သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုမှာ တိုက်ပွဲတွေပြင်းထန် 


ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်အချို့။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)
ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်အချို့။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)

[[Zawgyi/Unicode]]

ကယားပြည်နယ်ထဲမှာ နိုဝင်ဘာလလယ်ကစပြီး စစ်အင်အားဖြည့်နေတဲ့ စစ်ကောင်စီတပ်တွေဟာ နေရာအနှံ့ တပ်ဖြန့်ချထားပြီး လက်နက်ကြီးတွေကို အားပြုသုံးစွဲလာတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ဒီးမော့ဆိုမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေတာမှာ ကရင်ကာကွယ်ရေးတပ်ဘက်က ပြောက်ကျားစစ်ပုံစံနဲ့ ခုခံတိုက်ခိုက်နေရတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ်၊ အထူးသဖြင့် ဒီးမော့ဆို မြို့နယ်တဝိုက်မှာ မြန်မာစစ်ကောင်စီတပ်နဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တို့ အခု နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီးမော့ဆိုမြို့နယ် စစ်တပ်နယ်မြေခံတပ်ရင်းထဲကနေ မော်တာအမြောက် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီး တခါတရံ လွိုင်ကော်ဘက်က တပ်ရင်းဘက်ကလည်း လှမ်းပြီးပစ်ခတ်ကြောင်း KNDF ဘက်ကပြောပါတယ်။ မြေပြင်မှာတော့ မြန်မာစစ်တပ်ရဲ့တပ်မ (၆၆) က အဓိကလှုပ်ရှားနေတယ်လို့ KNDF ရဲ့ ပြန်ကြားရေးဘက်က ဗွီအိုအေကို ပြောပါတယ်။

" ဒီးမော့ဆို အလယ်ဗဟိုလောက်ကျမယ်။ တိုက်ပွဲတော့ ပြင်းထန်နေတယ်လို့ ကျနော်တို့ပြောလို့ရတယ်။ မြေပြင်အခြေအနေမှာက အဲလိုပဲ ရှိနေသေးတယ်။ မနေ့ညကတော့ လက်နက်ကြီး ပိုသုံးတာပေါ့လေ၊ ဒီရက်တော့ သူတို့နည်းနည်း လျှော့သုံးတယ်လို့ ပြောလို့ရတယ်။ ၁၂၀ (မမ) ပါမယ်၊ ၁၈၁(မမ) ပါမယ်။"

ဒီးမော့ဆိုမြို့နယ်ရဲ့ မြောက်ပိုင်း သေးဆူလဲကျေးရွာထဲမှာလည်း မြန်မာစစ်တပ်ဘက်က လအတော်ကြာ တပ်စွဲထားပြီး စစ်ရေးဖော်ဆောင်နေကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒါကြောင့် ဒီနေ့မနက်ပိုင်းမှာ အဲဒီစစ်တပ်ရှိတဲ့နေရာကို စစ်ကြောင်းသုံးခုခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDF ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ သူ့ကိုသွားပစ်တာ။ အဲရွာထဲက နေအိမ်တအိမ်မှာ သူတို့အထိုင်ချထားတယ်။ သူတို့ခြေကုပ်ယူထားတာပေါ့နော်။ ရှေ့တန်းမျက်နှာစာလေး တနေရာလောက်မှာ ရွာထဲ နေအိမ်တနေရာမှာ ခြေကုပ်ယူပြီး သူတို့ ၂၀၊ ၃-၄၀ လောက်ယူထားတယ်။ ဒါပေမဲ့ သူတို့က တမိုင်ကိုတနေရာ ထားတာပေါ့နော်။ အဲဒီမှာ ကတုပ် ကျင်းတွေလုပ်ပြီး သူတို့စခန်းရဲ့ ကိုက် ၅၀၀ မှာ မြေမြှုပ်မိုင်းတွေ အများအပြား ထောင်ထားတယ်။ သူတို့နဲ့နီးကပ်တဲ့ ကိုက် ၁၀၀ မှာလည်း မိုင်းအများအပြား ထပ်ထောင်ထားတယ်။ ကျနော်တို့ အဓိက ကြုံတွေ့နေရတာက သူတို့ကို သွားထိတွေ့မယ်ဆို ကျနော်တို့ အရင်ဆုံး ဖြေရှင်းနေရတာက မိုင်းပေါ့နော်။"

ကယားပြည်နယ်အတွင်း အခုလို လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေများလာတာကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက သတိပေး ထုတ်ပြန်ထားပါတယ်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ PDF တပ်ဖွဲ့တွေကလည်း တိုက်ပွဲကြားမှာ ပြည်သူတွေ မထိခိုက်မနစ်နာအောင် စည်းမျဉ်းစည်ကမ်းတွေ ထုတ်ပြန်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ကယားပြည်နယ် ဒေသခံအခေါ် ကရင်နီပြည်နယ်တွင်း စစ်အာဏာသိမ်းဆန္ဒပြမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်းကတည်းက လက်နက်ကိုင် ခုခံမှုတွေပေါ်လာခဲ့တာပါ။ တနှစ်ကျော် နှစ်နှစ်နီးပါး တိုက်ပွဲတွေအတွင်း ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြေးနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]








XS
SM
MD
LG