သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဘက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေ


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (Crd: MIMU)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (Crd: MIMU)

[[Zawgyi/Unicode]]

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က တချို့နေရာတွေမှာ လက်နက်ကြီးပစ်ခတ်သံတွေ မကြာမကြာ ကြားနေရတယ်လို့ ရွာခံတွေက ပြောကြပါတယ်။ နှစ်ဘက်အပြန်အလှန် တိုက်ပွဲတွေမရှိပေမဲ့ စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်း ပေးပို့တဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း KNU အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီကြား စစ်ရေးတင်းမာနေပေမဲ့ အပြန်အလှန်တိုက်ပွဲတွေကတော့ အခုရက်ပိုင်း ငြိမ်သက်နေပါတယ်။ ဒီအချိန်မှာပဲ စစ်ကောင်စီဘက်က ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်းကျေးရွာအုပ်စုက ငြိမ်းချမ်းမြိုင်ရွာဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကတော့ သေနတ်သံ ၃-၄ ချက်ကြားတယ်။ လက်နက်ကြီးသံပေါ့-ဟုတ်။ ညနေပိုင်း ၄ နာရီ၊ ၃ နာရီလေ အဲ့လောက် ငြိမ်းချမ်းမြိုင်ဘက်ကပေါ့။ စစ်ရေးက လက်ရှိ ကျနော်တို့ ဟို…လွန်ခဲ့တဲ့အခေါက်တုန်းကတောင်မှ ဒီ KNU ဘက်က အသင့်အနေအထားမှာရှိနေတာ အခု မတွေ့ဘူး။ ကျနော်တို့ ရွာထဲမှာတွေ မရှိဘူး၊ ဟိုတုန်းကကျတော့ မြောင်းတွေမှာ သူတို့အသင့်အနေအထားတွေ ရှိတယ်။ အခုတော့ မတွေ့ဘူး။ ဘာမှလည်းမရှိဘဲနဲ့။ အေးပေါ့ အသံကြားတာပေါ့ သေနတ်သံ။ ကျနော်တို့ ခန့်မှန်းတာကတော့ အဲ့ဒီ အဘစ်ကနေပြီးတော့ လာပစ်တယ်ပေ့ါ၊ အဘစ်ကနေပစ်တာတော့ မဟုတ်ဘူးပေါ့နော်။ အဘစ်ကနေလာပြီးတော့ လမ်းရှင်းထားအနေအထားမျိုးမှာရှိတာပေါ့။ အရင်တခေါက်ကဆိုလို့ရှိရင်လည်း သူတို့ အရင်ပစ်၊ ပစ်ပြီးမှ သူတို့ဝင်လာတယ်လေ။”

ဒီဇင်ဘာ ၂၆ ရက် မနေ့က ပုလိန်ရွာ၊ ငြိမ်းချမ်းမြိုင်ရွာဘက်ကို စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတဲ့အကြောင်း အနီးအနားရွာခံတွေက VOA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ၂၇ ရက်နေ့တုန်းက စစ်ကောင်စီတပ်တွေဟာ မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်စပ်ဖြစ်တဲ့ အဘစ်-ခလယ်တံခွန်တိုင်လမ်းကနေ အင်အားအတော်များများနဲ့ စစ်ကြောင်းဆင်းလာပါတယ်။ မုဒုံမြို့နယ် အဘစ်ရွာမှာအခြေစိုက်တဲ့ (၃၁၈) အမြောက်တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ လမ်းရှင်းပစ်ခတ်ပြီး စစ်ကြောင်းတက်လာတာလို့ ရွာခံတွေက VOA ကို ပြောဆိုထားပါတယ်။

နောက်ထပ် ဒေသခံတဦးကတော့ ချောင်းနှစ်ခွ၊ သံပုရာရွာတွေဘက်မှာလည်း ညစဉ်လိုလို အသံကြားနေရတယ်လို့ ပြောပါတယ်။

“ကြားရတယ်၊ ချောင်းနှစ်ခွဘက်တု့ိ၊ သံပုရာတို့၊ ကြာအင်းဆိပ်ကြီးဘက်ခြမ်းမှာတော့ ညတိုင်းလိုလိုတော့ အသံကြားရတယ်။ လက်နက်ကြီးသံပေါ့။ လက်နက်ငယ်ဆို သိပ်မကြားဘူး၊ ဝေးတယ်ဆိုတော့လေ။”

အခုနောက်ပိုင်း ကြာအင်းဆိပ်ကြီးမြို့တဝိုက်မှာ တိုက်ပွဲတွေကြီးကြီးမားမားမရှိပေမဲ့ ရဲစခန်း၊ ထွေအုပ်ရုံး စတဲ့ စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရတဲ့အခါ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ခံတဦးက ပြောပါတယ်။

လက်နက်ကြီးသံကြားရတိုင်း ဒေသခံတွေဟာ အရင်လို နယ်ဝေးဆီ မရှောင်ကြတော့ဘဲ ဗုံးခိုကျင်ထဲမှာ ခိုလှုံကြတယ်လို့ ပြောပါတယ်။

“သူတို့အပြင်က ဒုံးနဲ့လာပစ်တယ်၊ သူတို့ ပြန်ပစ်တယ် အဲ့ဒါပဲ။ အပစ်အခတ်သံက သူက တပ်ထဲက ပစ်ထုတ်တာပေါ့။ သူကတော့ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့ ဘာတို့ ဒုံးနဲ့လာပစ်နေတယ်ပေါ့ ခဏခဏပဲ။ ဘယ်လိုပြောမလဲဆို အပြင်က ဒုံးနဲ့လာပစ် တယ်လေ။ ပစ်တော့ အဲ့ဒါ တပ်ထဲက ပြန်ပစ်ထုတ်တယ်ပေါ့။ (ဒေသခံ)ရှောင်တော့မရှောင်ပါဘူး။ ပစ်တဲ့တချက်ပဲ ကျင်းပုံးထဲ ဝင်ကြတာပေါ့။”

ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း အခုလို လက်နက်ကြီးပစ်ခတ်သံတွေ မကြာမကြာ ကြားနေရတာကြောင့် ဒေသခံတွေ သတိနဲ့ သွားလာနေထိုင်နေရတဲ့အကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။ လတ်တတော့ လက်နက်ကြီး ပစ်ခတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]














XS
SM
MD
LG