သမ္မတ အရွေးခံချင်တဲ့ Myanmar’s Strongman

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ်မှာ လူထုက ဆန္ဒရှိတယ်ဆိုရင် သမ္မတ အရွေးခံမယ်၊ တိုင်းရင်းသားအင်အားစုတွေရဲ့လက်နက်တွေအားလုံးကိုသိမ်းပြီး ထာဝရငြိမ်းချမ်းရေးရမှ တပ်မတော်ဟာ နိုင်ငံရေးက နောက်ဆုတ်မယ်ဆိုတဲ့ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ရဲ့ပြောကြားချက်တွေအပေါ် မြန်မာ့အရေး သုံးသပ်သူတွေဖြစ်ကြတဲ့ ဦးအောင်သူငြိမ်း၊ ဒေါက်တာရန်မျိုးသိမ်းတို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ပြည်သူလူထုက လိုလားတယ်ဆိုရင် သူ သမ္မတအဖြစ် အရွေးခံမယ်လို့ ဆိုပါတယ်။ ဒုတိယတချက်ကတော့ တပ်မတော်ဟာ နိုင်ငံရေးထဲက နောက်မဆုတ်ဘူး။ တိုင်းရင်းသားတွေနဲ့ လုံးဝညှိနှိုင်းရေး ရမှသာ နောက်ဆုတ်မယ်လို့ ဆိုတယ်။ ဒီနှစ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးလိုပါတယ်။ ပထမအချက်ကို ပြောကြရအောင်ပါ။ ပြည်သူလူထုက လိုလားရင် သမ္မတ လုပ်ချင်တယ်ဆိုတဲ့လူ သူတင်မကပါဘူး။ အခုလက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း အဲဒီလို ပြောဖူးပါတယ်။ ဆိုတော့ အမှန်တကယ် လူထုကိုယ်စားလှယ်တွေရဲ့ သဘောထားနဲ့ ရွေးတယ်ဆိုရင်တော့ လက်ခံနိုင်ဖွယ် ရှိသေးတယ်။ အခုတော့ လူထုကိုယ်စားလှယ်လည်း အာဏာမရှိဘူး။ အဲဒီထဲမှာ လူထုရဲ့ ကိုယ်စားလှယ် မဟုတ်သော စစ်တပ်ကိုသာ ကိုယ်စားပြုတဲ့ အမတ်တွေက ပါနေတော့ သူတို့ရဲ့ လူထုဆိုတာ စစ်တပ်ကို ရည်ညွှန်းပြောနေသလား။

ဦးရန်မျိုးသိမ်း ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထုက တကယ်ထောက်ခံခဲ့တာ မဟုတ်ဘူးဆိုတဲ့အချက်ကို သူတို့ လက်ခံဖို့ လိုအပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်မှာ ပြည်သူလူထုက ထောက်ခံမှု တကယ်မရှိခဲ့ရင်၊ လက်ရှိ သမ္မတ ရွေးကောက်ပွဲတဲ့ စနစ်အပေါ်မှာလည်း ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုနဲ့ ထောက်ခံမှုက မရှိဘူးလို့ သုံးသပ်လို့ ရပါတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီစနစ်ပေါ်ကို အခြေခံပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဟာ ပြည်သူလူထု အများစုကို ကိုယ်စားပြုတယ်လို့ ပြောဖို့ခက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်သူလူထုက ကြိုက်တဲ့လူလည်း သမ္မတ ဖြစ်ပိုင်ခွင့် မရှိဘူး။ သူတို့ ဥပဒေအရ၊ ဖွဲ့စည်းပုံအရ။ တခါ စစ်တပ်က အင်အားကောင်းနေတယ်။ သူတို့လက်ထဲမှာပဲ ဗီတိုအာဏာ ဆုံးဖြတ်ပိုင်ခွင့်တွေက ရှိနေတော့ သူတို့ ပြည်သူဆိုတာ ဘာကို ရည်ညွှန်းပြီး ပြောနေကြလဲ။

ဦးအောင်သူငြိမ်း ။ ။ အဲဒါတော့ ပြောဖို့ခက်ပါတယ်။ အခုလက်ရှိ ဖွဲ့စည်းပုံကို လက်ခံမယ်။ နောက်တခါ ဒီဖွဲ့စည်းပုံအရပဲ လက်ရှိ ရွေးကောက်ပွဲ game ထဲမှာ အခုလို ကစားပွဲထဲမှာ ဝင်ပြိုင်မယ်ဆိုရင်တော့ ပြည်သူလူထု အများစု ထောက်ခံပေမယ့်လဲ သမ္မတရဖို့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းမဲက ပြောမယ်ဆိုလို့ရှိရင် solid တကယ်ကို သူတို့က တလုံးတခဲတည်း ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ မဲက အမျိုးမျိုး ပြန့်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီအနေအထားမှာတော့ သမ္မတက နောက်ဆုံး ဘယ်သူဖြစ်လာမလဲဆိုတာက တိုက်ရိုက်လဲ ပြောဖို့ခက်တဲ့ အနေအထား ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတဲ့အထဲမှာ တိုင်းရင်းသားကိစ္စနဲ့ ပတ်သက်ပါတယ်။ စစ်တပ်က နိုင်ငံရေးအရ နောက်မဆုတ်ဘူး။ သူ အဓိက ပြောလိုတာကတော့ တိုင်းရင်းသား အင်အားစုတွေဆီက လက်နက်တွေကို အကုန်လုံး သိမ်းနိုင်မှ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အကြွင်းမဲ့ ရမှသာလျှင် နောက်ဆုတ်နိုင်မယ်။ အဲဒါ (၅) နှစ်တန်သည်၊ (၁၀) နှစ်တန်သည် ကြာမယ် မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ ကျနော် မေးချင်တဲ့ မေးခွန်းက စစ်တပ်သည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အတားအဆီးလား။ ပြည်တွင်းငြိမ်းချမ်းရေးကို ပံ့ပိုးနေတာလား။ တကယ်တော့ ၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ တိုင်းရင်းသားအင်အားစုတွေ ပုန်ကန်မှုတွေ များလာတယ်ဆိုပြီးတော့ ကျနော်တို့ အထောက်အထားတွေ တွေ့ရပါတယ်။ နောက်ပြီးတော့ အာဏာသိမ်းတဲ့အခါမှာ ဗိုလ်ချုပ်နေဝင်းက ပြည်ထောင်စု ပြိုကွဲတော့မယ်ဆိုပြီးတော့ ဆင်ခြေပေးခဲ့တယ်။ သို့သော်လဲ ပြည်ထောင်စုပြိုကွဲမယ့် အထောက်အထားက အဲဒီအချိန်မှာ တကယ် မရှိပါဘူး။ အဲဒါကို သူတို့ လုပ်ကြံပြီးတော့ သမိုင်းအချက်အလက်တွေ ဖန်တီးပြီးတော့ ရေးခဲ့တာ၊ အခုအခါမှာ လူတွေလေ့လာကြည့်တဲ့အခါ သိလာရပြီ ဖြစ်ပါတယ်။ ဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးအရ နောက်မဆုတ်သေးဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာ ရှိနေလို့ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒေါက်တာရန်မျိုးသိမ်း သဘောထား ဘယ်လို ရှိပါလဲ။

ဦးရန်မျိုးသိမ်း ။ ။ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းဖို့မှာ စစ်တပ်ဟာ အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို ကျနော်က လက်ခံတယ်။ ဒါပေမဲ့ စစ်တပ်ဟာ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ နိုင်ငံရေးဖြေရှင်းမှုတခုကို ဖော်ဆောင်တဲ့နေရာမှာ လက်တွေ့ကျကျ၊ ထိထိရောက်ရောက် တာဝန်ယူနိုင်ဖို့ကလည်း အရေးကြီးတယ်လို့ ကျနော်က မြင်ပါတယ်။ ဒါပေမဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လုံးဝငြိမ်းချမ်းရေးရတဲ့ အခါကြမှ တပ်မတော်အနေနဲ့ နိုင်ငံရေးထဲက ထွက်ခွါမယ်လို့ ပြောတဲ့အချက်က နိုင်ငံရေးအခင်းအကျင်းအရ ဆိုလို့ရှိရင် လက်တွေ့မကျဘူးလို့ ကျနော် မြင်ပါတယ်။ ဒါဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို အဟန့်အတားဖြစ်စေတဲ့ သဘောမျိုးသက်ရောက်တယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ တိုင်းပြည်ပြိုကွဲမှာစိုးလို့ စစ်တပ်က နိုင်ငံရေးထဲကို ပါလာရပါတယ်ဆိုတဲ့ ၁၉၆၂ ခုနှစ်က အကြောင်းပြချက်ကို အခု ၂၀၁၅ မှာ ထပ်ပြီးတော့ သက်သေထပ်ပြုလိုက်တဲ့ သဘောမျိုး သက်ရောက်နေတဲ့ဟာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အင်မတန်မှ သိသာမြင်သာတဲ့ အားနည်းချက်တခု၊ နောက်ကြောင်းပြန်မှုတခုလို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ အခု တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေရဲ့ သဘောထားကို မေးလိုက်ရင်။ ကျနော် ဒီနေ့ သူတို့ကို မခေါ်တာက သူတို့ဘက်က အသံပဲ ဖြစ်နေမှာစိုးလို့။ ကိုအောင်သူငြိမ်းလည်း ဒီခေါင်းဆောင်တွေနဲ့ မကြာခဏ တွေ့ဖူးပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲအတွက် အဓိက ခလုတ်ကန်သင်း အဟန့်အတား ဖြစ်နေတာ တပ်မတော်ကြောင့်ပဲဆိုပြီး တော်တော်များများ ပြောကြတယ်။ ဆိုတော့ အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဒီကိစ္စ ငြိမ်းချမ်းရေး လုံးဝပြေလည်မှ စစ်တပ်က နိုင်ငံရေးက နောက်ဆုတ်မယ်ဆိုတဲ့စကားက အခုန ဒေါက်တာရန်မျိုးသိမ်း ပြောသလို တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ရရှိရေးကို ဘယ်လို ဂယက်ရိုက်ခတ်မယ် ထင်ပါလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာ အရင်ပြောခဲ့တဲ့ စစ်တပ်ခေါင်းဆောင်အသီးသီးရဲ့ ပြောကြားချက်တွေနဲ့ သိပ်မကွာဘူးလို့ ထင်ပါတယ်။ ပြောခဲ့တာတော့ တိုင်းပြည်အေးချမ်းမှ စစ်တပ်က ထွက်လို့ရမယ်။ နောက်တခုက ကျနော်တို့ တိုင်းပြည်မှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက အရေးကြီးသေးတယ်။ ဒီအချက်တွေပါပဲ။ သိပ်တော့ ထူးခြားချက် မရှိပါဘူး။ ဒါပေမဲ့ အခုနပြောကြားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်မယ့်ကိစ္စ။ ဒီနေ့အချိန်မှာတော့ ကျနော် ထင်တယ်။ နှစ်ဘက်စလုံးက သူလည်း သူ့ရဲ့ အခြေအနေ သူသိတယ်။ ကိုယ်လည်း ကိုယ့်ရဲ့အခြေအနေ ကိုယ်သိတယ်ဆိုတဲ့ အနေအထားမှာ။ ဒီနေ့ကတော့ ငြိမ်းချမ်းရေးလုပ်ဖို့ အကောင်းဆုံးအခြေအနေလို့ ထင်ပါတယ်။ စစ်တပ်အနေကလည်း လက်တွေ့ကျကျ စဉ်းစားပြီးတော့ ဒီနေ့ ငြိမ်းချမ်းရေးကို အရယူသင့်တဲ့ အခြေအနေလို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတဲ့ စကားအရဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကော ပုံမှန်အတိုင်း ဆက်တိုးမယ် ထင်ပါလား။ သူကတော့ ငါတို့ဘက်က အလျှော့မပေးဘူး။ ဒီလူတွေ လက်နက်ကိုင်ထားတာ စွန့်မှလို့ ဆိုတယ်။ အဲဒီလို ပြောနေရင် တိုင်းရင်းသားတွေ လိုအပ်ချက်ကော ရနိုင်မယ် ထင်ပါလား။ သူတို့ဆန္ဒ ပြည့်ဝနိုင်မယ် ထင်ပါလား။

ဦးအောင်သူငြိမ်း ။ ။ တခုကတော့ အခုလက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ လက်ရှိ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ။ နောက်တခါ လွှတ်တော်ရဲ့ အခန်းကဏ္ဍတွေလည်း ရှိလာပါတယ်။ ဒီအနေအထားမှာတော့ အားလုံး (၃) ပွင့်ဆိုင် ဒီလိုအခြေအနေမှာ ဆွေးနွေးမှုတွေ ရလဒ်က ပိုအရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူက သမ္မတ လုပ်ချင်တယ်။ ပြည်သူလူထုက လက်ခံမယ်ဆိုရင် လုပ်မယ်လို့ဆိုတော့ စစ်တပ်ကနေပြီးတော့ စစ်ဗိုလ်ချုပ်က တိုက်ရိုက်သမ္မတ ဖြစ်လာခဲ့ပြီဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ခြေကုပ်က ပိုပြီးခိုင်မြဲသွားနိုင်တယ်လို့ စဉ်းစားစရာ မဖြစ်နေဘူးလား။

ဦးရန်မျိုးသိမ်း ။ ။ ကျနော့်အမြင်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ ဖြစ်လာနိုင်ဖို့ အလားအလာ နည်းတယ်လို့ မြင်ပါတယ်။ တကယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနေ နိုင်ငံတော်သမ္မတနေရာကို ရယူလာမယ် ဆိုလို့ရှိရင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းမှာကော မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲပေါ်မှာ ရှိရင်းစွဲ တစိတ်တဒေသ ယုံကြည်မှု၊ နားလည်မှုလေးတွေဟာ အကြီးအကျယ် လျော့ပါးကျဆင်းသွားနိုင်တယ်လို့ ကျနော်က မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်သူငြိမ်းရဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထား သိချင်ပါတယ်။ ဒီကိစ္စမှာ ကာကွယ်ရေးဦးစီးချုပ်က သမ္မတ ဆက်ပြီးတော့ လုပ်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နည်းနည်းတော့ ပြန်စဉ်းစားလာမှာပေါ့။ ဒီလူတွေ မဟုတ်တော့ဘူးဆိုပြီးတော့။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းထက် မြန်မာနိုင်ငံ လက်ရှိအခြေအနေအရ ဒီမိုကရေစီလမ်းကြောင်းက ပိုပြီးတော့ နောက်ဆုတ်သွားတယ်။ စစ်တပ်က ထိန်းချုပ်မှုက ပိုပြီးတော့ ခိုင်မြဲလာတယ်ဆိုတဲ့ သဘောမျိုး ဖြစ်မသွားနိုင်ဘူးလား။

ဦးအောင်သူငြိမ်း ။ ။ ယေဘုယျ ပြောရင်တော့ ဒီမိုကရေစီက ပိုခိုင်လာလေလေ၊ စစ်တပ်ရဲ့ အခန်းကဏ္ဍက နောက်ဆုတ်ရလေလေ ကျနော်တို့ ပိုပြီးတော့ လျှော့ရမယ် အနေအထား ဖြစ်ပါတယ်။ အဲဒီတော့ စစ်တပ်အခန်းကဏ္ဍ တိုးယူမယ် ဆိုရင်တော့ ဒီမိုကရေစီက ပိုခိုင်မာလာတယ်လို့ ပြောဖို့ ခက်ပါတယ်။ အဲဒီလို အနေအထားမှာတော့ ဒီမိုကရေစီခရီးကို ရှေ့ဆက်မယ်ဆိုရင်တော့ စစ်တပ်က ဘယ်လိုအခြေအနေမှာ နိုင်ငံရေးကဏ္ဍထဲက ဆုတ်ခွါမယ်ဆိုတာကို စဉ်းစားရမယ့် အနေအထား ဖြစ်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန ဒေါက်တာရန်မျိုးသိမ်းက ပြောတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ ဖြစ်လာမယ့် အခြေအနေ အလားအလာ နည်းတယ်ဆိုတာ ဘယ်အပေါ်မှာ မူတည်ပြီး သုံးသပ်တာလဲ။ လူထုဆန္ဒက သူကို တကယ်မကြိုက်လှဘူးဆိုတဲ့အတွက် ဆိုရင်တော့ လူထုဆန္ဒ ဘာမှအရေးမပါတာ။ လူထုကိုယ်စားလှယ်တွေရဲ့ သဘောထားလည်း ဘာမှ အရေးမပါဘူး။ သူကို စစ်တပ်ကိုယ်စားလှယ်က ထောက်ခံပြီးတော့ လုပ်လိုက်ရင်လဲ ဖြစ်နိုင်တဲ့ကိစ္စဆိုတော့ ဒေါက်တာရန်မျိုးသိမ်း ဘယ်လိုကြောင့် တွက်နိုင်ပါလဲ။ အဲဒီ တွက်ပုံတွက်နည်းလေး ပြောပြပါအုံး။

ဦးရန်မျိုးသိမ်း ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲကာလဟာ အာဏာရပါတီအတွက်ကော၊ တပ်မတော်အတွက်ကော စိန်ခေါ်မှုတွေ များတဲ့ကာလတခုလို့ ကျနော်က မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သေချာပေါက် အနိုင်ရမယ်လို့ ပြင်ဆင်ပြီးတော့မှ ဝင်ရွေးတဲ့ ရွေးကောက်ပွဲ ဖြစ်ပြီးတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီလို နိုင်ငံရေးအရ ထိလွယ်ရှလွယ်တဲ့ အခင်းအကျင်းတခုကို ဖြတ်သန်းတဲ့ကာလမှာ ကျနော်အမြင့်အားဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နေရာမှာ အခြားတယောက်ကို တာဝန်ပေးခန့်ထားတာမျိုး အလားအလာ နည်းပြီးတော့ အဲဒီ ၂၀၁၅ ရွေးကောက်ပွဲကာလအလွန် ကျော်ဖြတ်ပြီး (၁) နှစ်၊ (၂) နှစ်လောက် ကာလရောက်တဲ့အခါကြမှသာ ဒီလို စဉ်းစားမှုမျိုး ဖြစ်နိုင်တယ်လို့ ကျနော်က မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်းရဲ့ သဘောထားလဲ သိချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဖြစ်ချင်တယ်ဆိုတော့ ဖြစ်နိုင်တဲ့ အနေအထား။ နိုင်ငံခြားသတင်းဌာနတွေက Burma’s strong man လို့ သုံးသပ်နေကြပါတယ်။ ဆိုတော့ ဖွဲ့စည်းပုံ အခြေအနေအရ ဖြစ်ချင်ရင်လဲ ဖြစ်နိုင်တဲ့အခြေအနေ ရှိတယ်လို့ ထင်ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကြာသေးခင်က လုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း သူ့အနေနဲ့ ၂၀၁၆ အလွန်အထိက ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဆက်ရှိမယ်လို့ ပြောပါတယ်။ အဲဒီတော့ လောလောဆယ် ရွေးကောက်ပွဲနဲ့ ဒီကြားထဲမှာတော့ သူ့အနေနဲ့ မပါဘူးဆိုတာတော့ သေချာတာပေါ့။ တဘက်မှာလဲ ဒီအလွန်ကာလမှာတော့ သူကို စစ်တပ်က အနားယူပြီးတဲ့နောက်မှာ တပ်မတော်ကနေ ကိုယ်စားလှယ်အနေနဲ့ သူကို အဆိုပြုကောင်းလဲ ပြုနိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ အနေအထားတွေ ပြန်ကြည့်တဲ့ အနေအထားမှာတော့ ဒီလိုမျိုး စစ်တပ်က တက်လာတဲ့ သမ္မတ တယောက်က အပေါ်မှာ ရာထူးတာဝန်ယူလာတယ် ဆိုရင်တော့ နိုင်ငံတကာ ထောက်ခံမှုတို့၊ Legitimacy Crisis လို့ခေါ်တဲ့ တရားဝင်မှုအရ ပြဿနာရှိမှုလည်း ရှိလာမယ်လို့ ကျနော်က မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခု မေးချင်တာက မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ် မဟုတ်ရင်လဲ သမ္မတ ဖြစ်နိုင်တယ် မဟုတ်ဘူးလား။

ဦးရန်မျိုးသိမ်း ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအချက်က သူ့အတွက် ဖြစ်ချင်ရင်ဖြစ်ခွင့် ပိုပြီးတော့ လွယ်မနေဘူးလား။

ဦးရန်မျိုးသိမ်း ။ ။ အဲဒီပုဒ်မကတော့ ကျနော့်အမြင်အားဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တယောက်တည်းကို သီးသန့်အခွင့်အရေး ပေးထားတာမျိုး မဟုတ်ဘူး။ သို့သော်လဲပဲ ပြည်သူလူထုရဲ့ မဲဆန္ဒရှင်တွေရဲ့ တိုက်ရိုက်ထောက်ခံမှုနဲ့ ရွေးချယ်တဲ့ ပုံစံကိုတော့ ငြင်းခုန်နေတာ တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအချက်က တော်တော်မဆန်းဘူးလား။ လူထုကိုယ်စားလှယ်တောင် မဟုတ်တဲ့လူက သမ္မတဖြစ်ချင်ရင် ဖြစ်ပိုင်ခွင့်ရှိတာနဲ့ ပတ်သက်ပြီး ဦးအောင်သူငြိမ်း မှတ်ချက်လေး ကြားချင်ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ အခု ကူးပြောင်းရေးကာလကို သွားနေတဲ့ကာလမှာ နိုင်ငံတကာကလဲ ကျနော်တို့ကို မျက်လုံးဒေါက်ထောက် စောင့်ကြည့်နေတဲ့ အနေအထားပါ။ အဲဒီ အနေအထားမှာတော့ ပြည်သူလူထုကလဲ ရွေးကောက် မတင်မြှောက်ထားဘူး။ အဲဒီအချိန်မှာ ကြားထဲကတယောက်က သမ္မတ ဖြစ်လာမယ်ဆိုရင်တော့ အခုနပြောတဲ့ ဥပဒေအရ တရားဝင်မှု ဒီပြဿနာတွေ ရှိလာမယ်လို့ ထင်ပါတယ်။