အာဏာရကြံ့ခိုင်ဖွံဖြိုးရေးပါတီတွင်း ခေါင်းဆောင်မှုအပြောင်းအလဲတွေကြောင့် မကြာသေးခင်ရက်ပိုင်းတွင်း ခတ္တခဏ ရပ်ဆိုင်းခဲ့တဲ့ ပါတီအာဘော်ဖြစ်တဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာနဲ့ ဂျာနယ်ကို အမည်ပြောင်းပြီး ပြန်လည် ထုတ်ေ၀ သွားဖို့ရှိကြောင်း တာဝန်ခံအယ်တာဒီတဦးကပြောပါတယ်။ အရင်ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းကို ရာထူးကနေ ဖယ်ရှား ခံရပြီးနောက် သူနဲ့ဆက်စပ်မှုရှိနေတာ ဒါမှမဟုတ် နီးစပ်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ အစိုးရက ဖိအားပေးမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာ သူရဲ့ လွှတ်တော်ဆိုင်ရာတာဝန်တွေကိုရော ထိခိုက်မှု ရှိနိုင်ပါသလား။ သူ့အပေါ်ဥပဒေကြောင်းအရ တစုံတရာအရေးယူလာနိုင်ခြေရှိပါသလား။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီးတင်ပြပေးထားပါတယ်။
သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူးရှိနေချိန်မှာ ထုတ်ဝေခဲ့တဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာနဲ့ ဂျာနယ်ကို သူ့ကို ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားလိုက်တဲ့နေ့ သြဂုတ်လ (၁၃) ရက်နေ့မှာပဲ ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ပြည်ထောင်စုနေ့စဉ် သတင်းစာရဲ့ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ဖေါ်ပြခဲ့တာပါ။
ဒီအပေါ်မှာ ဝေဖန်မှုအများအပြားထွက်ပေါ်လာခဲ့ပြီးနောက် ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို အရင် သူရဦးရွှေမန်းလက်ထက်ကလိုမဟုတ်ဘဲ အုပ်ချုပ်ရေးဆိုင်ရာအပြောင်းအလဲတွေနဲ့ ပြန်ပြီးစတင်သွားမှာဖြစ်တယ်လို့ ပါတီအထက်ပိုင်းက သူတို့ဆီကို အကြောင်းကြားစာပို့ခဲ့ကြောင်း ပြည်ထောင်စုနေ့စဉ်သတင်းစာ အုပ်ချုပ်မှု အယ်ဒီတာ ဒေါ်ယဉ်မင်းက ဗွီအိုအေကို ပြောပါတယ်။
“၁၂ ရက်နေ့မှာ ပါတီကိုယ်စားလှယ်ကြိုဆိုပွဲ လုပ်တယ်လေ။ ကြိုဆိုပွဲလုပ်ပြီးတဲ့ အဲဒီညမှာတော့ အကုန်လုံးသိပြီးသားအတိုင်းပဲပေါ့နော်၊ အဲလိုကိစ္စတွေ ဖြစ်ခဲ့တယ်။ ၁၃ ရက်နေ့မှာ ကျမတို့ကို ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့မှ အစည်းအဝေးတခုလာတက်ဖို့ အကြောင်းကြားတယ်ပေါ့။ ကျမတို့ ရုံးကနေပြီးတော့မှ ….. အစည်းအဝေး သွားတက်တယ်။ အဲဒီအစည်းအဝေးမှာတော့ ပါတီအနေနဲ့ ပြန်ကြားရေးကို အကြောင်းကြားလာတယ်။ ပါတီအနေနဲ့က ကျနော်တို့ဆီမှာ ပြည်ထောင်စုနေ့စဉ်နဲ့ The Leader ဆိုပြီးတော့ မီဒီယာက ၂ ခုရှိတာကိုး။ The Leader ကတော့ ဂျာနယ်ပေါ့။ ပြည်ထောင်စုနေ့စဉ်ကတော့ နေ့စဉ်ထုတ် သတင်းစာ။ အဲဒီနှစ်ခုကို ထုတ်ဝေတာ ရပ်ဆိုင်းထားမယ်ပေါ့။ အဲလိုအကြောင်းကြားလာတာပဲ ကျမတို့သိတတယ်။ အဲဒီ ၁၃ ရက်နေ့မှာပေါ့နော်။ ၁၄ ရက်နေ့လည်ပိုင်းမှာတော့ ပါတီကနေ သတင်းဌာနဘက်ကို ကိုင်တွယ်ရမယ့်လူကြီးကနေ ပြည်ထောင်စုနေ့စဉ်သတင်းစာကို နာမည်ပြောင်းပြီးတော့ထုတ်မယ်။ အရင်လူတွေနဲ့ပဲ အရင်လစာအတိုင်း၊ အဲဒါ သဘောတူမတူ အကြောင်းပြန်ဖို့ကိုတော့ မေးပါတယ်။ အဲဒီတော့ ကျမတို့ ဝန်ထမ်းတွေနဲ့တိုင်ပင်ပြီးတော့ကတော့ ဒီဟာကို သဘောတူကြောင်းတော့ အကြောင်းပြန်ထားပါတယ်။”
နာမည်ဘာကြောင့်ပြောင်းရသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဆိုပါတယ်။ အရင်က ပါတီဥက္ကဋ္ဌဟောင်းဖြစ်တဲ့ သူရဦးရွှေမန်းကိုယ်တိုင် ပြည်ထောင်စုနေ့စဉ်သတင်းစာကို ဦးစီးကြီးကြပ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်ယဉ်မင်းက အခုလိုပြောပါတယ်။
“ဥက္ကဋ္ဌကြီးကလည်း အမြဲတမ်း ပါတီရဲ့မူဝါဒနဲ့ပဲသွားတာပါ။ သူ့တဦးတည်းသဘောထားနဲ့တော့ ဆောင်ရွက်တာ မဟုတ်ပါဘူး။ ပါတီ CEC လိုဟာမျိုးနဲ့ပဲ အစည်းအဝေးထိုင်ပြီးတော့ပဲ ဆောင်ရွက်တာမျိုးပဲ တွေ့ပါတယ်။ ”
နောက်ဆုံးသြဂုတ်လ (၁၁) ရက်နေ့ကထုတ်ဝေတဲ့သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာတော့ သူရဦးရွှေမန်းရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူဝါဒ အပါအဝင် ပါတီဝင်တွေအနေနဲ့ မျက်ကန်းမျိုးချစ်မဖြစ်ဖို့၊ တရားသေဝါဒစွဲကိုင်သူများမဖြစ်ဖို့ နဲ့ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ကြဖို့ စတဲ့ တိုက်တွန်းချက်တွေကို အကျယ်တဝင့် ဖေါ်ပြခဲ့ပါတယ်။
အခုလို သူရဦးရွှေမန်းကိုပါတီရဲ့ဥက္ကဋ္ဌရာထူးကနေထုတ်လိုက်ပြီးတဲ့နောက် သူနဲ့နီးစပ်တဲ့ ပါတီရဲ့ သတင်းမီဒီယာ ထုတ်ဝေမှုမှာ အပြောင်းအလဲလုပ်ခဲ့သလို သားဖြစ်သူ ဦးတိုးနိုင်မန်းဦးစီးနေတဲ့ ချယ်ရီ FM ရေဒီယိုအသံလွှင့်လုပ်ငန်းကို ရပ်ဆိုင်းဖို့ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက မနေ့က ခေါ်ယူဖိအားပေးပြောဆိုခဲ့ပါတယ်။
ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးဆက်ပြီးရှိနေသူတဦးအနေနဲ့ သူရဲ့အခြားလွှတ်တော်ဆိုင်ရာတာဝန်တွေမှာရော ဘယ်လိုထိခိုက်မှုတွေရှိနိုင်မလဲ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုမေးကြည့်တော့
“လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခန့်အပ်ထားခြင်းခံရတဲ့ ရာထူးမျိုးဖြစ်တဲ့အတွက် ဒီရာထူးကနေပြီးတော့ လွယ်လွယ်ကူကူ ဖယ်ရှားလို့ ရမှာမဟုတ်ဘူး။ အထူးသဖြင့်အုပ်ချုပ်ရေးဘက်ကပေါ့နော်- သမ္မတဘက်ကနေ သမ္မတအာဏာကိုသုံးပြီးတော့ ဖယ်ရှားဖို့ အခြေခံဥပဒေအရ မရဘူး။ …..ဆိုရင်တော့ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေကို ဆန့်ကျင်ပြီးတော့ လုပ်တဲ့သဘောဖြစ်သွားလိမ့်မယ်။ ဒါကြောင့် လွယ်လွယ်ကူကူတော့ ဖယ်ရှားလို့ရမယ်လို့ မထင်ပါဘူးခင်ဗျ။”
