သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အထက်အပိုင်းမှာ ကြွက်တွေသောင်းကျန်းလို့ တောင်ယာခင်းအများအပြား ပျက်စီး


Myanmar Myitsone
Myanmar Myitsone

[[Zawgyi/Unicode]]

ကချင်အထက်အပိုင်းမှာ ကြွက်တွေသောင်းကျန်းလို့ တောင်ယာခင်းအများအပြား ပျက်စီး

ကချင်ပြည်နယ်အထက်ပိုင်းဒေသမှာ ကြွက်တွေသောင်းကျန်းတာကြောင့် တောင် ယာခင်း အများအပြားပျက်စီးပြီး ဒေသခံတွေဟာ အငတ်ဘေးနဲ့ရင်ဆိုင်ရမယ့်အခြေအနေရှိနေပါတယ်။ ဒါဟာ နှစ် ၅၀ မှာ တကြိမ်ဖြစ်တတ်တဲ့ ဝါးသီး သီးတာနဲ့ ဆက်စပ်ကြောင်း ဒေသခံတွေကေပြာပြီး KDNG ခေါ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်ကတော့ ဒေသခံတွေ အငတ်ဘေးနဲ့မကြုံရအောင် တာဝန်ရှိသူတွေအနေနဲ့ အရေးယူဖြေရှင်း ဆောင်ရွက်ဖို့လိုအပ်ကြောင်း ထောက်ပြပြီး အကူအညီတွေတောင်းခံနေပါတယ်။ ကချင်ပြည်နယ်အထက်ပိုင်း ကြွက်ဘေးအန္တရာယ်ကျေရာက်နေတဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ဧရာဝတီမြစ်ဆုံဒေသအထက်ပိုင်း ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာ ကြွက်တွေ သောင်းကျန်းတဲ့ဘေးကို ရင်ဆိုင်နေရတာပါ။

တောင်ယာခင်းတွေ ကြွက်ကြောင့် ပျက်စီးနေတဲ့အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီနှစ်အဖြစ်အပျက်က စပါးပင်တွေအရင်းကနေ အကုန်လုံး... စပါးပင်တင်မကဘူး။ ပြောင်းကအစ အကုန်လုံး ဖြတ်တာဆရာ။ မြစ်ကြီးနားရဲ့အထက်ဘက် မြစ်ဆုံဒေသ အရှေ့ခြမ်းပေါ့။ အဲဒီဘက်မှာ ဆွမ်ပရာဘွမ်မြို့နယ်။ ဒီ အင်ဂျန်းယန်မြို့နယ်၊ အဲဒါကအကုန်လုံးဖမ်းဆီးခံရပြီဆရာ။ တောင်ယာတွေ။ ဒီနှစ်က သီးနွံတွေ မပေါ်တော့ဘူးလေ။ တောင်ယာပဲ မှီခိုရတဲ့ဒေသလည်းဖြစ်နေတယ်။ စားရေးသောက်ရေးတော့ တော်တော်လေး ခက်ခဲမယ့်ပုံပေါ်နေတယ် ဒီနှစ်တော့။”

ဆွမ်ပရာဘွမ်မြို့နယ်က ဒေသခံတဦးကတော့ ကြွက်တွေ သောင်းကျန်းလာတာဟာ ပြီးခဲ့တဲ့နှစ် ဝါးသီးချိန်ကစတင်ခဲ့ပြီး ဒီနှစ် ပိုမိုဆိုးဝါးလာတယ်လို့ပြောပါတယ်။

“ ၂၀၂၁ ကနေ မလိခရဲ့အေရွ့ဘက် အဲဒီဘက် ၅ ရွာလောက်၊ အဲဒီမှာ ဝါးတွေ အသီးသီးတာ၊ မျိုးတွေ ဖြစ်တဲ့အခါကျတော့ ကြွက်တွေ အရမ်းပေါလာတာလေ။ တောင်ယာစပါး တချို့တွေက အကုန်နီးပါး ပါသွားတာပေါ့။ ဒီနှစ် ၂၀၂၂ ပေါ့နော၊ ဒီနှစ်မှာလည်း ပိုပြီးမှ ဆိုးလာတာ ဟုတ်တယ်။ မလိခရဲ့အနောက်ဘက်ခြမ်း ဆွမ်ပရာဘွမ်နဲ့ ဒီ တီယန်ဇွပ်ကြား အဲဒီမှာရှိတဲ့ရွာတွေအကုန်လုံး တောင်ယာစပါးတွေလည်း ကြွက်ဘေးတွေ ဆိုက်ကပ်နေပြီ။ ပြီးရင် မလိခရဲ့အရှေ့ဘက်ခြမ်းမှာလည်း အရမ်းဆိုးနေပြီ။ တခြမ်းကတော့ ဆွမ်ပရာဘွမ်မြို့နယ်။ တခြမ်းကတော့ အင်ဂျန်းယန်မြို့နယ် ဟုတ်တယ်။ ”

ဒီဒေသမှာနေထိုင်သူတွေဟာ ဘဝရပ်တည်ရေးအတွက် ရွှေ့ပြောင်းတောင်ယာအေပါ် အဓိကမှီခိုနေရပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ယခင်ကတည်းက စားနပ်ရိက္ခာ ခက်ခဲတဲ့ဒေသတွေ ဖြစ်တယ်လို့ KDNG ခေါ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့က ကိုဆားဂျီးက ပြောပါတယ်။

လက်ရှိ ကြွက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးပေါ်အကူအညီတွေ ဆောင်ရွက်ပေးဖို့လည်း အခုလို တိုက်တွန်းပါတယ်။

“ အဓိက သူတို့ မှီခိုတာက အဲဒီတောင်ယာ။ နဂိုကတည်းက လမ်းပန်းဆက်သွယ်ရေးက ခက်တဲ့အခါကျ သူတို့ ဒုက္ခရောက်တယ်။ ဒီနှစ်က ပိုဆိုးတယ်။ ကြွက်ဘေးဒဏ်ကြောင့်ရယ်။ နောက် နိုင်ငံရေးအခြေအနေကြောင့်ရယ်။ ကုန်ဈေးနှုန်းမြင့်တက်တာရယ်။ ဒီဒေါ်လာဈေး၊ ရွှေဈေးကစားတဲ့အခါကျတော့ သူတို့ ခါတိုင်းနှစ်ထက်ပိုပြီးတော့မှ အငတ်ဘေး ကြုံတွေ့ဖွယ်ရှိတာပေါ့နော်။ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေရော၊ အဖွဲ့အစည်းပေါင်းစုံ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ထောက်ပံ့သင့်တာပေါ့နော်။ အဲဒီ ကြွက်ဘေးဒဏ်ကြုံနေရတဲ့ ဧရာဝတီမြစ်ဖျားပိုင်းက လူထုတွေကိုပေါ့နော်။ ”

၁၉၇၇ ခုနှစ်ကလည်း ကချင်ပြည်နယ် မြစ်ဆုံအထက်ပိုင်းဒေသမှာ အလားတူ ကြွက်ဘေးကျရောက်တာကြောင့် ဒေသခံတွေ အငတ်ဘေးရင်ဆိုင်ခဲ့ရပြီး သေဆုံးသူတွေ ရှိခဲ့သလို အခြားဒေသကို ပြောင်းရွှေ့သွားတာတွေ ရှိခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကလည်း ချင်းပြည်နယ်တောင်ပိုင်းဒေသမှာလည်း ဝါးသီး သီးခဲ့ပြီး ဝါးသီးလာစားတဲ့ ကြွက်တွေက တောင်ယာစပါးတွေ ဖျက်ဆီးခဲ့တာကြောင့်၂၀၁၀ ခုနှစ်လောက်အထိ ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

------------------

[[Zawgyi/Unicode]]













XS
SM
MD
LG