သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီ-ကယားဒေသစစ်ဘေးဒုက္ခသည် ၃၀၀ ခန့် နာတာရှည်ရောဂါခံစားနေရ


  ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ။ (ဂျွန် ၁၊ ၂၀၂၂)  
  ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ။ (ဂျွန် ၁၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ကရင်နီပြည်နယ်အခေါ် ကယားပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့ကို စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေ ၇,၀၀၀ လောက် ရှိပြီး အဲ့ဒီအထဲမှာ ကင်ဆာ၊ ဆီးချို၊ သွေးတိုး စတဲ့ နာတာရှည် ရောဂါသည်တွေ ၃၀၀ နီးပါးလောက်ရှိတဲ့အကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေဟာ ခုချိန်ထိ ဆီဆိုင်မြို့နယ်မှာခိုလှုံနေကြပြီး စားရေးသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်ဖို့လည်း အခက်အခဲ ကြုံနေပါတယ်။ ကျန်းမာရေးစောင့်ရှောင်မှုအားနည်းတာမို့ အသက်ဆုံးပါးသွားသူ ၈ ယောက်လောက်ရှိတယ်လို့ ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မမြဇင်အောင်က တင်ပြထားပါတယ်။

စစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ၊ မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့ကိုစွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ပတ်ဝန်းကျင် မြို့နယ်နဲ့ ကျေးရွာတွေမှာ လနဲ့ချီ တိမ်းရှောင်နေကြရပါတယ်။

အဲ့ဒီထဲက နာတာရှည်ရောဂါသည်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ အပြည့်အဝ ကူညီမပေးနိုင်တဲ့အကြောင်း ဆီဆိုင်က စစ်ရှောင်ကူညီနေသူတဦးက ခုလို ပြောပါတယ်။

“နာတာရှည်ရောဂါတွေ ရှိတယ်၊ တချို့ကတော့ ကင်ဆာသမားတွေ။ ဆေးသွားကုရမယ့်ဟာတွေရှိတယ်။ တချို့ကတော့ သွေးတိုး ဆီးချိုသမား၊ ရေရှည်ကတော့ ဒီမှာဆေးဝါးကိစ္စနဲ့ ပတ်သက်တာ လုံလောက်မှုမရှိတဲ့အခါကျတော့ သူတို့အတွက် ပိုပြီးတော့ ခက်ခဲတာပေါ့။ ကျနော်တို့လည်း ဒီမှာ ဆေးဝါးကိစ္စလည်း လုံလုံလောက်လောက် မကူပေးနိုင်ဘူးပေါ့ဗျာ… အလှူရှင်လည်း မရှိတဲ့အခါကျတော့ ရှိတဲ့အခါလောက်ပဲ သွားကူးပေးရတာဆိုတော့ ဆေးဝါးနဲ့ပတ်သက်ရင်တော့ လုံလောက်မှုမရှိဘူးပေါ့ဗျ။ စားနပ်ရိက္ခာလည်း ဒီတိုင်းပါပဲဗျဟုတ်။ နာတာရှည်ရောဂါသည်တော့ ခန့်မှန်ခြေက ၃၀၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ် အသက်ကြီးရွယ်အိုလည်း များနေတာ။”

လက်ရှိမှာ အလှူရှင်တွေ မရှိသလောက် ရှားပါးလာပြီး စစ်ဘေးဒုက္ခသည်တွေဟာ စားရေးသောက်ရေးအပြင် ကျန်းမာရေးကိစ္စပါ အခက်အခဲ ကြုံတွေ့နေတာလို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ်မှာ စစ်ဘေးရှောင်လာတဲ့ လွိုင်ကော်မြို့နယ် နွားလပို့ကျေးရွာခံတဦးကတော့ သူ့အနေနဲ့ နာတာရှည်ရောဂါအခံ ဝေဒနာခံစားနေရပေမဲ့ ငွေရေးကြေးရေးအခက်အခဲကြောင့် ပုံမှန်ဆေးကုသမှု မခံယူရဘဲ နေထိုင်နေရတာလို့ ခုလို ပြောပါတယ်။

