သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အမေရိကန်နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်ဖွယ်ရှိ


မြန်မာ့အရေး အမေရိကန်နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်ဖွယ်ရှိ
မြန်မာ့အရေး အမေရိကန်နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်ဖွယ်ရှိ

အမေရိကန် ပြည်ထောင်စုကို ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေတဲ့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) နဲ့ အမေရိကန် အစိုးရ အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးပြီး ဒေသအရေး၊ ကမ္ဘာ့အရေး ဆွေးနွေးကြတဲ့အခါ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ပြောဆိုနိုင်တယ်လို့ သုံးသပ် ခန့်မှန်းမှုတွေ ရှိနေပါတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန် ပြည်ထောင်စု ရပ်ဂျားစ်တက္ကသိုလ် (Rutgers University) က ပါမောက္ခ ဂျိုးဆက်ဖ် ဆေးလ်ဗားစတိုင်း (Josef Silverstein) ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုရော တရုတ်နိုင်ငံကပါ နှစ်ဘက်စလုံး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောထားတွေ ရှိနေပြီလို့ သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တရုတ်စီးပွားရေး အတော်များများကို ဦးဆောင်လာတဲ့ သမ္မတ ဟူကျင်တောင်းရဲ့ အခုခရီးစဉ်ဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အဓိက အသားပေးမယ့် ခရီးစဉ် ဖြစ်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒေသတွင်းမှာရော ကမ္ဘာမှာပါ အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်လာနေတဲ့ တရုတ်နိုင်ငံနဲ့ လက်ရှိ ကမ္ဘာ့အင်အားကြီး အမေရိကန် ပြည်ထောင်စုတို့ကြားမှာ ဆွေးနွေးပြောဆိုစရာ ကမ္ဘာ့ရေးရာ ကိစ္စရပ်တွေ အတော်များများ ရှိမှာပါ။

လုံခြုံရေး ကိစ္စရပ်တွေ ပါနိုင်သလို လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကြောင်းရပ်တွေလည်း ပါလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ အရေးကိုလည်း ဆွေးနွေးမယ်လို့ ယူဆကြပါတယ်။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံကိစ္စမှာ ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ သဘောထားမျိုးတွေ တွေ့လာရတယ်လို့ ပါမောက္ခ ဂျိုးဆက်ဖ် ဆေးလ်ဗားစတိုင်းက သုံးသပ်ပါတယ်။

“အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံနဲ့ ပတ်သက် နီးစပ်မှုရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးသစ်ကိုလည်း တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။ တရုတ်ဟာ အမေရိကန်ပြီးရင် အင်အားအကြီးဆုံး ဖြစ်လာနေတော့ အတော်အရေးပါတဲ့ တိုင်းပြည်ပါ။ တရုတ်ဟာ ကျန်တဲ့နိုင်ငံတွေနဲ့လည်း ကုန်သွယ်ရေးပိုင်း၊ ဆက်ဆံရေးပိုင်းတွေမှာ မြန်မာနဲ့ ပိုနီးစပ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်ရော၊ တရုတ် နှစ်နိုင်ငံစလုံးကပါ နှစ်ဘက် ပိုပြီး နီးနီးကပ်ကပ် ပြောဆို ဆက်ဆံလိုတဲ့ သဘောတွေ တွေ့လာရပါတယ်။”

စီးပွားရေး အားကောင်းလာတဲ့ အာရှဒေသလိုမျိုးနဲ့ ဆက်ဆံတဲ့ နေရာမှာ အထူးသဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ကုန်သွယ်ရေးမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ ငွေကြေးတန်ဖိုး ကိစ္စတွေကြောင့် အခု မစ္စတာဟူနဲ့ အမေရိကန် အာဏာပိုင်တွေ တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာ မြန်မာနိုင်ငံ ကိစ္စလိုမျိုး လူ့အခွင့်အရေး အကြောင်းရပ်တွေဟာ မှေးမှိန်သွားလေမလား စိုးရိမ်မှုတွေလည်း ရှိပါတယ်။

ပါမောက္ခ ဂျိုးဆက်ဖ် ဆေးလ်ဗားစတိုင်းကတော့ မြန်မာနိုင်ငံ အရေးကိစ္စဟာ မှေးမှိန်စရာ ဘာမှမရှိဘူးလို့ သူက ယူဆပါတယ်။

“အမေရိကန် ပြည်ထောင်စု အနေနဲ့ သူ့မူဝါဒဟာ မှန်ကန်တဲ့ မူဝါဒ ဖြစ်တဲ့အကြောင်း သူ့အမြင်တွေကို တရုတ်ကို ဖော်ပြဖို့ ကြိုးစားမှာပါ။ နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံအပေါ်မှာ အတော်လေး သြဇာညောင်းနိုင်တဲ့ အနေအထား ရှိပါတယ်။ နှစ်နိုင်ငံကြားမှာ တူညီတဲ့ အခြေခံတခု ရမယ်ဆိုရင် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုအားကောင်းလာနိုင်သလို တခြားနိုင်ငံတွေကိုလည်း ဂယက်ရိုက်သွားမှာပါ။”

ဒါပေမဲ့ တဘက်မှာတော့ လူ့အခွင့်အရေး အကြောင်းရပ်ဟာ တရုတ်တို့အတွက် အထိအရှမခံတဲ့ ကိစ္စရပ် ဖြစ်နေတုန်းပါ။ တရုတ်နိုင်ငံ အနေနဲ့က သူ့ရဲ့ ပြည်တွင်းရေး ကိစ္စရပ်တွေနဲ့ပါ ပတ်သက်နေပါတယ်။ မကြာခင်ကပဲ ဖမ်းဆီးခံထားရတဲ့ အတိုက်အခံ လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ကို ကမ္ဘာက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တဲ့ အပေါ်မှာ တရုတ်အစိုးရ အနေနဲ့ အတော်လေး အကဲဆတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်အစိုးရရဲ့ တရားဝင် ဖော်ပြ သုံးနှုန်းမှုတွေမှာလည်း မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို သတိထားပြီး ရှောင်သုံးတာ တွေ့ရသလို မြန်မာနိုင်ငံ ပြဿနာကို ပြည်ပက ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်ဖို့ နိုင်ငံတကာကို သတိပေးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ မကြာခင်က ဝီကီလိခ်စ်မှာ ဖောက်ထုတ်လိုက်တဲ့ သံတမန် မှတ်တမ်းတွေမှာတော့ တရုတ်အစိုးရဟာ သူ့နည်း သူ့ဟန်နဲ့တော့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် မြန်မာစစ်အစိုးရကို နားချ စည်းရုံးတာတွေ လုပ်ခဲ့ဖူးတယ်ဆိုတဲ့ အချက်တွေ ပါသလို မြန်မာစစ်အစိုးရရဲ့ လုပ်ဟန်အချို့ အပေါ်မှာလည်း စိတ်ပျက်လက်ပျက် ဖြစ်မိကြောင်း ဖော်ထုတ် ပြောဆိုမှုတွေလည်း တွေ့ရပါတယ်။

XS
SM
MD
LG