလင်တွေ ဆက်လက် ဖိနှိပ်ခံရနေတယ်ဆိုရင် ဒါကို အမေရိကန်ပြည်ထောင်စုက လုံး၀ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီလိုပုံစံမျိုးနဲ့တော့ လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် အသိအမှတ်ပြု ခံရမှာ မဟုတ်ဘူးလို့လည်း ရိုဘက်ကာ က ပြောသွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန လက်အောက် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာနခွဲက မြန်မာ့အရေး အကြီးတန်း အကြံပေးပုဂ္ဂိုလ် Judith Cefkin ကတော့ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း တိုးတက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ်မှာ အသိအမှတ် ပြုကြောင်းနဲ့ ဒီပြောင်းလဲတိုးတက်မှုတွေကို ထောက်ပြပြောဆိုခဲ့ သလို၊ ရှေ့ဆက် အခက်အခဲ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရဦးမယ့် အကြောင်း ဒီကြားနာပွဲမှာ ပြောသွားခဲ့ပါတယ်။

အရှေ့တောင်အာရှ လုံခြုံရေးရာ ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီး Vikram Singh ကတော့ လောလောဆယ် မြန်မာအစိုးရနဲ့ အမေရိကန်အကြား နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှုတွေဟာ အခြေအနေမှာ ဟိုးအရင်တုန်းက ရှိခဲ့သလိုမျိုး ပုံမှန် ဆက်ဆံရေး အပြည့်အ၀ ပြန်မဖြစ်သေးဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်တယ်လို့ ပြောသွားခဲ့ပါတယ်။

“ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြန်မာအစိုးရနဲ့ စစ်ရေးဆက်ဆံမှုတွေကို လောလောဆယ်မှာ ပုံမှန် အနေအထားနဲ့ အပြည့်အ၀ ပြန်မဖြစ်သေးသလို၊ ပြန်လည်ထားရှိဖို့ အားပေး အကြံပြုသွားဖို့လည်း မရှိပါဘူး။ မြန်မာအစိုးရကို စစ်ဘက်ဆိုင်ရာ ငွေကြေး အထောက်အပံ့တွေ၊ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ သင်တန်းတွေ ပြန်လည် ပေးဖို့လည်း မရှိပါဘူး။”

စစ်ရေးအရ သတိထား ဆက်ဆံမှုတွေနဲ့အတူ မြန်မာစစ်တပ်ကို နိုင်ငံတကာ စံချိန်စံနှုန်းတွေ နားလည် လက်ခံ ကျင့်သုံးလာအောင် ကူညီသွားနိုင်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကို အနီးကပ် ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့လည်း Vikram Singh က ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ကြတဲ့ ဒီကြားနာပွဲကို မြန်မာနိုင်ငံကနေ ခေတ္တလေ့လာရေးခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာလွှတ်တော်အမတ်တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG