တောင်သမန်အင်းရေ မညစ်နွမ်းစေဖို့

မန္တလေးရှိ ဦးပိန်တံတား။ မန္တလေးမြို့ တောင်သမန်အင်း ကမ်းပါးနှစ်ခုကို ဆက်သွယ်ထားသည့် သစ်သား တံတားကြီးမှာ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရာ နေရာတခုဖြစ်သည်။ မတ် ၄၊ ၂၀၁၂။

မန္တလေး အမရပူရနားက တောင်သမန်အင်းမှာ ငါးတွေ သိန်းချီပြီး သေဆုံးခဲ့ရတာဟာ ဝန်းကျင်မှာ ရှိတဲ့ စက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် လို့ မန္တလေး စည်ပင်က သတ်မှတ်ပြီး စက်ရုံ ၁၇ ရုံကို ခေတ္တ ပိတ်ခိုင်းသလို ငါးလုပ်ငန်းဦးစီးကလည်း စက်ရုံ ၁၂ ရုံကို တရားစွဲဆိုခဲ့ပါတယ်။

ဝန်းကျင်မှာ စက်မှုဇုံတွေ ပေါ်လာတာနဲ့ အတူ ဟိုးအရင်က မြသားလို ကြည်လင်တဲ့ ရေပြင်နဲ့ ငါးမျိုးစုံအပြင် ပုဇွန်လုံးတွေ၊ ကမာကောင်တွေနဲ့ သူတို့ကို နှစ်သက်တဲ့ ဆောင်းခိုငှက် မျိုးစုံပါ ပျော်တဲ့ ဒီ တောင်သမန်အင်းရဲ့ အခြေနေ အခုလို ဆိုးလာရတာဟာ ရေထဲမှာ အောက်ဆီဂျင် ပါဝင်နှုံး နဲပါးလာတာ ကြောင့်ဖြစ်ပြီး ဒါဟာ အစိုးရရဲ့ စည်းမျဉ်း ဥပဒေကန့်သတ်မှု အားနဲတာကို ပြနေတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

သဘာဝဝန်းကျင် သန့်ရှင်းမှုကို ဒီလို မထိခိုက်စေဖို့အတွက် စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကို ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို တနေ့အတွက် ဘယ်လောက်ပဲ ထုတ်ခွင့်ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ကို မြန်မာနိုင်ငံတဝှမ်း လိုက်နာကြဖို့ ပြဌာန်းသတ်မှတ်သင့်တာပါ။

နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်မှုအနေနဲ့ ရေဆိုးသန့်စင်တဲ့ စက်ရုံတည်ဆောက်တဲ့ အစီအစဉ်အစား အင်းထဲကို ရေဆိုးတွေ စီးမလာခင်မှာပဲ ဒီစက်ရုံတွေက ကိုယ်နည်းကိုယ့်ဟန်နဲ့ ရေဆိုးတွေ ထွက်မလာအောင် သန့်စင်တဲ့ နည်းလမ်းက ပိုအကျိုးရှိမယ်လို့ လည်း ထောက်ပြပါတယ်။

စက်ရုံတွေ စည်းကမ်းတကျ လုပ်လာအောင် စောင့်ကြည့်တဲ့ စံနစ်တရပ်ကို ထားဖို့ လိုအပ်သလို လူထုသိအေင် သတင်းပေးမယ့် စံနစ်တရပ်လည်း ထားသင့်တယ်လို့ ဆိုပါတယ်။

အရေးအကြီးဆုံးက အင်းရေကို မှီခိုနေကြတဲ့ ဒေသခံ ပြည်သူတွေအတွက်လည်း ဘာတွေ ဖြစ်နေတယ် ဆိုတာကို သိအောင် သတိပေးတဲ့ စံနစ်လည်း ထားသင့်ပါတယ်။ ဥပမာ ဘယ်ကာလကနေ ဘယ်ကာလအထိ ငါးများကို စားသုံးဖို့ မသင့်ကြောင်း၊ အင်းရေ မှာ ဘာအဆိပ်တွေ သင့်နေကြောင်း တင်ပြပေးတဲ့ စံနစ်မျိုး ထားပေးမှ ဒေသခံတွေ စိတ်မှာ လုံခြုံမှုကို ခံစားရနိုင်တာပါ။