“ပန်းနာရင်ကျပ် ရှိတယ်။ နာတာရှည်ရောဂါက ပုံမှန်တော့ ဆေးမကုနိုင်ဘူး။ ကျမတို့က ဒီမှာ နီးစပ်ရာ ဆေးခန်းတွေမှာဆေးဝယ်သောက်တယ်လေ၊ ခဏဆေးဝယ်သောက်တဲ့အခါကျတော့ နည်းနည်းသက်သာလိုက်၊ တခါတလေ လွိုင်ကော်မှာသွားပြရတာလည်း နည်းနည်းအခက်အခဲဖြစ်တယ်။ ခုလောလောဆယ်တော့ ဒီနားမှာ ဒီရွာခံအသိတွေနားမှာ ပိုက်ဆံနည်းနည်းချေးပြီး ဆေးတွေဘာတွေကုတယ်။”

အလုပ်အကိုင်မရှိ ဝင်ငွေမရှိတဲ့အချိန်မှာ စားသောက်ဖို့ကို ဆေးကုသဖို့ထက် ပိုပြီး ဦးစားပေးရတယ်လို့ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာခံတဦးကလည်း ပြောပါတယ်။

“ ကျမကအစပေါ့နော်- ခံစားနေရတာပဲ။ သွေးတိုးကနေ လေးဖက်နာဖြစ်သွားတာလေ။ ကျန်းမာရေးအတွက်က ဘယ်လိုပြောရမလဲ၊ ဆေးမဝယ်သောက်နိုင်တဲ့ဟာတွေတော့ ရှိတာပေါ့နော်။ စားဖို့အတွက် အရေးကြီးတယ်လေ။ အဲ့ဒါပဲ အရင်ဦးစားပေး၊ ကျန်းမာရေးကတော့ နိုင်သလောက် ဒီတိုင်းပဲ ခံသွားရတာပေါ့။ တောထဲမှာ ရောက်သွားတဲ့လူတွေကတော့ ဆေး ဘယ်လိုပုံမှန်ဘစားတာတွေတော့ ဘယ်ရှိတော့မလဲ။ ဆေးခန်းပြဖို့ကလည်းနေနေသာသာပဲပေါ့။''

စစ်ပွဲဒဏ်ကို ရှောင်လွှားရင်း ကျန်းမာရေးအတွက် ဆေးကုသဖို့က အဓိက ပြဿနာ ဖြစ်လာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ ဆေးမကုသနိုင်လို့ အသက်ဆုံးရှုံးရတဲ့သူ အနည်းဆုံး ၈ယောက်ရှိနေပြီးလို့ ဆီဆိုင်က စစ်ရှောင်ကူညီနေသူက ခုလို ဆက်ပြောပါတယ်။

“ကင်ဆာသမားဆို ၂ ယောက်ဖြစ်သွားပြီ။ အစာအိမ်သမားဆိုလည်း ၂ ယောက်လောက်ရှိသွားပြီ။ ဆီးချိုသမားလည်း ၂ ယောက်ရှိသွားပြီ။ ဟို ၂ ယောက်က လေဖြတ်တာလေ၊ ဟို…၈ယောက် တယောက်က မသန်စွမ်း၊ ၈ ယောက်လောက်ရှိသွားပြီဗျ၊ ဆုံးသွားတာပေါ့။ အခြေအနေတော့ တော်တော်ဆိုးသွားနိုင်တယ်။ ဘာဖြစ်လဲ အထူးသဖြင့် နာတာရှည်ရောဂါလည်း တော်တော်များ အသက်ကြီးရွယ်အိုဆိုတော့ ရှိကြတယ်လေ။ ရောဂါတွေ ရှိကြတဲ့အခါကျတော့ ရေရှည်ကျတော့ အဲ့ဒါတွေက ကျန်းမာရေးအရ စိန်ခေါ်မှုအကြီးအမားဖြစ်နိုင်တယ်။”

ဆီဆိုင်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေထဲမှာ နာတာရှည် ရောဂါခံစားနေရသူတွေ ရှိသလို အတော်များများ ရာသီတုပ်ကွေးရောဂါ ခံစားနေရတဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းပဲ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက VOA ကို ပြောဆိုထားပါတယ်။ အိုးအိမ်စွန့်ခွာ ဘေးထွတ်ရာကို ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း အမိုးအကာတွေနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာတွေ လိုအပ်နေတာကို အကူအညီပေးနေသူတွေက မကြာခန ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]














XS
SM
MD
LG