သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာမှာ ဒုက္ခသည်အရေအတွက် ပိုတိုးလာနိုင်


 စစ်ဘေးသင့်ပြန်လည်ထူထောင်ရေးစခန်းတွင်း ရိက္ခာဝေငှစဉ်။ ( ဓာတ်ပုံ- ဒီးမော့ဆို/ကုန်းသာ)
စစ်ဘေးသင့်ပြန်လည်ထူထောင်ရေးစခန်းတွင်း ရိက္ခာဝေငှစဉ်။ ( ဓာတ်ပုံ- ဒီးမော့ဆို/ကုန်းသာ)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံထဲကနေ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၁.၄ သန်းလောက်ရှိပြီး ပိုပြီးတင်းမာလာနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူ အရေအတွက်ဟာ လာမယ့်ကာလမှာ ပိုပြီးများလာနိုင်ခြေရှိတယ်လို့ ဒီနေ့ ဇွန်လ ၂၀ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကုလသမဂ္ဂက ကပြောလိုက်ပါတယ်။ လုံခြုံရေးကြောင့် လူဦးရေသောင်းနဲ့ချီပြီး ထိုင်းနဲ့ အိန္ဒိယနယ်စပ်မှာ ခိုလှုံနေရသလို ပြည်တွင်း နေရပ်ရွှေ့ပြောင်းသူတွေကလည်း တဖြည်းဖြည်းများလာပါတယ်။ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့က ခက်ခဲလာတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြည်တွင်းမှာ စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် နေရပ်စွန့်ခွာသူ အရေအတွက် ထပ်ပြီးများလာနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ လူပေါင်းထောင်ချီပြီး ထိုင်းနဲ့ အိန္ဒိယနယ်စပ်ကို ထွက်ပြေးခဲ့ရသလို စစ်မက်ဖြစ်ပွားတဲ့ နေရာတွေမှာ တိမ်းရှောင်ခိုလှုံနေရတဲ့ ပြည်တွင်းက စစ်ရှောင်တွေရဲ့ အခြေအနေကလည်း စိုးရိမ်စရာကောင်းတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

သူတို့အတွက် စားနပ်ရိက္ခာအထောက်အပံ့၊ အသက်မွေးဝမ်းကျောင်း စတဲ့ စိန်ခေါ်မှုတွေရှိသလို ကျန်းမာရေး၊ ဘဏ်နဲ့ ဖုန်းလိုင်းလို ဝန်ဆောင်မှုတွေမရှိလို့ သူတို့ အတွက် လုံခြုံရေးနဲ့ အရေးပေါ်ကူညီ ကယ်ဆယ်ရေးတွေအတွက် စိုးရိမ်စရာရှိတယ်လို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့အတွက် ကုလသမဂ္ဂရဲ့ ထုတ်ပြန် ချက်မှာ ရေးသားထားတာပါ။

ဒီလိုအခြေအနေမှာ စစ်ရှောင်တွေကိုထောက်ပံ့ဖို့ ခက်ခဲတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ဖုန်းလိုင်းပြတ်တာတွေ ဖြစ်လာတဲ့အခါကျတော့ ဖုန်းလိုင်းရှိတဲ့နေရာတွေ ကျနော် တို့သွားရတယ်၊ ပြန်ရွှေ့ရတယ်။ ဒုက္ခရောက်တောတွေက အများကြီးပဲ။ လမ်းပမ်းဆက်သွယ်ရေးတွေက အစပေါ့ အများကြီးရှိတယ်။ စားနပ်ရိက္ခာတွေ၊ ကုန်းလမ်းဆက်သွယ်ရေးတွေ ချိတ်ဆက်ဖို့လုပ်တဲ့ ဖုန်းလိုင်းတွေရော ဝန်ဆောင်မှုမရှိတာတော့ ကျနော်တို့အများကြီး အခက်တွေ့တယ်ပေါ့နော်။ တော်တော်လေးလည်း ဒုက္ခဖြစ်တယ်။"

ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ သူတို့အနေနဲ့ မြန်မာပြည်တွင်း မှာ ဆက်လက်ကူညီနေပြီး ၂၀၂၁ တနှစ်တည်းမှာတင် လူပေါင်း ၁၈၀,၀၀၀ ကျော်အတွက် စောင်၊ ခေါင်းအုံး၊ ဆိုလာပြား၊ မီးဖိုချောင်သုံးပစ္စည်း အပါအဝင် အခြား ကူညီကယ်ဆယ်ရေး ပစ္စည်းတွေပေးခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ အခု ၂၀၂၂ ပထမနှစ်ဝက်ထဲမှာ လူပေါင်း ၁၀၀,၀၀၀ အတွက် ထပ်ပြီးကူညီပေးခဲ့တယ်လို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့အတွက် ကုလထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

ရခိုင်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ငါးနှစ်လောက်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာအရေအတွက်က ဒီနေ့အထိဆိုရင် ၁.၁ သန်းလောက်ရှိပါတယ်။ ဒီအထဲက တဝက်လောက်က ကလေးတွေဖြစ်ပြီး သူတို့အားလုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar မှာ ဒုက္ခသည်အဖြစ် ရောက်ရှိနေကြတာပါ။ တချို့ ကတော့ အိန္ဒိယ၊ နီပေါ၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူစုလူဝေးလုပ်တာကို ကန့်သတ်ထားတဲ့ကြားကပဲ မနေ့က တနင်္ဂနွေနေ့က ဒုက္ခသည်စခန်း ၃၄ ခုမှာရှိတဲ့ ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ကမ္ဘာ့ဒုက္ခသည် များနေ့အတွက် ရည်ရွယ်ပြီး သူတို့လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ သူတို့အိမ်ပြန်နိုင် ဖို့အတွက် လုံခြုံရေးအာမခံနိုင်တဲ့ အခြေအနေကိုပြန်ရဖို့ ကုလအပါအဝင် သက်ဆိုင် တဲ့အဖွဲ့တွေကို တောင်းဆိုချင်တယ်လို့ Cox's Bazar ဒုက္ခသည်စခန်း အမှတ် (၉) မှ ာခိုလှုံနေတဲ့ ဦးကျော်မင်းက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့က မူလရရှိခဲ့တဲ့ မွေးရာပါနိုင်ငံသားအခွင့်အရေး အဲဒါပြန်လည်ရရှိရေးက အလွန်အရေးကြီးပါတယ်။ နောက်ဘေးကင်းလုံခြုံဖို့အတွက်က ကျနော်တို့ အရေးတကြီးလိုအပ်တာကတော့ နိုင်ငံတကာရဲ့ security ပေါ့ဗျာ R2P သို့မဟုတ် နိုင်ငံတကာလုံခြုံရေးကို ကျနော်တို့အင်မတန် လိုအပ်ပါတယ်။ ကျနော်တို့ပြန်မယ်ဆိုရင် မူလကျေးရွာတွင် ပြန်လည်နေထိုင်ခွင့်ပြုချင်တယ်။ ကျနော်တို့ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေး လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခ အမြန်ဆုံးရပ်တန့်ရေးအတွက် ကျနော်တို့က တောင်းဆိုချင်ပါတယ်။"

၂၀၂၂ မေလ မှာတော့ တကမ္ဘာလုံးက နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်ဟာ သန်း ၁၀၀ အထိ အမြင့်ဆုံးရောက်ခဲ့ပြီး ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR က ဒီနေ့တနင်္လာနေ့မှာ ပြောပါတယ်။ အဲဒီအထဲမှာ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ကွန်ဂို၊ ယူကရိန်း၊ မြန်မာနိုင်ငံတို့ဟာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတဲ့ အများဆုံးနိုင်ငံတွေဖြစ်ပါတယ်။ ရောဂါထူပြောလို့ နေရပ်စွန်ခွာမှုများတဲ့ နိုင်ငံတွေကတော့ အီသီယိုးပီးယား၊ ကင်ညာနဲ့ ဆိုမာလီးယားလို အာဖရိကတိုက်က နိုင်ငံတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

==========================

[[Zawgyi/Unicode]]












==========================

XS
SM
MD
LG