Your browser doesn’t support HTML5
မြန်မာ-ယူနန် ကုန်သွယ်ရေး မြှင့်တင်ဖို့အတွက် မြန်မာအစိုးရကုန်သွယ်ရေးဌာနနဲ့ ယူနန်ပြည်နယ်အစိုးရတို့ လွန်ခဲ့တဲ့မေလက နားလည်မှု စာချွန်လွှာလက်မှတ် ရေးထိုးကြပါတယ်။ မြန်မာဘက်က လယ်ယာထွက်ကုန်တွေ တင်ပို့ပြီး၊ စက်မှုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ သံမဏီပစ္စည်းတွေကို တရုတ်ဘက်က တင်သွင်းဖို့ ဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏဟာ ၂၀၁၁ မှာ အမေရိကန်ဒေါ်လာ ငါးထောင်ရှိရာက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာသန်း (၁,၁၀၀၀) အထိ တိုးမြင့်လာပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာတော့ မြန်မာဘက်ကတင်ပို့တာဟာ ယူနန်ဘက်က တင်သွင်းတာထက် ပိုများနေပါတယ်။
လူဦးရေး (၄၈) သန်းရှိတဲ့ ယူနန်ပြည်နယ်ရဲ့ စီးပွားရေးဟာ မြန်မာထက် လေးဆလောက် ပိုကြီးမားတယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ယူနန်ဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် ဈေးကွက်ကောင်း ဖြစ်လာပါတယ်။ တရုတ်ပြည်မှာ လူလတ်တန်းစားဦးရေ သန်း (၄၀၀) ကျော် တိုးပွားလာလို့ ဝယ်လိုအား များပြားလာတာကို ရောင်းလိုအားက မလိုက်နိုင်ဘဲ ဖြစ်နေရတယ်လို့ တရုတ်သမ္မတ စီးပွားရေးအကြံပေး လျူဟယ် (Liu He) က နှစ်ဆန်းပိုင်းက Devos ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောသွားခဲ့ပါတယ်။ တဦးချင်းဝင်ငွေ တိုးပွားလာတဲ့အတွက် စားသုံးနှုန်းမှုလည်း တိုးပွားလာတာ တွေ့ရပါတယ်။
၂၀၁၁ မှာ တရုတ်ပြည်သားတဦးရဲ့ တနှစ်ဝင်ငွေဟာ ဒေါ်လာ (၄၀၀၀) ကျော်ရှိရာက (၁၅) နှစ်အကြာ ၂၀၁၆ မှာ ဒေါ်လာ (၁၄,၀၀၀) ကျော် ရှိလာတာမို့ ဝယ်လိုအား သုံးဆခွဲ တိုးပွားလာပါတယ်။ ဒီလို ဝင်ငွေတိုးလာတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက စားသုံးကုန်ကို ပိုပြီးတင်သွင်းနိုင်ပါတယ်။ မြန်မာ့ဖရဲသီး နဲ့ သခွားမွှေး၊ လာအိုဖရဲသီး၊ ထိုင်းဒူးရင်းသီး နဲ့ ဗိယက်နမ်လိုင်ချီတို့ကို ယူနန်မှာ အများဆုံး စားသုံးကြပါတယ်။ ဒါပေမဲ့ ယူနန်ဈေးကွက် ပေါ်ထွက်လာတော့မှ မြန်မာနဲ့လာအိုမှာ သစ်သီးဝလံ စိုက်ပျိုးလာတာလို့ ဂျပန်ပညာရှင် Shozo Sakata နဲ့ Koji Kubo တို့က ဆိုပါတယ်။ သစ်သီးဝလံ စိုက်ပျိုးပြီး နိုင်ငံခြားကို ရောင်းချတာဟာ ထိုင်းနဲ့ဗိယက်နမ်မှာ လုပ်ရိုးလုပ်စဉ် ဖြစ်နေတာ ကြာခဲ့ပါပြီ။ အရင်းအနှီးနဲ့ လုပ်အားစိုက်ထုတ်ရတာများသလို အတတ်ပညာလည်းလိုအပ်ပြီး အမြတ်အစွန်းများတဲ့ လုပ်ငန်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ သစ်သီးဝလံ စိုက်ပျိုးရေးဟာ ဆင်းရဲမှုလျော့နည်းအောင် လုပ်ရာမှာ ထိရောက်တယ်လို့ ယူဆကြပါတယ်။ သစ်သီးဝလံဟာ ပျက်စီးလွယ်တာမို့ ထုတ်လုပ်သူနဲ့ ဝယ်သူ ကန်ထရိုက် သဘောတူညီမှု ရယူပြီး စိုက်ပျိုးတဲ့နည်းက ဒီလုပ်ငန်းမှာ ခေတ်စားလာပါတယ်။ ဝယ်သူအဆင်သင့်ရှိနေတော့ စိုက်ပျိုးသူ စိတ်မပူရတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ သစ်သီးဝလံ မပျက်စီးအောင် အအေးခံပြီး သယ်ယူပို့ဆောင်နိုင်တဲ့ နည်းပညာ ရှိလာတာကြောင့် အနီးအဝေးဟာ ပြဿနာ မဟုတ်တော့ပါဘူး။ ဥပမာ ဖိလစ်ပိုင်နိုင်ငံက ငှက်ပျောသီး အများအပြား တင်သွင်းတဲ့ တရုတ်နိုင်ငံဟာ အလွန်ဝေးကွာတဲ့ တောင်အမေရိကတိုက်က ငှက်ပျောသီးကို တင်သွင်းလိုက်တဲ့အခါ ဖိလစ်ပိုင်က တင်သွင်းမှုကို လျော့ချလာတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံကတော့ နယ်စပ်ကုန်သွယ်ရေးကို အားကိုးတာမို့ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်တွေ လုပ်ထားပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း (၁၆) ခု ရှိပြီး၊ မူဆယ်၊ လွယ်ဂျေ၊ ကန်ပိုက်တီး နဲ့ ချင်းရွှေဟော်တို့ဟာ ယူနန်-မြန်မာ ကုန်သွယ်ရေးစခန်းတွေ ဖြစ်ပါတယ်။ မြန်မာဘက်က စိုက်ပျိုးလယ်ယာထွက်ကုန်၊ ရေနံနဲ့သဘာဝဓါတ်ငွေ့တို့ကို ယူနန်ကို တင်ပို့ပါတယ်။ တန်းဖိုးမြှင့်ထားတဲ့ ကုန်ပစ္စည်း မထုတ်လုပ်နိုင်တဲ့အတွက် နိုင်ငံခြားကုန်သွယ်ရေးမှာ မြန်မာဘက်က အမြဲတမ်း လိုငွေပြနေပါတယ်။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်တည်ဆောက်ဖို့ တရုတ်ဘက်က အကြံပေးထားပါတယ်။ ယူနန်-မန္တလေး-ရန်ကုန်-ကျောက်ဖြူ တို့ပါဝင်တဲ့ စီးပွားရေးစင်္ကြန်ဖြစ်လို့ ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက် ဖြစ်ပါတယ်။ မြန်မာခေါင်းဆောင်ပိုင်းကလည်း သဘောတူထားပါတယ်။
လွန်ခဲ့တဲ့ ဇွန်လက ကျင်းပပြုလုပ်ခဲ့တဲ့ ကုမင်ကုန်စည်ပြပွဲမှာ ကမ္ဘာအရပ်ရပ်က ကုမ္မဏီတွေက ပြခန်း (၈၅၀၀) မှာ သူတို့ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းတွေနဲ့ အတတ်နည်းပညာတွေကို ခင်းကျင်းပြသကြပါတယ်။ ဒီအထဲမှာ တရုတ်ကုမ္ပဏီတွေက (၆၀) ရာခိုင်နှုန်းရှိပြီး နိုင်ငံခြားကုမ္ပဏီတွေက (၄၀) ရာခိုင်နှုန်း ပါဝင်ကြပါတယ်။ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးတဲ့ ပြည်နယ်တွေထဲမှာ ယူနန်ပြည်နယ် ပါဝင်နေပေမယ့် တရုတ်ရဲ့ မဟာစီးပွားရေးစီမံကိန်းမှာ အဓိကကျတာကြောင့် ယူနန်ပြည်နယ် စီးပွားရေးအားကောင်းအောင်လုပ်ဖို့ ရည်ရွယ်ပါတယ်။ တရုတ်နိုင်ငံမှာ ကျေးလက်ဆင်းရဲသားဦးရေ သန်းတစ်ရာ ရှိရာက လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ သန်း (၃၀) အထိ လျော့သွားတယ်လို့ သိရပါတယ်။
ဆင်းရဲမှုနည်းပါးရေးကို တရုတ်အစိုးရ ဦးစားပေးလာတာ ယူနန်နဲ့ ပတ်ဝန်းကျင်မှာ အကျိုးသက်ရောက်ပြီး ရင်းနှီးမြုပ်နံှမှု တိုးပွားလာနိုင်ပါတယ်။ ယူနန်ပြည်နယ်သား တရုတ်တွေက ငွေရင်းစိုက်ထုတ်ပြီး ကချင်လူမျိုးပိုင်အဖြစ် အမည်ခံလုပ်ကိုင်နေတဲ့ ခြံလုပ်ငန်းတွေ ရှိပါတယ်။ ယူနန်ပြည်နယ်မှာ ကချင်မျိုးနွယ် (၂) သိန်းကျော် ရှိတာမို့ ဒီလိုအလွယ်တကူ ပုံမှားရိုက်နိုင်တာ ဖြစ်ပုံရပါတယ်။ အရင်ကလည်း ဆင်းရွှေလီ တရုတ်စပါးကို နယ်စပ်ဒေသမှာ တရုတ်ကုမ္ပဏီတွေ စိုက်ဖူးပါတယ်။ ယူနန်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာက အဖြည့်ခံသဘောမျိုးနဲ့ ပါဝင်လာတာကို အခွင့်ကောင်းလို့ယူဆပြီး မြန်မာ့လုပ်ငန်းတိုးတက်ဖွံ့ဖြိုးအောင် လုပ်သင့်တယ်လို့ မြင်သူတွေလည်း ရှိကြပါတယ်။