သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း အိုင်ရင်းအတွက် အမေရိကန် အရှေ့ဘက်ကမ်း အရေးပေါ် ကြေညာ


ဟာရီကိန်း အိုင်ရင်းအတွက် အမေရိကန် အရှေ့ဘက်ကမ်း အရေးပေါ် ကြေညာ
ဟာရီကိန်း အိုင်ရင်းအတွက် အမေရိကန် အရှေ့ဘက်ကမ်း အရေးပေါ် ကြေညာ

အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ် ကမ်းရိုးတန်း တလျှောက်ကို ပြင်းအား အဆင့် ၃ ရှိပြီး အိုင်ရင်း (Irene) လို့ အမည်ပေးထားတဲ့ ဟာရီကိန်း မုန်တိုင်းဟာ အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် စနေနေ့ညမှာ ကျရောက်လာဖို့ ရှိတာကြောင့် မြောက်ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ မေရီလင်း၊ ကွန်နက်တီကပ်၊ နယူးယောက်နဲ့ နယူးဂျာစီ ပြည်နယ်တွေမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အရေးပေါ် အခြေအနေတွေ ကြေညာထားကြပါတယ်။

အခုအခါမှာ အမေရိကန် ပြည်ထောင်စုရဲ့ တောင်ဘက် ကာရစ်ဘီယံ ကျွန်းစုထဲက ဘဟားမားကျွန်းမှာ တနာရီကို လေတိုက်နှုန်း ၁၁၅ မိုင်နှုန်းနဲ့ ဝင်ရောက် တိုက်ခတ်နေတဲ့ ဟာရီကိန်းမုန်တိုင်း အိုင်ရင်းဟာ စနေနေ့ညမှာ မြောက်ကာရိုလိုင်းနားပြည်နယ်ကို အရင်ဆုံး ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ်က ကမ်းခြေတလျှောက်မှာတော့ ဒေသခံတွေနဲ့ နွေရာသီ အပန်းဖြေဖို့ ရောက်ရှိနေသူတွေကို ရွှေ့ပြောင်းပေးတာတွေ လုပ်ဆောင်ထားပြီးပါပြီ။

ပြည်ထောင်စု အရေးပေါ် အခြေအနေများ စီမံခန့်ခွဲရေး အေဂျင်စီရဲ့ အကြီးအကဲ ခရိတ် ဖူဂိတ် (Craig Fugate) က ဟာရီကိန်းမုန်တိုင်း အိုင်ရင်းဟာ ကမ်းရိုးတန်း တလျှောက်ကိုသာ တိုက်ခတ်မှာ မဟုတ်ဘဲ ကုန်းတွင်းပိုင်းကိုလည်း ဝင်ရောက် မွှေနှောက် တိုက်ခတ်မယ့် မုန်တိုင်းအမျိုးအစား ဖြစ်တယ်လို့ မနေ့က သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်း အိုင်ရင်းကြောင့် လေပြင်းရိုက်ခတ်မှုနဲ့ ရေလွှမ်းမိုးမှုတွေ တွဲဖက် ဖြစ်ပေါ်ပြီးတော့ သစ်ပင်ပြိုလဲမှုတွေ၊ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်မှုတွေပါ ကြုံတွေ့ရနိုင်တယ်လို့ မစ္စတာ ဖူဂိတ်က ပြောဆိုခဲ့ပါတယ်။

အမျိုးသား ဟာရီကိန်းမုန်တိုင်း စောင့်ကြည့်ရေးဌာန ညွှန်ကြားရေးမှူး ဘေလ်ရိဒ် (Bill Read) က ဗာဂျီးနီးယားနဲ့ မေရီလင်းပြည်နယ် ၂ ခုအနီး ကိုလံဘီယာခရိုင်မှာရှိတဲ့ ဝါရှင်တန်ဒီစီ မြို့တော်ကိုပါ ဟာရီကိန်းမုန်တိုင်း အိုင်ရင်း တိုက်ရိုက် ကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒေသတွင်း အမေရိကန် လေကြောင်းလိုင်းတွေ၊ ရထားလိုင်းတွေရဲ့ ခရီးစဉ်တွေ၊ ရေကြောင်းခရီးစဉ်တွေ ရွှေ့ဆိုင်းတာတွေကိုလည်း လုပ်ဆောင်နေကြပြီးတော့ ဟာရီကိန်းမုန်တိုင်း အိုင်ရင်းဟာ အမေရိကန် ပြည်ထောင်စုမှာ နှစ် ၁၀၀ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းကြီး ဖြစ်ဖွယ်ရှိတယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG