သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာဉ်တိုက်မှုကြောင့် ၂၄ စက္ကန့်တိုင်း လူတဦး သေဆုံး


Car accidents in Iran
Car accidents in Iran

လမ်းပေါ်က မတော်တဆ ယာဉ်တိုက်မှုတွေကြောင့် နှစ်စဉ် လူ(၁.၄)သန်းနီးပါး သေဆုံးနေရတာကို လျော့ပါးသွားအောင် အမြန်ဆုံး အရေးယူ ဆောင်ရွက်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ လမ်းခရီးအန္တရာယ် ကင်းရှင်းရေး အစီရင်ခံစာမှာတိုက်တွန်း ထားပါတယ်။ ဒီလို ယာဉ်တိုက်မှုတွေဟာ အများသောအားဖြင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ အဖြစ်များနေကြောင်း ဂျနီဗာမြို့ကနေ VOA သတင်းထောက် Lisa Schlein ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာဖြစ်ပါတယ်။

WHO အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ လမ်းခရီးမှာဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတွေကြောင့် အသက်(၅)နှစ်ကနေ (၂၉)နှစ်ကြား ကလေးနဲ့လူငယ်တွေ သေဆုံးနေရတယ်လို့ပြောပါတယ်။ ကမ္ဘာပေါ်က ၂၄ စက္ကန့်တိုင်းမှာ လူတဦးနှုန်း သေဆုံးနေရတယ်လို့ ဆိုပါတယ်။ အဲဒီလို သေဆုံးသွားသူထဲက ထက်ဝက်ကျော်ဟာ ခရီးသည်တွေ၊ လမ်းလျှောက်နေသူတွေ၊ စက်ဘီးနဲ့ ဆိုင်ကယ်စီးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ Etienne Krug ဟာ ကုလသမဂ္ဂ မသန်စွမ်းမှုနဲ့ အကြမ်းဖက်ထိခိုက်မှု ကာကွယ်ရေးဌာန အကြီးအကဲဖြစ်ပြီး ယာဉ်မတော်တဆ မှုကြောင့် သေဆုံးရတဲ့ပမာနဟာ အဆမတန် များလွန်းတယ်လို့ဆိုပါတယ်။

“ကမ္ဘာပေါ်က ဝင်ငွေနည်း တိုင်းပြည်တွေမှာ မော်တော်ယာဉ်ပိုင်ဆိုင်မှု ၁% လောက်သာရှိပေမဲ့ ၊ မတော်တဆ ယာဉ်တိုက်မှုကြောင့် လူသေဆုံးရတာက ၁၃% လောက်ရှိပါတယ်။ ဝင်ငွေမြင့် တိုင်းပြည်တွေမှာ မော်တော်ယာဉ် ၄၀% လောက်ရှိပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၇% သာရှိတာပါ။ ဆင်းရဲတဲ့တိုင်းပြည်မှာ ကားပိုင်ဆိုင်မှု နည်းပေမယ့် သေဆုံးမှုက များနေပါတယ်။”

WHO အစီရင်ခံစာအရ အာဖရိကမှာ ယာဉ်တိုက်သေဆုံးမှု အမြင့်ဆုံးဖြစ်ပြီး ဥရောပမှာ အနိမ့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ဖြစ်ရတာဟာ ကားကို အရှိန်မြင့်မောင်းတာ၊ အရက်သောက်ပြီး ကားမောင်းတာတွေက အဓိကဖြစ်ပြီး၊ ထိုင်ခုံခါးပတ် မပတ်တာ၊ ကလေး သီးသန့်ထိုင်ခုံ မသုံးတာ၊ ဆိုင်ကယ်စီးသူတွေ ဦးထုတ် မဆောင်းတာတွေကလဲ အကြောင်းတရားတွေဖြစ်တယ်လို့ ထောက်ပြပါတယ်။ စက်ဘီးတွေအတွက် သီးသန့်လမ်း လုပ်ပေးတာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း သင့်တော်တဲ့ ဥပဒေတွေပြဌာန်းပြီး ၊ ဥပဒေအတိုင်း ကြပ်မတ် အရေးယူ လုပ်ဆောင်မှသာ လူ့အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ Krug က VOA ကိုပြောပါတယ်။

“ဖွံ့ဖြိုးစ နိုင်ငံတွေမှာ ရောင်းတဲ့ ကားတွေဟာ - ဒီ ဆွစ်ဇာလန်တို့၊ အမေရိကန်တို့ ၊ အခြားနိုင်ငံကြီးတွေမှာ ရောင်းတဲ့ကားတွေနဲ့ အလား သဏ္ဍန် တူတယ်ထင်ရပေမယ့် တကယ်တမ်းကျတော့ မတူပါဘူး။ အဲဒီမှာက ကားတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းနေရတော့ အရေးပေါ် လေအိတ်လို၊ အသက်အန္တရာယ် လုံခြုံရေးအတွက် ပါသင့်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို လျှော့ထားတာတွေ့ရမှာပါ။”

WHO ရဲ့အစီရင်ခံစာအရ အလယ်အလတ်နဲ့ ဝင်ငွေမြင့် တိုင်းပြည်(၄၈)ခုမှာ ခိုင်မာအားကောင်းတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းရှိပြီး ယာဉ်မတော်တဆမှုကြောင့် လူအသေပျောက်နည်းအောင် အန္တရယ်ကင်းရေး စီမံချက်တွေကို ဖြည့်စွက်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အသက်အန္တရယ်လုံခြုံရေး မရှိတဲ့ ဝင်ငွေနည်း တိုင်းပြည်တွေမှာတော့ ယာဉ်အန္တရယ်လုံခြုံရေးအတွက် အလေးထားလုပ်ဆောင်နေတာ နည်းနေသေးတယ်လို့ WHO အစီရင်ခံစာက မှတ်ချက်ပေးထားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG