သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝနဲ့ မိုင်းလား တပ်ရုပ်ဖို့ အစိုးရဖိအားပေး


ဝနဲ့ မိုင်းလား တပ်ရုပ်ဖို့ အစိုးရဖိအားပေး
ဝနဲ့ မိုင်းလား တပ်ရုပ်ဖို့ အစိုးရဖိအားပေး

မြန်မာအစိုးရက သတ်မှတ်နယ်မြေပြင်ပမှာ တပ်စွဲထားတဲ့ ဝနဲ့ မိုင်းလား တပ်ဖွဲ့တွေကို ဒီလကုန်မှာ နောက်ဆုံး ထားပြီး ရုပ်သိမ်းဖို့နဲ့ တကယ်လို့ မရုပ်သိမ်းရင် စစ်ရေးနည်းအရ ဖြေရှင်းသွားမယ်လို့ ဒီရက်ပိုင်းအတွင်းမှာ အကြောင်းကြားလိုက်ပါတယ်။ မိုင်းလားတပ်ဖွဲ့ဘက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ နေရာအချို့ကို ရုပ်သိမ်းခဲ့ပြီး ဝတပ်ဖွဲ့ဘက်ကတော့ ဒီလို ရုပ်သိမ်းဖို့ ကိစ္စကို သူတို့တပ်ဖွဲ့တွင်းမှာ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ လက်မခံတဲ့ ဝနဲ့ မိုင်းလားတပ်တွေနဲ့ မြန်မာ အစိုးရသစ်အကြား ဆက်ဆံရေး နောက်ဆုံးအခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရဘက်က နှစ်ဘက်အပစ်အခတ်ရပ်စဲစဉ်က သဘောတူသတ်မှတ်ထားတဲ့ နှယ်မြေရဲ့ပြင်ပမှာ ရောက်ရှိနေတဲ့ UWSA ခေါ် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ခေါ် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်တို့ရဲ့ တပ်ဖွဲ့တွေကို ဒီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းဖို့အတွက် တောင်းဆိုတာဖြစ်ပါတယ်။

တောင်းဆိုတဲ့အတိုင်း မရုပ်သိမ်းဘူးဆိုရင် စစ်ရေးအရ အရေးယူမယ်လို့ မြန်မာစစ်တပ်ဘက်က ပြောဆိုကြောင်း ဝနဲ့ မိုင်းလားတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပါတယ်။

“အစိုးရက ၂၈ ရက်နေ့၊ မနေ့ကပေါ့ မွန်းလွဲပိုင်းမှာတဲ့ UWSA နဲ့ မိုင်းလားအဖွဲ့တွေကို သူတို့ ထိန်းချုပ်နယ်မြေ ပြင်ပ အနီးအနားတဝိုက်မှာ လှုပ်ရှားတပ်ဆိုက်နေတဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို ဒီဧပြီလကုန် ၃၀ ရက် နောက်ဆုံးထားပြီး ကိုယ့်နယ်မြေထဲကို အပြီးအပိုင် အကုန်လုံး နေရာတိုင်း တပ်ရုပ်ရမယ် ဆုတ်ထားရမယ်တဲ့။ ဒါမှမဟုတ်ရင် စစ်ရေးနည်း အသုံးပြုရလိမ့်မယ်တဲ့။ UWSA အဖွဲ့ဆိုရင် သူတို့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် လီကျူးလျက် ခေါ် ဦးအောင်မြင့်ကို ဖုန်းဆက်ပြောတယ်တဲ့။ နောက်ပြီးတော့ ကျိုင်းတုံမှာရှိတဲ့ မိုင်းလားကိုယ်စားလှယ် ရုံးတာဝန်ခံကို တြိဂံစစ်တိုင်းရုံးက ခေါ်ပြောတယ်ပေါ့။”

မြန်မာအစိုးရဘက်က ရုပ်သိမ်းခိုင်းတဲ့ နယ်မြေတွေကတော့ ဟိုပန်၊ ပန်လုံ၊ မက်မန်း၊ မိုင်းပေါက်နဲ့ မိုင်းဖျန်နယ်တွေမှာ ဖြစ်နိုင်တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။ NDAA ခေါ် မိုင်းလားတပ်ဘက်ကတော့ တပ်စခန်း ၂ ခုကို အရင်ရက်တွေတည်းက ရုပ်သိမ်းခဲ့ကြောင်း သူက ပြောပါတယ်။

အခုလို သတ်မှတ်နယ်မြေ ပြင်ပရောက်နေတဲ့တပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ မြန်မာအစိုးရဘက်က တောင်းဆိုတာကို UWSA ခေါ် ဝတပ်ဖွဲ့ကတော့ တစုံတရာ အကြောင်းပြန်တာ မရှိသေးပါဘူး။ လောလောဆယ်မှာ ရုပ်သင့်၊ မရုပ်သင့် အကြောင်းပြန်ဖို့အတွက် သူတို့ပါတီအတွင်းမှာ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဝတပ်မှူးတယောက်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော ကတော့ တပ်တွေ ရုပ်သိမ်းခိုင်းတဲ့အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“အခုဟာကတော့ မြန်မာစစ်တပ်အနေနဲ့ ဖြတ်လေးဖြတ် ပုံစံနဲ့ ပိတ်ချင်တဲ့သဘော ဖြစ်ကောင်းဖြစ်နိုင် တာပေါ့နော်။ နောက်တခုကတော့ တခြား ညီနောင်တပ်ဖွဲ့တွေ၊ ငြိမ်းချမ်းရေး ယူမထားသေးတဲ့ တပ်ဖွဲ့မျိုးတွေ၊ အခြား အဖွဲ့တွေနဲ့ ဆက်စပ်ပြီးတော့ သူတို့ဒေသထဲမှာ၊ သူတို့အစိုးရဒေသထဲမှာ လာပြီးတော့ လူထုကို စည်းရုံးတဲ့ဟာမျိုး ဖြစ်လာမှာစိုးရိမ်ပုံရတယ်။ အဲဒါကြောင့်လဲ ဒါမျိုးတွေ ဖြစ်လာတာပေါ့ဗျာ။”

အခုအခါမှာ မိုးရာသီဝင်လာပြီဖြစ်တာကြောင့် မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မယ့် အနေအထား မရှိသေးကြောင်း နဲ့ ဒီလိုတပ်ဆုတ်ဖို့ တောင်းဆိုထားတဲ့ နယ်မြေတွေဟာ အပစ်အခတ် ရပ်စဲစဉ်ကာလက စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်က တပ်စွဲခွင့်ပေးထားခဲ့တဲ့ နယ်မြေတွေ ပါဝင်တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ ဝနဲ့ မိုင်းလား တပ်ဖွဲ့တွေဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့ရေး တောင်းဆိုချက်ကြောင့် အစိုးရနဲ့ တင်းမာမှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ ဝတပ်ဖွဲ့ဘက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အသစ်တက်လာမယ့် အစိုးရနဲ့ မပြေလည်တဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒီကနေ့အထိတော့ တစုံတရာ တုံ့ပြန်တယ်ဆိုတာ မကြားသိရသေးပါဘူး။

တချိန်တည်းမှာတော့ ပြည်သူ့စစ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း တပ်မဟာ (၁) ကို မြန်မာအစိုးရတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လကတည်းကစတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ တိုက်ပွဲဖြစ်တာတွေ ငြိမ်သက်နေပေမဲ့ ဒေသခံပြည်သူတွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG