သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေရှင်းမှုကြောင့် ကန့်ဘလူနယ်သားတွေ ထွက်ပြေးနေရ 


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အလယ်ပိုင်း နယ်မြေရှင်းလင်းရေးစစ်ကြောင်းကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ရွာများ။ (Kanbalu/Crd: MIMU)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အလယ်ပိုင်း နယ်မြေရှင်းလင်းရေးစစ်ကြောင်းကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ရွာများ။ (Kanbalu/Crd: MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၂၃ ရက်နေ့က ဖမ်းဆီးထားတဲ့ ဉာဏ်အင်းကျေးရွာသား ၅၀ ကျော် မနေ့က မြန်မာစစ်တပ်က ပြန်လွှတ်ပေးခဲ့ပေမယ့် ရွာသား ၄ ယောက်ကတော့ ကျန်နေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ် လေးရွာစုဖက်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်ကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာ ဒီတကြိမ်နဲ့ဆို ၇ ကြိမ်ရှိပြီလို့လည်း ပြောပါတယ်။ ကန့်ဘလူမြို့နယ် က အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ ဉာဏ်အင်းကျေးရွာကနေ ဖမ်းဆီးသွားသူ ၅၀ ကျော်ထဲက ၄ ဦးကို ချန်ထားပြီး ကျန်ဒေသခံတွေကို အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်တပ်ဘက်က ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီ ပြန်လွတ်လာတဲ့ ဉာဏ်အင်း ဒေသခံတွေဟာ နောက်ထပ် စစ်ကြောင်းတခု ဝင်လာနေတဲ့အတွက် ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

“ဉာဏ်အင်းက ၅၀ ကတော့ လွတ်ခဲ့ပြီဗျ။ သူတို့လည်း ဘေးရောက်သွားပြီ။ ရွာမှာတော့ မရှိကြတော့ဘူး။ ဉာဏ်အင်းမှာ မီးရှို့ပြီးတော့ ဓားစာခံ ၄ ယောက်ကိုတော့ ခေါ်သွားတယ်ဗျ။”

ဒီအတောအတွင်း ကန့်ဘလူမြို့နယ်မှာ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အချိန် မနေ့က ၂၅ ရက်နေ့ အင်းလယ်ကြီးရွာအတွင်းက နေအိမ်တချို့မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ အိမ်ခြေ တထောင့်လေးရာရှိတဲ့ ကျေးရွာအတွင်းမှာ နေအိမ်တချို့မီးလောင်သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရတာတွေလည်း ရှိတာကြောင့် ဆုံးရှုံးတဲ့ပမာဏ အတိအကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။

“အခု (ည) ၈ နာရီ ၅၆ အထိက ရှို့နေတုန်းပဲဗျ။ ရွာကိုက ကပ်မရသေးဘူးဗျ၊ သူတို့က ကင်းပုန်းတွေ ပတ်ပတ်လည် ကင်းပုန်းတွေ ချထားတော့ ပြီးတော့ လက်နက်ကြီးတွေနဲ့ ပတ်ပတ်လည်တောတွေကို ပစ်နေတယ်ဗျ။”

အင်္ဂါနေ့ညဘက်အထိအခြေအနေကို သူကပြောပြတာဖြစ်ပါတယ်။ ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ တိုက်နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ အလယ်ခုံ၊ ချပ်ကုန်း၊ နှောကုန်း၊ ဇီးကနား၊ လျော်ဖြူကုန်း ရွာတွေ အားလုံး မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရွာတွေဟာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေ မကြာခဏ လုပ်သလို ကျေးရွာတွေကိုလည်း မီးရှိ့ခံနေရတာကြောင့် ရွာထဲမှာ လူတွေ မနေရဲကြတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီတခေါက် နယ်မြေရှင်းလင်းရေးဟာ ဒီရွာတွေအတွက် ၇ ကြိမ်မြောက် ဖြစ်တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးစစ်ကြောင်းကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ရွာများ။ (Kanbalu/Crd: MIMU)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးစစ်ကြောင်းကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ရွာများ။ (Kanbalu/Crd: MIMU)

“အခုလောလောဆယ် အလယ်ခုံ၊ ချပ်ကုန်း၊ နှောကုန်း၊ ဇီးကနား၊ လျော်ဖြူကုန်း အခု စစ်ရှောင်တွေက အခု ရွာပြင် ထွက်ပြေးနေကြရပါတယ်ဗျ။ အခု နှောကုန်းကို ရောက်နေကြပြီ။ ဒါပါဆိုရင် ကျနော်တို့ဘက်ကို ၇ ကြိမ်မြောက် ရှိပြီဗျ။”

ကန့်ဘလူမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်ဟာ အင်အားရာချီနဲ့ စစ်ကြောင်းတွေခွဲပြီး ကျေးရွာ အတော်များများကို နယ်မြေရှင်းလင်းနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံ စစ်ရှောင်တွေဟာ ထွက်ပြေးနေကြရတဲ့ ရက်ကြာလာတာကြောင့် နေရေးနဲ့ စားသောက်ရေးမှာ အခက်အခဲတွေ ဖြစ်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ရှောင်တွေ အခြေအနေက- မိုးကလည်းရွာလိုက်တာဆိုတော့ နေရထိုင်ရတာ ကြပ်တည်းတယ်ဗျ၊ နည်းနည်း ဆင်းရဲတာပေါ့။ စားသောက်ရေးကလည်း အဲ့လိုပဲ။ ခုတော့ နည်းနည်းပြတ်လာတာပေါ့။ ရွာတွေကလည်း မီးရှို့ ပစ္စည်းတွေကလည်း ဆန်ဆီတွေကလည်း သူတို့ လုပ်သွားတာတွေနဲ့ စားစရာ နေစရာကလည်း မရှိ။ အဲ့လိုတွေ ဖြစ်နေတော့ ကျနော်တို့ပါတဲ့ဟာလေးတွေနဲပဲ မျှတပြီး စားရတာပေါ့။ အင်အားကလည်း ၂၀၀၊ ၃၀၀ က တနေရာ၊ ၂၀၀၊ ၃၀၀ က တနေရာ အဲ့လိုမျိုးတွေ ရှောင်ကြရတာဆိုတော့လေ။

စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေကလည်း ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။ စစ်ကောင်စီဘက်က ထိုးစစ်အတွင်း အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ မလုပ်ဘူးလို့ ပြောဆိုထားပေမယ့် နယ်မြေရှင်းလင်းတဲ့ ဒေသက ကျေးရွာတွေမှာ နေအိမ်တွေ မီးလောင်တဲ့ သတင်းတွေကတော့ မကြာခဏ ထွက်ပေါ်နေပါတယ်။

==============

[[Unicode]]













XS
SM
MD
LG