သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှု ရုပ်သိမ်းရေး အမေရိကန် အစိုးရနဲ့လွှတ်တော် ဆွေးနွေး

ဒဏ်ခတ်မှု ရုပ်သိမ်းရေး အမေရိကန် အစိုးရနဲ့လွှတ်တော် ဆွေးနွေး
ဒဏ်ခတ်မှု ရုပ်သိမ်းရေး အမေရိကန် အစိုးရနဲ့လွှတ်တော် ဆွေးနွေး

၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အဲဒီ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ သင့်မသင့် အစိုးရနဲ့ ဥပဒေပြုလွှတ်တော် အကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးဆိုင်ရာ အက်ဥပဒေတစ်ရပ်ကို ၂၀၀၃ ခုနှစ်မှာ ချမှတ်ခဲ့ပေမဲ့ ပြောင်းလဲမှု မရှိခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်မှာ လွှတ်တော်အမတ် တွမ်လန်းတို့စ် (Tom Lantos) တင်သွင်းတဲ့ JADE အက်ဥပဒေနဲ့ အရေးယူမှုတွေကို တိုးမြှင့် တင်းကျပ်ခဲ့ပါတယ်။

ဒါပေမဲ့ မနှစ်ကစပြီး မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ တစ်စစ လုပ်ဆောင်လာခဲ့သလို ဒီ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ မြန်မာအစိုးရသစ်က တောင်းဆိုခဲ့ပါတယ်။ အခုထိ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားမပေးသေးတဲ့ အမေရိကန်ဘက်က မြန်မာနိုင်ငံအတွင် ပြောင်းလဲ တိုးတက်မှုတွေအတွက် ညီမျှတဲ့ တုံ့ပြန်မှုတွေ ပေးနေပါတယ်လို့ မစ္စတာ ကမ့်ဘဲလ် က ပြောပါတယ်။

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) မြန်မာနိုင်ငံကို လာရောက်ခဲ့သလို အထင်ကရ အထက်လွှတ်တော် အမတ်တွေဖြစ်ကြတဲ့ မစ်ချ်မက်ကောနဲလ် (Mitch McConnell)၊ ဂျွန်မက်ကိန်း (John McCain) နဲ့ ဂျိုးလစ်ဘာမန်း (Joe Liberman) တို့ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီအရေးယူ ဒဏ်ခတ်မှုဆိုင်ရာ ဥပဒေကို ပြင်ဖို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဖို့ လိုနေပြီး အခုအခါမှာ ဆွေးနွေးမှုတွေ လုပ်နေပြီမို့ မကြာခင် လအနည်းငယ်အတွင်းမှာပဲ အဖြေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ထင်းရှားတဲ့ တက္ကသိုလ်နဲ့ ပညာရေး၊ စီးပွားရေးကအစ ထိပ်ဆုံးမှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြောင်းလဲမှုတွေအတွက် စိန်ခေါ်မှုတွေ ရှိနေတာမို့ အားလုံးက ဝိုင်းဝန်း ကူညီဖို့ လိုနေတယ်လို့လည်း မစ္စတာ ကမ့်ဘဲလ်က ပြောကြားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG