[[Zawgyi/Unicode]]
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ အခုလ စက်တင်ဘာလကုန် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီဘက်က အမိန့်ထုတ်ထားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ နေရပ်မှာ လက်နက်ကိုင် တိုက်ပွဲတွေဆက်ရှိနေပြီး မြေမြုပ် မိုင်းအန္တရာယ်ကြောင့် နေရပ်ပြန်နိုင်ဖို့ ခက်ခဲနေတဲ့အကြောင်း ပြောပါတယ်။ ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်တွေရဲ့အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။
ကယားပြည်နယ် (ကရင်နီ) နဲ့ ရှမ်းပြည်တောင်ပိုင်း အနီးတဝိုက်ကရွာတွေမှာ ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ရွာသားအများအပြား ရှမ်းပြည်နယ်တောင်ပိုင်းကို ရောက်နေပါတယ်။ သူတို့ ကို စက်တင်ဘာလကုန်မှာ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ ရှမ်းပြည်အစိုးရကတဆင့် စာထုတ်ထားတယ်လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
"သူတို့စာထွက်ထားတာတော့ ရှိတယ်။ အဲဒါကို ရှမ်းပြည်နယ်အစိုးရကနေ ထွက်တာပေါ့။ ကျနော်တို့ရတာက တနေရာကနေ ရတယ်။ စစ်ရှောင်တွေကို ပြန်ခိုင်းတာဟုတ်တယ်။ လောလောဆယ်က မြို့နယ်အုပ်ချုပ်ရေးမှူးဆီတော့ ရောက်ပြီ။"
စစ်ဘေးဒုက္ခသည်တွေဟာ ဒေသခံတွေရဲ့အကူအညီကို အဓိက မှီခိုရပ်တည်ရတာပါ။ သူတို့ရဲ့ စားသောက်နေထိုင်ရေးနဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရပ်ရွာထဲက ဒေသခံလူထုနဲ့ ပရဟိတဆောင်ရွက်သူတွေက ရှာဖွေပြီး တာဝန်ယူပေးနေပါတယ်။ သူတို့နေထိုင်တဲ့ အရပ်မတည်ငြိမ်သေးတဲ့အတွက် အိမ်ပြန်ဖို့ ခက်ခဲနေသူတွေအတွက် ပြန်ဖို့ အမိန့် ထုတ်ထားတဲ့ အချိန်ကာလ နောက်ဆုတ်ပေးဖို့ကို ညှိနှိုင်းနေတယ်လို့လည်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူက ပြောပါတယ်။
"ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ ပြန်တင်ပြတာပေါ့။ တချို့စစ်ဘေးရှောင်တွေ ဒီမှာရောက်လာတာ သားသမီးတွေကို ဒီမှာကျောင်းထားနေတယ်။ တချို့ကလည်း ပြန်ဖို့အတွက် သူတို့မူလနေရပ်ကလည်း မတည်ငြိမ်သေးဘူး၊ တိုက်ပွဲတွေဖြစ်နေတယ်။ တချို့ကတော့ အိုးအိမ်လည်းမရှိသေးဘူး၊ ပြန်ဖို့မဖြစ်သေးဘူးပေါ့။ လောလောဆယ် ဒါကိုသည်းခံပေးဖို့၊ ဆက်လက် လက်ခံပေးဖို့တော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြန်တင်ပြတာပဲ။ AD ကတော့ ပြန်စဉ်းစားနေတယ်။ သို့သော်လည်း တောင်ကြီးနေရာတချို့နဲ့ ညောင်ရွှေနေရာတချို့ကိုတော့ ပြန်ခိုင်းနေတယ်။ ဒီအမိန့်စာကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတာမျိုးတော့ ရှိတာပေါ့ဗျာ။"
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်ဦးရေ ၃ သောင်းဝန်းကျင်အထိ ရှိမယ်လို့ အကူအညီပေးနေတဲ့သူတွေက မျှော်လင့်ထားပါတယ်။ မိုးဗြဲနဲ့ လွိုင်ကော်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒီရက်ထဲမှာတင် ရှမ်းပြည်တောင်ပိုင်းဆီ ရွာလုံးကျွတ်ထွက်ပြေးလာတာတွေလည်း ရှိပါတယ်။ ပြန်ရောက်တဲ့အချိန် အလုပ်အကိုင် အတည်တကျမရှိတော့သလို မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်မှာ စိုးရိမ်ရတဲ့ အန္တရာယ်လည်း ရှိနေတယ်လို့ ပရဟိတ္တ အကူအညီပေးနေသူတဦးက ပြောပါတယ်။
"စစ်ရှောင်တွေက စိတ်ဆင်းရဲတာပေါ့။ ငါတို့ပြန်ရင် ဘယ်မှာသွားနေကြမလဲပေါ့။ နဂိုကမှ အသက်လွတ်ရာ ထွက်ပြေးလာပါတယ်ဆိုမှ အခုအဲဒီကို ပြန်ခိုင်းနေတယ်ဆိုတော့ သူတို့ခက်ခဲနေကြတယ်။ ဒါကို အစိုးရကို မေတ္တာရပ်ခံပြီးတော့ အတင်းမပြန်ခိုင်းဖို့ပေါ့။ တချို့ပြန်ဖို့က သူတို့အရင်နေရာမှာ ငှားစရာနေရာလည်း မရှိသေးဘူး။ အလုပ်အကိုင်လည်း မရှိသေးဘူး။ မိုင်းတွေရှင်းလင်းတာလည်း မရှိသေးဘူး။ မိုင်းတွေကလည်း ရှိနေသေးတော့ သူတို့ပြန်ရင် ဘယ်မှာသွားနေရမလဲ မသိတာလည်းရှိတယ်။ ပုံစံ ၂၀ ယူလာပြီး ဒီမှာပဲ ဆက်နေချင်နေပေါ့။ ပုံစံ ၂၀ ယူလာပြီး ဒီမှာပဲရွှေ့နေချင် နေလို့ ပြောတာမျိုးလည်း ရှိတယ်။"
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူက ၉ သိန်း ၇ သောင်းကျော်အထိ ရှိထားတယ် လို့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူသားချင်းစာနာမှု အကူအညီအပေးရေးအဖွဲ့တွေ အကူအညီ ဝေပေးဖို့ ခက်ခဲတဲ့ ဒေသတွေမှာ တိမ်းရှောင်နေသူတွေလည်း အများအပြားရှိတဲ့အကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်တွေ ဒီလကုန် မဖြစ်မနေ ပြန်ဖို့ အမိန့်ထုတ်ထားတယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ပတ်သက်လို့ တစုံတရာပြောဆိုတာ မရှိသေးပါဘူး။
==================
[[Unicode]]