သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ နှစ်သစ် ကမ္ဘာတဝန်းကြိုဆို


ကမ္ဘာတဝန်းနိုင်ငံတော်တော်များများမှာ မီးရှူး၊ မီးပန်းတွေပစ်ဖေါက်ပြီး ၂၀၁၉ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု New York မြို့က အထင်ကရ Times Square နေရာမှာနှစ်စဉ်လုပ်နေကျ နှစ်သစ်ကူးပွဲကတော့ ဒီနှစ်မှာ သတင်းထောက်တွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ထူးထူးခြားခြား ဂုဏ်ပြုခဲ့ပါတယ်။ နှစ်သစ်ကူးချိန်မှာ အမြင့်ကနေ ဧရာမ Crystal ဘောလုံးကြီး တဖြည်းဖြည်းကျလာအောင် New York မြို့တော်ဝန် Bill de Blasio နဲ့အတူ Reuters, CNN, Washington Post, New York Times စတဲ့ အမေရိကန်ကအထင်ကရသတင်းဌာနကြီးတွေက သတင်းထောက်တွေက ခလုပ်နှိပ်ခဲ့ကြတာပါ။

ပြင်သစ်နိုင်ငံမှာတော့ ပါရီမြို့တော်မှာလည်း အစိုးရဆန့်ကျင်ဆန်ဆန္ဒပြမှုတွေဆက်ရှိနေပေမဲ့ မြို့လည်က Champs-Elysees လမ်းမကြီးအပြည့်လူတွေထောင်သောင်းချီလာရောက်ပြီး နှစ်သစ်ကူးကြိုဆိုခဲ့ကြပါတယ်။ ပြင်သစ်ပြည်သူတွေကို စီးပွားရေးအရပိုပြီးကူညီနိုင်ဖို့ အစိုးရက ကြိုးစားလုပ်ဆောင်သွားရမယ်ဆိုတာကို သမ္မတ Emmanuel Macron ကနှစ်သစ်ကူးမိန့်ခွန်းစကားမှာ အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာတော့ အထင်ကရ Brandenburg Gate မုခ်ဦးရှေ့မှာ စင်မြင့်ဖျော်ဖြေပွဲတွေနဲ့အတူ မီးပန်းတွေ ပစ်ဖေါက်ခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာလည်း သမိုင်းဝင် Big Ben နာရီစင်ကြီးကနေ သန်းခေါင်ချိန်မှာ နာရီခေါင်းလောင်းထိုးသံနဲ့အတူ နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။ နှစ်ရာနဲ့ချီသက်တမ်းရှိတဲ့ နာရီစင်ကြီးနဲ့ နာရီကြီးကို ပြင်ဆင်နေလို့ ခေါင်းလောင်းမထိုးဘဲ နားထားပေမဲ့ နှစ်သစ်ကူးနေ့ကတော့ ထူးထူးခြားခြား ခေါင်းလောင်းထိုးခဲ့တာပါ။

သိမ်းမြစ်တဖက်တချက်မှာလည်း သိန်းနဲ့ချီတဲ့ နှစ်သစ်ကြိုဆိုသူတွေလာရောက်ပြီး နှစ်သစ်ကူး မီးပန်းဖေါက်တာကို စောင့်ကြည့်ကြိုဆိုခဲ့ကြတာပါ။ Russia နိုင်ငံ Moscow မြို့လယ်က ရင်ပြင်နီမှာ နှစ်သစ်ကူးမီးရှူး မီးပန်းတွေဖေါက်ခဲ့တဲ့အပြင် မြို့ထဲမှာဖွင့်ထားတဲ့ ရေခဲပြင်စကိတ်စီးတဲ့ကွင်း ၁ ထောင်ကျော်မှာလည်း နှစ်သစ်ကြိုဆိုသူတွေနဲ့ ပြည့်နေခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာလည်း Dubai မြို့က Burj Khalifa ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကနေ မီးပန်းတွေ ဖေါက်ခဲ့ပါတယ်။

ထိုင်း၊ တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား စတဲ့အာရှနိုင်ငံတွေမှာလည်း မီးပန်းအလှတွေအပြင် ရိုးရာ ဓလေ့ထုံးစံတွေနဲ့ နှစ်သစ်ကို ကြိုဆိုကြပါတယ်။ ကမ္ဘာမှာ နှစ်သစ်ကို အရင်ဆုံး ကြိုဆိုတဲ့နိုင်ငံတွေထဲက Australia နိုင်ငံမှာဆိုလည်း Sydney မြို့က ကမ္ဘာလှည့်ခရီးသည်တွေအလာများရာ Sydney Harbour ဆိပ်ကမ်းကြီး နောက်ခံထားပြီး မီးပန်းဖေါက်တာကို သန်းနဲ့ချီလာရောက် စောင့်ကြည့်ပြီး 2019 ကို ကြိုဆိုခဲ့ကြပါတယ်။

အခုနှစ်သစ်မှာလည်း ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုတွေ၊ ပထဝီနိုင်ငံရေးသဘောထားကွဲမှုတွေ၊ လူမျိုး ဘာသာမတူသူတွေကြား သည်းခံစိတ် နည်းပါလာကြတာနဲ့ မညီမျှမှုတွေ ဆက်ရှိနေဦးမယ်ဆိုတာကို ကုလသမဂ္ဂက နှစ်သစ်ကူးနှုတ်ဆက်မှာ မီးမောင်းထိုးပြထားပါတယ်။

၂၀၁၉ နှစ်သစ် ကမ္ဘာတဝန်းကြိုဆို
please wait

No media source currently available

0:00 0:02:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG