သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဓမ္မကောလိပ်ဝန်း လက်နက်ကြီးကျည်ကျလို့ ၄ ဦးဒဏ်ရာရ 


ကချင် ဓမ္မကျောင်း၊ ကွတ်ခိုင်မြို့၊ ကချင်ပြည်နယ်။ (ဓာတ်ပုံ - KBC Kachin)
ကချင် ဓမ္မကျောင်း၊ ကွတ်ခိုင်မြို့၊ ကချင်ပြည်နယ်။ (ဓာတ်ပုံ - KBC Kachin)


[[Zawgyi/Unicode]]

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့က ကချင်ကျမ်းစာကျောင်း တကျောင်းထဲကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတဲ့အတွက် ကျောင်းသား ၄ ယောက် ထိခိုက်ခဲ့ပါတယ်။ လူနေရပ်ကွက်အတွင်းမှာရှိတဲ့ ကျမ်းစာသင်ကျောင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြသလို အရပ်သားတွေ ထိခိုက်မှုမရှိအောင် ရှောင်ရှားဖို့ ဒေသခံ စစ်ဘေးရှောင်တွေအရေး ဆောင်ရွက်နေသူတွေက လက်နက်ကိုင် အဖွဲ့တွေကို တောင်းဆိုနေကြပါတယ်။ ကွတ်ခိုင်အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၃ ရက် ကြာသပတေးနေ့ ညဦးပိုင်း ၈ နာ ရီလောက်က ကွတ်ခိုင်မြို့ ကချင်ဓမ္မကောလိပ်ဝင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား အဆောင်အချို့ကို ကျည်စတွေ ထိမှန်ခဲ့သလို တံခါးမှန်တွေလည်း ကွဲအက် ကုန်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ကျမ်းစာသင်ကျောင်းသားအချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်းကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“၈ နာရီခွဲလောက်ကနေ ပစ်တာ။ လက်နက်ကြီးတွေနဲ့ပစ်တာပေါ့။ ဘယ်ကနေပစ်တာလဲဆိုတော့ ခလရ ၃၄၁ ဒီဘက် သူတို့ အမှတ်တရကုန်းလို့ ခေါ်တာပေါ့။ စစ်သည်တော်တွေရဲ့ အမှတ်တရကုန်းလို့ ခေါ်တာ။ အဲဒီကနေ သူတို့ ပစ်တာ။ ပစ်တဲ့အခါကျတော့ ကွတ်ခိုင်ရဲ့ KBC ဓမ္မ ကောလိပ်ပေ့ါ။ ဓမ္မတက္ကသိုလ်ပေါ့။ အဲဒီထဲကို ကျတယ်။ အိပ်ဆောင်ဘေးကို ကျတာပေါ့။ ကျောင်းသားတွေက အဲဒီအချိန်မှာ ရေမိုးချိုး တကိုယ်ရေသန့်ရှင်းရေးလုပ်နေတဲ့အချိန် ကျတာလို့ ပြောတယ်။ အဲဒီမှာ ၄ ယောက် ထိတယ်။”

ထိခိုက်ဒဏ်ရာတဲ့ သူ ၄ ယောက်စလုံး လည်ဂုတ်၊ နောက်ကျောနဲ့ ခြေထောက်တွေထိခိုက်ပြီး ဒဏ်ရာတွေ မစိုးရိမ်ရကြောင်းနဲ့ သူတို့ကို ညတွင်းချင်း ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ လက်နက်ကြီးကျည်မကျခင် မြန်မာစစ်တပ်အနီးမှာ လက်နက်ငယ်ပစ်ခတ်သံအချို့ ကြားရကြောင်း ဒေသခံတချို့က ပြောဆိုပေမယ့် သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။ လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ ကျမ်းစာသင်ကျောင်းဟာ လူနေရပ်ကွက်အတွင်းမှာ ရှိတာမို့ ပြည်သူတွေ စိုးရိမ်နေကြောင်းလည်း ပြောပါတယ်။

“ကျမ်းစာကျောင်းဆိုတာ တကယ့် လူနေရပ်ကွက်ပဲ။ ကျမ်းစာကျောင်းဘေးမှာဆိုရင် စာသင်ကျောင်း၊ အထက ကျောင်းကြီးတွေ ရှိတယ်။ ပြီးရင် ဘုန်းကြီးကျောင်းတွေ ရှိတယ်။ ပြီးရင် ဈေးရှိတယ်။ အဲလို လူနေ ရပ်ကွက်ထဲကို အဲလို ပစ်တာတွေ ရှိတယ်။ လူနေထူထပ်တဲ့နေရာကို ပစ်တာဆိုတော့ စိုးရိမ်ရတာပေါ့နော်။”

အခြားလက်နက်ကြီးကျည်တွေလည်း ကွတ်ခိုင်မြို့အတွင်းက မာန်အောင်နဲ့ ဟွေခုတ်ခေါ် ပလောင်ရွာတွေအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ဒေသတွေမှာ ရှမ်း၊ ကချင်၊ တအန်း(ပလောင်) နဲ့ ကိုးကန့်စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ အခြေပြုလှုပ်ရှားနေပြီး မြန်မာစစ်တပ်နဲ့ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ အပြန်အလှန် တိုက်ပွဲဖြစ်ချိန်မှာ ကျေးရွာတွေ၊ လူနေရပ်ကွက်တွေအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူတွေ ထိခိုက် ဒဏ်ရာရတဲ့ သတင်းတွေ အရင်ကလည်း ထွက်ပေါ်ဖူးပါတယ်။ စစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန် လက်ညှိုးထိုး အပြစ်ဖို့ ပြောဆိုလေ့ရှိပါတယ်။ အရပ်သားတွေဘက်ကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေ မထိခိုက်အောင် ရှောင်ရှားသင့်တယ်လို့ ပြောနေပါတယ်။ ဒေသခံ စစ်ဘေးရှောင်တွေအရေး ဆောင်ရွက်နေသူတဦးက ခုလိုတိုက်တွန်းပါတယ်။

“ ကျမတို့ ဒေသမှာတော့ တောက်လျှောက်ဖြစ်နေတာ။ လက်နက်ကြီးတွေ ပစ်ခတ်လိုက်တိုင်း ပြည်သူတွေက ထိခိုက်နေတဲ့ကိစ္စကို ကျမတို့က တောက်လျောက်ပြောနေတာဖြစ်တယ်။ ဒါက လက်နက်ကိုင်တဲ့ လူအားလုံးကို ရည်ရွယ်ပြီးမှ ကျမတို့ ပြောနေတာပေါ့။ လက်နက်ကိုင်တွေဆို စည်းကမ်းတကျနဲ့ပေါ့နော်။ လူသားချင်းစာနာထောက်ထားမှုကို ကြည့်ပြီးမှပဲ လက်နက်ကိုင်ကြဖို့ တိုက်တွန်းချင်တယ်ပေါ့။ ဥပဒေတွေကိုလည်း လိုက်နာပြီးမှပေါ့နော် အရပ်သားတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ဖို့အတွက် ကျမတို့က အမြဲတမ်းပြောချင်ပါတယ်ရှင့်။”

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသတွင်းသတင်းမီဒီယာတွေက ကွတ်ခိုင်မြို့ စစ်တပ်ဗျူဟာကုန်းက ပစ်ခတ်ကြောင်း သတင်းရေးသားကြပေမယ့် စစ်ကောင်စီဘက်ကတော့ အတည်ပြုချက်မပေးသလို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီနှစ် ဇွန်လလည်လောက်ကလည်း ကွတ်ခိုင်မြို့နယ် ဇွပ်အောင်စစ်ရှောင်စခန်းမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင်အမျိုးသမီး သားအမိ နှစ်ဦး သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]

ကခငြျဓမ်မကောလိပျဝနျး လကျနကျကွီးကညြျကလြို့ ၄ ဦးဒဏျရာရ










XS
SM
MD
LG