ချီလီ သတ္တုတွင်းလုပ်သားများရဲ့ဘဝသစ်

ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူနေရသည့် ချီလီ သတ္တုတွင်းလုပ်သားများအား သမ္မတနှင့် အတူ တွေ့ရစဉ်။ အောက်တိုဘာ ၁၄၊ ၂၀၁၀။

ချီလီနိုင်ငံက ရွှေနဲ့ ကြေးနီ သတ္တုတွင်းထဲမှာ ၂ လကြာ ပိတ်မိနေရာက လွတ်မြောက်လာတဲ့ အလုပ်သမား ၃၃ ယောက်ဟာ သူတို့ရဲ့ ဘဝသစ်တွေကို ပြန်လည်ထူထောင်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

မကြာခင် ဆေးရုံက ဆင်းခွင့်ရကြတော့မယ့် သတ္တုတွင်းလုပ်သား အများစုက လူတွေ့မေးမြန်းမှုတွေ၊ ရုပ်ရှင်ရိုက်ကူးဖို့၊ စာအုပ်ထုတ်ဝေဖို့တွေ အပြင် အလုပ်အကိုင်နဲ့ ကမ္ဘာတဝန်း လည်ပတ်ဖို့ ကမ်းလှမ်းချက်တွေကို လက်ခံဖို့ စဉ်းစားကြလိမ့်မယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ခံစားခွင့်တွေကိုတော့ လွတ်မြောက်လာသူတွေ ညီတူညီမျှ ခံစားလိုကြတယ်လို့လည်း သတ္တုတွင်းတူးသမား တဦးရဲ့ သားဖြစ်သူက ပြင်သစ်သတင်းဌာနကို ပြောဆိုခဲ့တာပါ။

တွင်းတူးလုပ်သား ၃၃ ယောက်အနေနဲ့ ဒေါ်လာသန်းနဲ့ချီ ရရှိနိုင်တဲ့ ကမ်းလှမ်းချက်တွေနဲ့ ပတ်သက်ပြီး ပြောဆို လုပ်ကိုင်သွားဖို့ ဖောင်ဒေးရှင်းတခု ထူထောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့အားလုံးဟာ သာမန်အားဖြင့် ကျန်းမာရေး ကောင်းကောင်းမွန်မွန်နဲ့ သူတို့ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကို ဖြတ်သန်းခဲ့တယ်လို့လည်း ကျန်းမာရေး အရာရှိတွေက ပြောခဲ့တာပါ။ ဒီအထဲက ၃ ယောက်ကတော့ သွားဘက်ဆိုင်ရာ ခွဲစိတ်ကုသဖို့ လိုအပ်နေပြီး တယောက်ကတော့ နမိုးနီးယား အဆုပ်အအေးမိ ရောဂါအတွက် ကုသပေးခဲ့ရပါတယ်။

သူတို့တတွေဟာ ကြာသပတေးနေ့မှာတော့ သမ္မတ ဆီဘက်ရှန်း ပီနဲရာ (Sebastian Pinera) နဲ့ အချိန်အတော်ကြာ ရှိနေခဲ့ကြပြီး ပြင်းထန်တဲ့ အလင်းရောင်ကြောင့် မျက်စိဝေဒနာ မခံစားရအောင် ကာကွယ်တဲ့ အနေနဲ့ အထူးစီမံထားတဲ့ နေကာမျက်မှန်တွေကို တပ်ဆင်ထားရဆဲပါ။ ချီလီသမ္မတက သူတို့ကို မြို့တော် စန်တီယေဂိုးက သမ္မတနန်းတော်မှာ လက်ခံတွေ့ဆုံဖို့လည်း ဖိတ်ကြားထားပါတယ်။