ဒါဆိုရင် လက်ရှိ လွှတ်တော်ဆိုင်ရာဥပဒေတွေအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးကနေဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေရောရှိသလားရှင့်။
“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကဖယ်ချင်ရင် ဖယ်လို့ရတယ်။ ဒါပေမယ့် ဘယ်လို ဖယ်ရမလဲဆိုရင် ပြည်သူ့ လွှတ်တော်အမတ် ၂၅ % ကနေပြီးတော့ အဆိုတင်ရမယ်။ ဘယ်လို အဆိုတင်ရမတုန်းဆိုတော့ ပြည်သူ့လွှတ်တော် အခြေခံဥပဒေ ပုဒ်မ (၁၉) မှာပါတဲ့အချက် (၄) ချက်ထဲက တချက်ချက်နဲ့စွဲရမယ်။ အဲဒါ ဘာတုန်းဆိုတော့ ပထမအချက်က နိုင်ငံတော်အပေါ်မှာ သစ္စာဖောက်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုက်နာဘူး၊ အလုပ်မှာ အကျင့်စာရိတ္တပျက်ယွင်းတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း ပေးအပ်ထားတဲ့တာဝန်ကို မထမ်းဆောင်ဘူး။ အဲဒီအချက်လေးချက်ထဲက တခုခုကို အကြောင်းပြပြီး သူ့ကိုစွပ်စွဲရမယ်။ လွှတ်တော်အမတ် ၂၅ % ကလက်မှတ်ထိုးပြီး သူ့ကို အဆိုတင်ရမယ်။ ဘယ်သူ့ဆီတင်ရမလဲဆိုရင် ဒုတိယဥက္ကဋ္ဌတွေဆီတင်ရမယ် ။ အဲသလိုတင်ရင် ဒုတိယဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေး ကျင်းပနေတဲ့အချိန်ဆိုရင်တော့ တခါတည်း လွှတ်တော် agenda ထဲမှာ ဒါကို ထည့်မယ်။ ဆွေးနွေးမယ်။ ဆွေးနွေးပြီးလို့ရှိရင် ဆုံးဖြတ်ချက်ချမယ်။”
အခုလာမယ့် သြဂုတ်လ (၁၈) ရက် အင်္ဂါနေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင် ရာဥပဒေ အသစ်ကို ပြဋ္ဌာန်းဖို့ လွှတ်တော်ကို (၄) ကြိမ်မြောက် အကြောင်းကြားစာပို့ထားကြောင်း ပြည်တွင်း သတင်းတွေမှာ ဖေါ်ပြလာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်းသူရဦးရွှေမန်းရွေးကောက်ခံတင်မြှောက်ခံရတဲ့ နေပြည်တော် ဇေယျာသီရိ မဲဆန္ဒ နယ်မြေကနေ လက်မှတ်ပေါင်း ၁,၇၀၀ လောက် စုဆောင်းကောက်ယူပြီး လွှတ်တော်ကိုယ်စားလှယ်ယ်အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အဲဒီတောင်းဆိုချက်မှာ လွှတ်တော်တွင်း စစ်တပ်အခန်းကဏ္ဍကို ထိခိုက်စေရေး သူရဦးရွှေမန်းအနေနဲ့ ဥပဒေကို ချိုးဖောက်လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူရဦးရွှေမန်းရဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသက်တမ်းဟာ ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးဖြစ်လာမယ့် လွှတ်တော်အသစ်ရဲ့ အစည်းအဝေးစတင်ခေါ်ယူမယ့်ကာလ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ အထိ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်ရှင်။